သက်သက်လွတ် စားတာ တကယ် ကုသိုလ်ရသလား၊ သတ်သတ်လွတ် မစားခြင်းဟာ အကုသိုလ် ဖြစ်စေလား
သတ်သူ နှင့် စားသူ..
ဘဘုန်းဘုရား.. သက်သက်လွတ်ဂယက်တွေ ဖုန်ထနေလို့ တပည့်တော် ဥာဏ်မမှီတာကို ရှင်းပြပေးပါဦးဘုရား.. သက်သက်လွတ်စားတာဟာ တကယ်ကုသိုလ်ရလို့လားဘုရား..
ဘုရားပွင့်ဖို့ရာ ဖြည့်ခဲ့တဲ့ပါရမီတွေထဲမှာ သက်သက်လွတ်စားတဲ့ပါရမီရယ်လို့ ထွေထူးမတွေ့ခဲ့မိသလို ဘုရားဘဝမှာပင် အသားဆွမ်းတနပ်နောက်ဆုံးဘုန်းပေးသွားတယ်လို့ မှတ်သားခဲ့ရပါတယ်.. ဒီတော့ သက်သက်လွတ်မစားခြင်းဟာ အကုသိုလ်ကိုတော့ ထွေထူးပြီး မဖြစ်စေနိုင်ဘူးလို့ ယူဆပါတယ်ဘုရား..
ကြားသား မြင်သား ရည်ရွယ်သား မဟုတ်တဲ့ ပံ့သကူသားဖြစ်ရင် စားကောင်းပါတယ်လဲ ကြားဖူးပါတယ်ဘုရား.. အဲ့ အဆိုအရကျပြန်တော့ နောက်ဆုံးသားသတ်ရုံက သားသတ်သမားအပေါ်ပဲ သွားပုံကျနေပါတယ်ဘုရား..
တခုရှိတာ လူဆိုတာ ထိုင်စားလို့ရနေရင် ထိုင်ပဲ စားကြမှာပါဘုရား သတ်ရတာပျော်လို့ သတ်တယ်မရှိပဲ သတ်မှ သူလဲ ဝမ်းရေးဝမယ့်ဘဝပေးမို့ သတ်နေရတာလို့ ထင်ပါတယ်ဘုရား..
ဒါကို ကျန်လူတွေက မင်းကတော့ ပါနာတိပါတာ ငါတို့ကတော့ ပံ့သကူသားဆိုပြီး ယူဆနေတဲ့ လောကကရော တရားမျှတပါရဲ့လား.. အကုန် သူတပါးအသက်မသတ်ကြတော့ဘူးသာဆိုရင်ရော ဘယ်လိုရှင်သန်နိုင်ကြပါ့မလဲ..
အသက် သတ်ခြင်း/မသတ်ခြင်း, အသား စားခြင်း/မစားခြင်း, ကုသိုလ်/အကုသိုလ်, အဲ့အပေါ်တွေမှာ လေ့လာမှုအားနဲခဲ့တာကြောင့် တပည့်တော် ဥာဏ်မမှီတော့တာမို့ ရှင်းလင်းပြပေးပါ ဘုရား..
သက်သက်လွတ်စားလို့ ကုသိုလ်မရဘူး။ သတ်ပြီး အသားရောင်းသူက သတ်နေဆဲမှာ ကြက်တွေ ဝက်တွေကို သေစေချင်တဲ့စိတ်ဖြစ်နေတယ်။ အဲဒါက ဒေါသစိတ်ပဲ။ ဒါကြောင့် သတ်သူက ဒေါသအကုသိုလ်ဖြစ်တယ်။ ငရဲကျစေလောက်အောင် အပြစ်ကြီးတယ်။
အသားဝယ်စားသူက အမဲသားမှ အမဲသား ဝက်သားမှ ဝက်သား တန်းတန်းစွဲကြိုက်နေရင်၊ အသားဟင်းမပါရင် ထမင်းစားမဝင်နိုင်လောက်အောင် တပ်မက်နေရင် တဏှာလောဘ အကုသိုလ်ဖြစ်တယ်။ ဒီအကုသိုလ်က သူ့ချည်းသက်သက်ဆို ငရဲကျလောက်အောင် အပြစ်မကြီးပါဘူး။ အခြားအကုသိုလ်နဲ့ ပေါင်းမိသွားရင်တော့ ငရဲကျစေလောက်အောင် အပြစ်ကြီးတယ်။ ဥပမာ အသားဝယ်မရလို့ ကိုယ်တိုင်သတ်ပြီး ချက်စားတာမျိုးပေါ့။
တချို့က သတ်သတ်လွတ်စားပေမယ့် အသားအပေါ်မှာ တွယ်တာနေကြတယ်။ ပဲတွေ ဂျုံတွေကို ကြက်သား ဝက်သားပုံစံတွေ ချက်စားကြတယ်။ အဲဒီလိုဆိုရင်တော့ သတ်သတ်လွတ်စားနေပေမယ့် အသားစားနေသူနဲ့ ဘာမှမထူးပါဘူး။
တချို့က တို့က အသားမစားဘူး။ သတ်သတ်လွတ်စားတယ်ဆိုပြီး ဝါကြွားကြ မာန်မာနဖြစ်ကြတယ်။ ဒီလိုဆိုရင်လည်း အကုသိုလ်ဖြစ်တာပါပဲ။ မာန်မာနဆိုတာ အကုသိုလ်စိတ်ပဲလေ။
ဘုရားက လူတွေကို ဟိုအသားမစားရ ဒီအသားမစားရလို့ ဟောခဲ့တာမရှိပါဘူး။ ရဟန်း သာမဏေတွေကိုတော့ အသားကြီး (၁၀)မျိုးနဲ့ မြင်သား ကြားသား သံသယသားကို မစားနဲ့ ပညတ်ခဲ့တယ်။
ဘုရားက ဇီဝကသမားတော်ကို ဟောခဲ့တာရှိတယ်။ အသားဟင်းကို စားပြီးတော့ မနက်ဖြန်မှာလဲ ဒီလိုအသားဟင်းနဲ့ စားရရင် ကောင်းမှာပဲလို့ တောင့်တမှုမဖြစ်ရင် အဲဒီရဟန်းက မေတ္တာနဲ့နေတဲ့ ရဟန်းပါပဲ တဲ့။
သတ်သတ်လွတ်ကိုရော အသားဟင်းကိုရော တန်းတန်းစွဲစွဲဖြစ်မနေပဲ ရှိတာနဲ့ပဲ အဆင်ပြေသလို စားရပါမယ်။
မိုးသု – မန္တလေး