အိမ်အကူ မရှိမဖြစ် ခေါ်ထားရသူများအတွက် တစ်နှစ်ကျော်မှ သရုပ်မှန်တွေ ပေါ်လာတာတဲ့
“အိမ်အကူ”
ကျမ ဒီပို့စ်ကို ကျမလို အိမ်အကူ မရှိမဖြစ် ခေါ်ထားရသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် …။
အိမ်မှာ ကျမနဲ့ အသက် ၇၀ကျော် လေဖြတ်နေတဲ့ အမေ ၂ယောက်ပဲ ရှိပါတယ် …။ ကျမက (-)ရုံးက ဦးစီးမှူးတစ်ယောက်ပါ…။
အစကတော့ ကျမမောင်လေး မိသားစုက ကျမရုံးသွားချိန် အလှည့်ကျ လာနေပေးကြပါတယ်…။ ဖြစ်ချင်တော့ သူတို့က တာဝန်နဲ့ နယ်ကိုပြောင်းသွားတော့…
ကျမ ရုံးကခွင့်ရက်ရှည်ယူရတယ်…။
အဲဒီအချိန်မှာ လက်ပံတန်း နယ်ဘက်က ကျမ ညီမတစ်ယောက်က အသက် ၁၅ နှစ်လောက် ကောင်မလေးတစ်ယောက် ခေါ်လာတယ်… သာရဝေါနယ်ကတဲ့ …။
မိဘတွေက ကျဘမ်းလုပ်တယ်…။ လစာကိုတော့ ကျမညီမကတဆင့် ပေးပါတဲ့…။ အဆက်အသွယ် လုံးဝမလုပ်ပါဘူးတဲ့…။
အသားမဲမဲ…မျက်လုံးပြူးပြူးနဲ့ ကလေးမလေးက ခပ်သွက်သွက်လေးပါပဲ…။ ရောက်တာနဲ့ မေမေ့လက်ကလေးကို တရင်းတနှီးနဲ့ ပြေးကိုင်… မေမေ့ကုတင်ဘေးက စာပွဲပေါ်က အမှိုက်တွေသိမ်း …။ မေမေ့ကို ဂရုစိုက်တန်ကောင်းပါရဲ့ …တွေးပြီး…သဘောကျခဲ့တယ်…။
ကျမရုံးကပြန်လာရင်လည်း သူက မေမေ့ကို ပြုစု ဂရုစိုက် အိမ်မှာ သန့်ရှင်းရေးတွေလုပ်ထားတယ် …။ မေမေ့နားမှာ ပြုစုရင်း ပျင်းမှာဆိုးလို့ TV အပေါ်စက်အောက်စက်ကို မေမေ့အခန်းထဲမှာ ထားပေးတယ်။ …
အစပိုင်းတော့ တော်တော်အဆင်ပြေပါတယ်…။ ကျမတိုက်ခန်းက ၃ ထပ်အမြင့်ဆိုတော့… သူက အဝယ်တော်ပေါ့…။ တိုလီမိုလီလေးကအစ သူပဲ တက်လိုက်ဆင်းလိုက်နဲ့… ကျမနေထိုင်ရာ ပတ်ဝန်းကျင်မှာ တော်တော် သွားတတ်နေပြီပေါ့ …။
ဒီလိုအဆင်ပြေပြေနဲ့ တစ်နှစ်ကျော်လာပြီးမှ သူ့ရဲ့ဟန်ဆောင်မှုတွေ သိရဖို့ ပေါ်လာတယ်…။
အစရက်တွေကို ကျမ သတိမထားခဲ့မိဘူး…။ ကျမကလည်းရုံးကပြန်ရောက်တာနဲ့ မေမေ့ကို အရင်ဝင်ပြီးတွေ့တယ်…။ သူက မေမေ့နားမှာ ခြေဆုပ်လက်နယ် အမြဲရှိနေတယ်…။
မေမေမျက်နှာမကောင်းဘူး၊ နေကောင်းလားမေးတော့ ခေါင်းငြိမ့်ပြပြီး သူ့ကိုကြည့်နေတယ်…။
မေမေက လေဖြတ်ထားတော့ စကားမပြောနိုင်ဘူး …။ ခြေ ၂ ဖက်စလုံး မလှုပ်နိုင်ဘူး…။ လက်တစ်ဖက်ကတော့ မြှောက်နိုင်တယ်…။
သူကတော့ မေမေ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပုံမှန်အတိုင်း စ နောက် နေတာပါပဲ…။ အဲဒီတော့ ကျမလည်း မရိပ်မိခဲ့ဘူး။…
တစ်ရက်မှာတော့ အခန်းထဲမှာ ကျမနဲ့မေမေ ၂ယောက်ထဲရှိနေတုန်း… မေမေက အခန်းပေါက်ဝကိုကြည့်လိုက် လက်ကိုထောင်ပြလိုက်နဲ့ ဝူးဝါးဝူးဝါးနဲ့ စကားတွေပြောနေတယ်…။
မေမေ ဘာပြောချင်တာလဲ ကျမက မေးနေတုန်း… သူက အခန်းထဲဝင်လာတော့ မေမေက သူ့ကို လက်နဲ့ထိုးထိုးပြပြီး ဘာတွေမှန်းမသိ အော်ဟစ်ပြောနေတော့တာပါပဲ…။
သူက မေမေ့ကို ပြေးဖက်ပြီး မေမေကြီး ဘာလဲ ဘာလဲနဲ့ မေးတာကို မေမေက သူ့ကို လက်နဲ့အတင်းတွန်းထုတ်တာတွေ့ရတယ်…။
