မိမိ ကွယ်လွန်မည့်နေ့ကို ကြိုသိနေခဲ့တဲ့ ကုန်းဘောင်ခေတ် ပညာရှိကြီး (တခေတ်မှာ တဉီးသာ ပေါ်ခဲ့သူ)
ကုန်းဘောင်ခေတ် ရတနာပုံ မန္တလေးနေပြည်တော်၌ မင်းတုန်းမင်းကြီးနှင့် သီပေါမင်းတို့ထံ၌ အမှုတော်ထမ်းရွက်ခဲ့ပြီး မိမိကိုယ်မိမိ နောက်နှစ်လကြာပါက သေရတော့မည်ဟု ကြိုတင်သိနေခဲ့သော ပုဂ္ဂိုလ်ကြီးမှာ မြန်မာပညာရှိ ယောအတွင်းဝန် ဦးဘိုးလိူင် ဖြစ်ပါသည် ။
ယောအတွင်းဝန် ယောမင်းကြီးဦးဘိုးလိူင်သည် သက်တော်ကြီးမား၍ ရင့်ရော်အိုမင်းလာသောအခါ ဝိပဿနာစီးဖြန်းနည်းကို ဖော်ပြသော မဟာသတိပဌာနသုတ္တန် ဒေသနာတော်ကြီးကို သူကိုယ်တိုင် အလွယ်ပင်ကျက်ထားခဲ့၏ ။ ထိုမျှမက အများသူငါတို့ လွယ်လင့်တကူ မှတ်သားဖတ်ရှု့ နည်းအတုယူရလေအောင်လည်း စာအုပ်ရေး၏ ။
ကိုယ်တိုင်ကျင့်သုံး အားထုတ်ရုံမျှမက မိမိနားလည်သဘောပေါက်သကဲ့သို့ အများနားလည်သဘောပေါက်စေရန် ဟောပြောခြင်းကိုလည်း ပြု၏ ။ ဤသို့ မဟာသတိပဋ္ဌာန် ဒေသနာတော်ကြီးအတိုင်း ယောမင်းကြီး ဦးဘိုးလိူင်သည် စနစ်တကျ လေ့လာပြီး အားထုတ်ခဲ့သည်ဖြစ်၍ ( ဝိပဿနာ၏ အကျိုးကျေးဇူးကြောင့် ) မိမိသေရမည့် နေ့ကို ကြို၍သိနေခဲ့သည် ။
ထိုအချိန်ဝယ် ယောမင်းကြီးသည် အသက် ( ၇၈ ) နှစ်ရှိနေပေပြီ ။ သည်သို့ ကြိုသိနေသည့်အတွက် ဘာလုပ်သည် ထင်ပါသနည်း ။ ပျာယာမခတ် စိတ်မလှုပ်ရှား ပကတိတည်ငြိမ်အေးချမ်းစွာဖြင့်ပင် စစ်ကိုင်းသို့ ရောက်နေသော ဦးတူ ဆိုသူကို လှမ်းခေါ်လိုက်သည် ။ ဦးတူမှာ ယောမင်းကြီးဦးဘိုးလိူင် နှင့်ကျောင်းနေဖက်ဖြစ်၏ ။
ဘုန်းကြီးကျောင်းနေစဥ်ကပင် စာသင်ဖော် စာသင်ဖက် ဖြစ်ပေသည် ။ ဦးတူ ရောက်လာသောအခါ သူငယ်ချင်းမောင်တူရေ မင်းနဲ့ငါ ကလေးဘဝ ဘုန်းကြီးကျောင်းသားတုန်းကလို လမ်းကလေးလျှောက်ပြီး အေးအေးဆေးဆေး စကားစမြည်ပြောလို့ လာနေလှည့်ပါ ။ ငါ့ကို ထမင်းဟင်း ချက်တတ်သလို ချက်ပြီးတော့ ကျွေးလှည့်ပါကွယ် ။
ယောမင်းကြီးဦးဘိုးလိူင်ကား ထင်ရှားကျော်ကြားသူ ဂုဏ်ဒြပ်ထည်ဝါသူ ဖြစ်ရလေကား အခြွေအရံတွေ အသိုက်အမြုံတွေ များစွာရှိ၏ ။ သို့ပါသော်လည်း သေဖို့ရာ နီးလာခဲ့ပြီမို့ အဆိုပါ သံယောဇဉ်တို့အား ဖြတ်လို၍ ၄င်းမိသားစု မည်သူ မည်ဝါမျှ မိမိထံ မလာစေခဲ့ ။ သီးသန့်အိမ်ကလေး တလုံး၌ ငယ်သူငယ်ချင်း နှစ်ယောက်အတူနေကြသည် ။
