“ကဏန်းမျက်စိ” (သံချပ်ကာစစ်ယာဉ်နှင့် တူသည့် ကဏန်းကောင်သည် ခြင်ကိုက်ခံရလျှင် သေသတဲ့)

“ကဏန်းမျက်စိ”

မိတ်ဆွေတစ်ဦးက ပြောပြသည်။ ကဏန်းကောင်သည် ခြင်ကိုက်ခံရလျှင်သေသည် ဟူသတတ်။

ကဏန်းကောင်သည် ရေသတ္တဝါ ဖြစ်သည်။ သံချပ်ကာစစ်ယာဉ်နှင့် တူသည်ဟူ၍ နှိုင်းခိုင်းရဖွယ်ရှိ လောက်အောင် အင်အားခိုင်ဖြီးသော အကောင်မျိုးဖြစ်သည်။ နူးညံ့သောအသားကို ထူထဲမာကျော သောအခွံဖြင့် ဖုံးကာထားသည်။ အသားနေရာလပ်မကျန်။ ခြေချောင်း၊ လက်ချောင်း တို့သည်ပင်လျှင် သံချောင်းတမျှ မာကျောသောအခွံဖြင့် လွှမ်းအုပ်လျက် ရှိသည်။

ကဏန်း၏အခွံသည် အခွံဟုဆိုရသော်လည်း သာမန် ငါးပုစွန်တို့၏ အကြေးခွံမျိုးမဟုတ်။ သတ္တဝါနှင့် မမျှအောင် မာကျောသောအခွံ၊ ထူထဲသောအခွံဖြစ်သည်။ နူးညံ့ပျော့ပျောင်းသော ဝမ်းဗိုက်သား နေရာ တွင်ပင်လျှင် ငါးကြင်းမြီးကွက်အကြေးခွံထက် ပိုမိုမာကျောထူထဲသော အခွံများ အချပ်အချပ်ထပ်လျက် ဖုံးကာထားသေးသည်။ ကဏန်းကောင်တွင် အသားပေါ်သည့်နေရာ အလျဉ်းမရှိဟူ၍ ဆိုရမလောက် ဖြစ်သည်။

ယင်းသို့သော အအုပ်အခွံ၊ အကာအကွယ်ကြောင့် ထိုသတ္တဝါသည် မသေနိုင်၊ မပျောက်နိုင်သော အဆင့်အခြေသို့ မရောက်။ အလွယ်နှင့်ပင် သေနိုင်သည်။ ဆင်ပြောင်ကြီး နင်းခံရ၍သေခြင်းမျိုး မဟုတ်။ ခြင်ကောင်လေးကိုက်၍ သေခြင်းမျိုး ဖြစ်သည်။ ထိုအချက်သည် မယုံချင်စရာပင် ဖြစ်သည်။

မိတ်ဆွေဖြစ်သူက ထိုအချက်ကို အခိုင်အမာဆိုသည်။ သက်သေထူနိုင်သည်ဟု ဆိုသည်။ ရေဖြည့် အိုး ခွက် စသည်တို့တွင် အဖုံးအကာ အလုံပိတ်၍ ကဏန်းကိုထည့်ထားမှသာ စိတ်ချရသည်ဟု ဆိုသည်။ သို့မဟုတ်ပါက အခန်းတွင်းရှိခြင်ကောင်တို့က ကဏန်းကို ကိုက်လိမ့် မည်၊ ခြင်ကိုက်ခံရလျှင် ကဏန်း သေလိမ့်မည်။

ကဏန်း၏ ကိုယ်ပေါ်တွင် ခြင်ကိုက်စရာ နေရာမရှိ။ မှန်သည်။ သို့ရာတွင် ခြင်ကောင်က ကိုက်၍ရသည့်နေရာကို ရှာတတ်သည်။ ထိုနေရာမှာ ကဏန်း၏ မျက်စိဖြစ်သော ဟူ၏။

ကဏန်းမျက်စိသည် မျက်နှာအပြင်၏ အပေါ်သို့ စူးထောင် ထွက်နေသည်။ မှိတ်၍ မရ၊ ပိတ်၍ မရ။ မျက်လုံးအိမ်အတွင်း ငုပ်လျှိုးသွင်း၍ မရ။ ဇက်ပုသလိုပုရုံ ပု၍ရသည်။ ခရုခွံထဲ ခရုကောင်လျှိုးဝင်သလို လျှိုးဝင်၍မရ။ မျက်စိက အပြူးသား ကျန်မြဲကျန်သည်။ ထိုမျက်စိကို ခြင်ကောင်က ကိုက်သည်။ မျက်စိ ခြင်ကိုက်ခံရသော် ကဏန်း သေသည်။

