ထိုင်းထီ၊ စင်ကာပူထီ အပါအဝင် ဘယ်နိုင်ငံထီမှ မြန်မာပြည်ထဲ ရောင်းမရပါ၊ အဖမ်းခံရနိုင်ပါတယ်

ထိုင်းထီ၊ စင်ကာပူထီ အပါအဝင် ဘယ်နိုင်ငံထီမှ မြန်မာပြည်ထဲ ရောင်းမရပါ၊ အဖမ်းခံရနိုင်ပါတယ်

မြန်မာနိုင်ငံအတွင်းတွင် ထိုင်းထီနှင့် စင်္ကာပူထီများကို ရောင်းချကြသည်ကို လူမှုကွန်ယက်ပေါ်တွင် မကြာခဏတွေ့လာရပါသည်။ နိုင်ငံခြားထီများကို ကံစမ်းကစားခြင်းသည် ဥပဒေကို ဖောက်ဖျက်ကျူးလွန်မိနေသည်ကို သတိပြုမိစေရန် တင်ပြပေးခြင်းဖြစ်ပါတယ်။

ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီထိုးခြင်း၏ သဘောသဘာဝသည် အဆိုပါနိုင်ငံထုတ် ထီလက်မှတ်များကို ဝယ်ယူပြီး ထီပေါက် မပေါက် ကံစမ်းကစားခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အောင်ဘာလေ ထီနှင့်အလားတူပင်ဖြစ်သည်။ ထီပေါက်လျှင် ငွေကြေးအမြောက်အများ ရရှိမည်ဖြစ်ပြီး၊ ထီမပေါက်လျှင် ထီလက်မှတ်ဝယ်ယူခဲ့သည့် ငွေကြေးဆုံးရှုံးမှာ ဖြစ်ပါတယ်။

လောင်းကစားဥပဒေ ပုဒ်မ ၂(က) အရ လောင်းကစားခြင်းဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆိုသည်ဟု ပြဌာန်းထားသည်။ ထို့ကြောင့် ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီထိုးခြင်းသည် ကံစမ်းကစားခြင်းဖြစ်သဖြင့် လောင်းကစားဥပဒေ ပုဒ်မ ၂(က) တွင် ပြဌာန်းထားသည့် လောင်းကစားခြင်း အဓိပ္ပါယ်အတွင်း အကျုံးဝင်ပြီး ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပါတယ်။

ထီဆိုသည်ကို လောင်းကစားဥပဒေ ပုဒ်မ-၂(ည) အရ ထီဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အောင်ဘာလေထီကိုဆိုသည်ဟု ပြဌာန်းထားသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာက ရောင်းချသည့် အောင်ဘာလေထီများသည်သာ တရားဝင် ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့်ရှိပါသည်။ အခြားနိုင်ငံမှ ထီလက်မှတ်များကို မြန်မာနိုင်ငံအတွင်း ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့် မရှိပါ။

ထိုင်းထီ၊ စင်္ကာပူထီ ရောင်းချသူသည် ပုဒ်မ ၁၁(က) အရ ထီ (သို့မဟုတ်)ထီကဲ့သို့သော အခြားကံစမ်း ကစားနည်းတစ်ခုခုကို စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း ဆိုသည့် တားမြစ်ချက်များကို ကျူးလွန်ရာရောက်ပါသည်။ ထိုသို့ဖောက်ဖျက်ကျူးလွန်လျှင် လောင်ကစားစားဥပဒေပုဒ်မ ၁၈(က)အရ အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် (၁) သိန်းမှ အများဆုံး ကျပ် (၅) သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမှာ ဖြစ်ပါတယ်။

လောင်းကစားဥပဒေ ပုဒ်မ-၁၂ အရ မည်သူမျှ ပုဒ်မ-၁၁ ပါ ကစားနည်းတစ်မျိုးမျိုးတွင် ပါဝင် လောင်းကစားခြင်း မပြုရဟု တားမြစ်ထားပါသည်။ ထိုသို့လောင်းကစားနည်းတစ်ခုခုကို ပါဝင်ကစားလျှင် လောင်းကစားဥပဒေ ပုဒ်မ ၁၉(က)အရ အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ် နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမှာ ဖြစ်ပါတယ်။

ထို့ကြောင့် လောင်းကစားဥပဒေပါ ပြဌာန်းချက်များအရ ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီများကို မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ဝယ်ယူထီထိုးခြင်း ပြုလုပ်ခွင့်မရှိပါကြောင်းနှင့် ပြလုပ်ပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်ပါကြောင်း ဗဟုသုတရရှိစေရန် ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။။

ဖော်ပြထားတဲ့ ဥပဒေထဲက အတိုင်းဆိုရင်တော့ ထီပုံစံမျိုးကို ဒိုင်ကိုင်တာ၊ အေးဂျင့်လုပ်တာတွေဟာ ဥပ‌ဒေနဲ့ ငြိစွန်းနေကြပါတယ်။ ထိုးသားများလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆို အခုလည်း ရောင်းနေ ထိုးနေကြတာပဲ ဘာဖြစ်လို့ ဘာမှ မဖြစ်တာလဲလို့ မေးခွန်းထုတ်စရာ ရှိပါလိမ့်မယ်။

အားလုံး သိတဲ့အတိုင်း မြန်မာပြည်ရဲ့ ဥပ‌ဒေ အတော်များများဟာ စာရွက်ပေါ်မှာတင်ပဲ ရှိနေကြတာပါ။ ဒါပေမယ့် ဥပဒေ ပြဌာန်းထားတဲ့အတွက် တိုင်ရင်တော့ ရဲက အရေးယူပြီး တရားသူကြီးက ပြစ်ဒဏ်ပေးပြီး ထောင်ချရမှာပါပဲ။ အဲဒါကြောင့် ထိုင်းထီရောင်းသူနဲ့ ထိုးသူများ လူမြင်ကပ်အောင် မလုပ်ကြပါနဲ့လို့ အသိပေးလိုက်ချင်ပါတယ်။

ယခုစာသည် မည်သူ၏ စီးပွားရေးကိုမှ တိုက်ခိုက်လိုခြင်း မရှိဘဲ။ စေတနာနဲ့ အသိပေးသော စာသာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page