သူ့ကို ကျမ အဲဒီကစ မသင်္ကာဖြစ်လာခဲ့တယ်…။ ကျမ မိတ်ဆွေတွေနဲ့တိုင်ပင်ပြီး ကျမရုံးပိတ်တစ်ရက်မှာ …သူ့ကို ဆွေမျိုးတွေနဲ့ တစ်နေကုန် ဘုရားဖူး လွှတ်လိုက်ပြီး… တစ်အိမ်လုံးကို CCTV တပ်လိုက်တယ်…။
သူတို့လည်း မသင်္ကာတဲ့ပုံစံမဟုတ်ပဲ ပုံမှန်နေခဲ့တယ် …။
တစ်နေ့မှာတော့ CCTV က အခြေနေကို ကြည့်ပြီး ကျမ အရမ်းလန့်သွားတယ် …။ ကြောက်ဖို့ကောင်းလိုက်တာ…။
သူက မေမေ့အခန်းထဲမှာရှိတာထက် အိမ်ပြင်ကို ကျမ ဘာမှ ခိုင်းမထားပဲထွက်သွားတယ် …။ (သူ့ကိုလည်း ယုံကြည်သွားတော့… အရေးအကြောင်းဆို လူမမာမေမေနဲ့ ထွက်ပေါက်မရှိမှာစိုးလို့ အိမ်သော့တစ်ချောင်းကို ဧည့်ခန်းထဲမှာ ချိတ်ထားခဲ့တယ်)
ကျမ မရှိရင် အပြင်လုံးဝမထွက်ရဘူးလို့ မှာထားပြီးသား…။
ခုတော့ သူက မေမေတစ်ယောက်ထဲထားခဲ့ပြီး အပြင်ထွက်သွားတယ်…။ ပြန်လာတော့ ဆံပင်နီကြောင်ကြောင် နဲ့ မည်းမည်းပိန်ပိန် အသက် ၃၀ ရွယ် လူတစ်ယောက်ကိုခေါ်လာတယ်…။
နောက်ပြီး ထမင်းစားခန်းထဲမှာ နှစ်ယောက်သား ထမင်းတွေစားကြတယ်…။ အဲဒီကောင်က ရေခဲသေတ္တာထဲက ရေဘူးကိုလည်း သူ့အိမ်အတိုင်း ဖွင့်သောက်နေတာ…။
ဒီထက်ဆိုးတာကတော့ သူတို့နှစ်ယောက် ထမင်းစားခန်းထဲမှာ… မဖွယ်မရာတွေ လုပ်နေကြတော့တာပါပဲ…။
ဒီထက်ပိုဆိုးသွားတာကတော့ မေမေ့အိပ်ခန်းထဲကို ၂ ယောက်စလုံး ဝင်သွားကြတော့တာပါပဲ…။ အဲဒီကောင် ဝင်လာတာကို မေမေရယ် ဝူးဝါးဝူးဝါးနဲ့ အော်လိုက်တာ…။ သနားလိုက်တာမေမေရယ်…။
အဲဒီကောင်က တန်းပေါ်က ပုဝါကိုယူပြီး မေမေ့မျက်လုံးကို စည်းတော့… မေမေ အတင်းရုန်းကန်နေရှာတာ ။ မေမေ ကြောက်လို့ငြိမ်သွားတော့ မေမေ့စားပွဲပေါ်က အိုဗာတင်း တွေဖျော် မုန့်တွေယူစား TV ဖွင့်ကြည့်ကြပြီး မေမေ့နားမှာပဲ မဖွယ်မရာပွတ်သပ်လုပ်နေကြတာ…။
ကျမလေ… အရမ်းအံ့သြပြီး အိမ်အကူကို အရမ်း စက်ဆုပ် ရွံရှာလိုက်တာ…။ အဲဒီနေ့ ကျမရုံးက တပည့်ညီမနှစ်ယောက်က ကျမအိမ်လိုက်လာပြီး ကျမကို အမှားဖြစ်မှာဆိုးလို့ထိန်းပေးတယ်…။
ဘာမှမပြောပါနဲ့ မသိယောင်ဆောင်နေပါဆိုလို့ ကျမ တော်တော် သည်းခံထားခဲ့ရပါတယ်…။ သူကတော့ အပြုံးမပျက် မေမေ့နားက တဖဝါးမခွာ အရမ်းကို ဂရုစိုက်ပုံ…။
မေမေကတော့ အနီးကပ် သူ့ကို အရမ်းကြောက်ပြီး… သူပြုသမျှ ခံနေရတဲ့ ကျမရဲ့ မေမေ …သနားစရာကောင်းလိုက်တာ …။ CCTV သာမကယ်ရင် ကျမ မေမေ ဘယ်အထိများ ခံစားနေရရှာမလဲ…။
လက်ပံတန်းက ညီမရောက်လာတော့မှ သူ့ကို CCTV ဖွင့်ပြလိုက်တယ်…။ သူ အရမ်းလန့်သွားတယ် …။
ရဲစခန်းကိုလဲ မတိုင်ခဲ့ပါဘူး…။ အကျယ်အကျယ်တွေလဲမဖြစ်ချင်ဘူး…။
ခုတော့ သူ့မြို့ကို ပြန်ပို့လိုက်ပြီ… အိမ်အကူတွေ နှိပ်စက်ခံရတာကိုပဲ မမြင်ကြပါနဲ့ …။ အိမ်အကူတွေ နှိပ်စက်တာ ခံနေရတဲ့ ကျမတို့လို အိမ်ရှင်တွေလဲ ရှိပါတယ်…။ သက်ကြီးရွယ်အိုမိဘများကို အိမ်အကူနဲ့ စိတ်ချလက်ချ မထားကြပါနဲ့ …။
Kyu Kyu