သဒ္ဓါသာရှိပြီး ပညာကင်းမဲ့ခြင်း၏ နောက်ဆက်တွဲ
သဒ္ဓါသာရှိပြီး ပညာကင်းမဲ့ခြင်း၏ နောက်ဆက်တွဲ..
ကမ်းနဲ့ရေလည်ဘုရားနဲ့က တမိုင်ပတ်လည်လောက်ဝေးသတဲ့၊ (ပြောကြတာနော်)။ ဖြတ်သွားရတာက ရေတွေ။ ရေကမှ ရေအငြိမ်မဟုတ်၊ လပြည့်ကျော်သုံးရက်မှာ တက်တဲ့ရေ တဲ့။ တဖက်မှာက ပင်လယ်။ ဒါကိုတောင်မှ ကလေးတွေပါခေါ်ပြီး ဒီရေကြားဖြတ်သတဲ့။
ဟော.. သေတဲ့သူသေ၊ နစ်တဲ့သူနစ်၊ ပျောက်တဲ့သူပျောက် ဆိုပါလား။ ဘုရားကယ် မကယ်တော့မသိပေမယ့် မသာပေါ်တာလက်တွေ့။ ‘ချစ်သားတို့၊ ရေတက်တက်ရေကျကျ ငါဘုရားကိုဖူးလှည့်ကြ’ လို့ဘယ်ကျမ်းဂန်မှာမှ ဗုဒ္ဓမဟောဖူးခဲ့။ ‘အကြင် တရားကိုမမြင်သူသည် ငါ့ကိုမမြင်’ ဆိုတဲ့ဟောကွက်တော့ အထင်အရှားရှိလေရဲ့။
မိဘတွေ ကိုယ့်ဖာသာနေမပျော်ကြရင်လည်း ပင်လယ်ထဲအလွတ်ခုန်ချသွားကြသင့်ပါတယ်။ ဘာမှနားမလည်တဲ့ ကလေးတွေကိုတော့ အသက်မဆုံးစေသင့်ပါဘူး။ “မိဘကျေးဇူး” ဆိုပြီး မပြီးနိုင်မစီးနိုင်ဂျင်းတွေထည့်နေတဲ့ တိုင်းပြည်ကြီးမှာ မိဘတွေကြောင့် ပျက်စီး၊ တိမ်းပါးရတဲ့ ရင်သွေးတွေ အများကြီးရှိတာတော့ ခနခနတွေ့နေရတာပါဘဲ။ စိတ်ပျက်စရာသိပ်ကောင်းပါတယ်..။
ဂျင်းတွေ မှိုင်းတွေကိုစက်ဆုပ်တဲ့ – ကိုထင် (ခ) လင်းမြတ်
ကျိုက်နဲရေလယ်ဘုရားက သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ရွာနဲ့ အံခဲရွာအနား ကမ်းစပ်မှာရှိပါတယ်။ ပုံမှန်ဘုရားပွဲရက်က တန်ဆောင်မုန်းလဆုတ် (၁-၂-၃) ရက်ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဘုရားပွဲကို မနှစ်ကရော ဒီနှစ်မှာပါ စည်စည်ကားကားမလုပ်ဖို့၊ ဒေသခံတွေနဲ့ပဲ အကျဉ်းရုံးလုပ်ဖို့ သံဃနာယက၊ ဂေါပက၊ ပရဟိတအဖွဲ့ကဆုံးဖြတ်တယ်။ ဒါ့ကြောင့် ၅-၁၁-၂၀၂၁ မှာ ဂေါပကအဖွဲ့က (ဘုရားပွဲကို ဧည့်သည်တွေ မလာရောက်ကြဖို့ ရည်ရွယ်တယ်ထင်ပါတယ်) ဧည့်ခံကျွေးမွေးတာ၊ ကြိုပို့တာ လုပ်မှာမဟုတ်ဘူးလို့ စာထုတ်ပါတယ်။
ဒါပေမယ့် ဘုရားပွဲရက်မှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပရိသတ်တွေ သောင်းချီ လာကြတယ်။ ကမ်းစပ်နဲ့ဘုရားကြားမှာ လှိုင်းပုတ်လို့ပေါ်လာတဲ့ သဘာဝကျောက်စရစ်လမ်း (ဘုရားပွဲရာသီမှာပေါ်လာတယ်လို့ ဆိုတာကြောင့် ဒေသခံတွေက နတ်လမ်းလို့ တင်စားခေါ်ဝေါ်တဲ့လမ်း) ကနေ လမ်းလျှောက်သွားကြတယ်။ (လှေနဲ့လည်း သွားလို့ရတယ်။) အဲဒီလမ်းကလည်း ပင်လယ် ရေကျချိန်မှသွားလို့ရပြီး ရေတက်ချိန်မှာ မြုပ်ပါတယ်။