ဦးတူမှာ ယောကျ်ားသား ဖြစ်သည့်အတွက် ထမင်းဟင်းချက်ပြုတ်ပုံမှာ အသားမကျပေ ။ ငန်သည့်အခါငန် ၊ တူးသည့်အခါတူး ၊ ချဉ်သည့်အခါချဉ်၊ စပ်သည့်အခါစပ်နှင့် ။ သို့သော်ငြား ဦးဘိုးလိူင်သည် ဂျီအိပတ္တမများ ။ အောင့်အည်းသည်းခံကာ စားစမြဲပင် ။ ညနေဘက်ရောက်လျှင် သူငယ်ချင်းနှစ်ယောက် လမ်းအတူလျှောက်ရင်း စကားတွေ ပြောကြ၏ ။
တရားအတူ ရှု့မှတ်ကြ၏ ။ ဘုရားအတူရှိခိုးကြ၏ ။ ည ၁၀ နာရီ အိပ်ယာဝင်ပြီ ဆိုပါက ဦးတူက မဟာသတိပဋ္ဌာနသုတ်တော်ကြီးကို ရွပ်ဖတ်ပူဇော်၍ ဦးဘိုးလိူင် အားသိပ်သည်ဟူ၏ ။ ထိုသို့သူငယ်ချင်းနှစ်ယောက် နေလာလိုက်ကြသည်မှာ နှစ်လတင်းတင်းပြည့်၍ သေရမည့်နေ့သို့ ကျရောက်ခဲ့ပေပြီ ။
ည ၁၀ နာရီခန့်ရောက်သောအခါ ဦးဘိုးလိူင်က သူငယ်ချင်း မောင်တူရေ မင်းမှာအပြစ်ရှိရင်လည်း ခွင့်လွှတ်ပါတယ် ငါ့မှာအပြစ်ရှိရင်လည်း ခွင့်လွှတ်ပါကွယ် ဟူ၍ ခွင့်လွှတ်စကား တောင်းပန်စကားတို့ကို ဆို၏ ။ တဖန် ကဲ ငါ့ကို ခါတိုင်းညတွေလိုပဲ မဟာသတိပဋ္ဌာန သုတ်တော်ကြီးကို ရွတ်ဖတ်ပြီး သိပ်ပေတော့ကွယ် ဟုဆိုလေ၏ ။
ဦးတူ မှ မဟာသတိပဋ္ဌာန သုတ်တော်ကြီးကို ရွတ်ဖတ် သရဇ္စျာယ်နေချိန်ဝယ် ဦးဘိုးလိူင်သည် ခုတင်ပေါ်၌ ပက်လက်ကလေးလှန် ၊ လက်အုပ်လေးချီပြီး တရားတော်ကို နာယူနေခဲ့၏ ။ မဟာသတိပဋ္ဌာန သုတ်တော်ကြီးကို ရွတ်ဖတ်ပြီးချိန်ဝယ် ဦးဘိုးလိူင် အိပ်ပျော်သွားသကဲ့သို့ ဦးတူလည်း အိပ်ပျော်သွားတော့၏ ။
မနက်အာရုဏ်တက် လေးနာရီထိုးသည့်အခါ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ ကြား၍ ဦးတူနိုးလာသည် ။ ထိုအခါ ဦးဘိုးလိူင်အား ဘုရားရှိခိုး ပုတီးစိပ်ရန် နိူးလိုက်သည် ။ သို့သော်ငြား ဦးဘိုးလိူင်ကား သက်ဝင်လူပ်ရှားမလာတော့ ။ ခုတင်ပေါ်၌ လက်အုပ်ကလေးချီလျက် ကွယ်လွန်ရှာခဲ့ပေပြီ။
ဦးဘိုးလိူင်ကား တရားအသိဖြင့် တရားနာ တရားရှု့မှတ်ရင်း ကွယ်လွန်ခဲ့သော သူတော်ကောင်းပုဂ္ဂိုလ်ကြီးပင် ဖြစ်ပေတော့သည်။
သိသင့် သိစရာ သမိုင်းဝင် ဖြစ်ရပ်များစွာ
နန္ဒာမိုးကြယ်