သံချပ်ကာ စစ်ယာဉ်လို ထူထဲသော အအုပ်အခွံ ကာဖုံးထားသည့် ကဏန်း၏မျက်စိကို ခြင်ကိုက် နိုင်သည်။ မျက်စိခြင်ကိုက်ခံရလျှင် ကဏန်း သေသည်။ ထိုအချက်နှင့် ဆက်စပ်လျက် တွေးကြည့်စရာ သဘောတစ်ရပ် ပေါ်လာသည်။ ထိုသဘောမှာ ဤသို့ဖြစ်သည်။

မည်မျှလောက်အထိပင် ဂုဏ်ဟိတ်သိက္ခာ၊ အင်အားစွမ်းရည် ကြီးမားသော အရာပင်ဖြစ်စေ ပျော့ ကွက်၊ ဟာကွက်၊ အားနည်းချက် ရှိသည်သာဖြစ်ရသည်ဆိုသော အချက်ပေတည်း။ ထိုပျော့ကွက်၊ ဟာ ကွက်၊ အားနည်းချက်ကို ထိုးနှက်ဖျက်ဆီးခြင်းခံရသည့်အခါ ထိုအရာသည် ကြီးမားသောအကာ အကွယ်များရှိနေသည့်ကြားမှပင် ပြိုကွဲပျက်စီးခြင်းအဖြစ်သို့ ရောက်ရသည်သာဖြစ်သည်ဆိုသော အချက် ပေတည်း။

ထိုသဘောသည် ရှေးပဝေဏီအခါမှစ၍ လူ့သမိုင်းတွင် ထင်ရှားခဲ့သောအချက် ဖြစ်သည်။ ထိုသဘော ကို ထင်ရှားစေသော ဖြစ်ရပ်များ သည် မြန်မာ့သမိုင်းတွင် အကျော်အကြား တည်ရှိခဲ့သည်။

ပုဂံ အနော်ရထာမင်း သထုံပြည်ကို ချီတက်သိမ်းပိုက်ရာ၌ မြို့အစောင့်အကြပ်ထူပြော၍ လုပ်ကြံမရနိုင် ဖြစ်နေ သည်။ နောက်ဆုံးတွင် မှ မြို့ရိုးတစ်နေရာ၌ အကာအကွယ် ကြက်မတစ်ဝပ်စာ အလစ်အလပ် ရှိကြောင်း သိလာသည်။ ထိုနေရာမှ ဝင်တိုက်သည်။ သထုံကျသည်။ “ကဏန်းမျက်စိ” သဘောကိုထင်ရှားစေသော သမိုင်းဖြစ်ရပ်တစ်ခု ဖြစ်လေသည်။

မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ်စစ်သည်ကျော် ဂါမဏိတို့၏စီးချင်းထိုးပွဲလည်း ထိုသဘော၏ ထင်ရှားသော ပြယုဂ်ဖြစ်သည်။

ဂါမဏိသည် သံကွန်ချာ ချပ်ဝတ်တန်ဆာကို ကိုယ်လုံးပြည့်ဝတ်လျက် သမိန်ဗရမ်းနှင့် စီးချင်းထိုးသည်။ ဂါမဏိ၏သံကွန်ချာ ချပ်ဝတ်တန်ဆာ သည် ဓားမပေါက်၊ လှံမပေါက်၊ မီးမပေါက် အကာအကွယ် ဖြစ် သည်။ ဤသည်မှာ အပြင်ပန်းအမြင် ဖြစ်သည်။ သမိန်ဗရမ်းက ထိုသို့မမြင်။ သမိန်ဗရမ်း မြင်သည်မှာ ဂါမဏိ၏ သံကွန်ချာချပ်ဝတ်တန်ဆာ လက်မောင်းချိုင်းကြား၌ လှံတစ်ဖျားစာ အကွက်အလပ်၊ အလစ်အဟင်း ရှိနေသည်ဆိုသောအချက် ဖြစ်သည်။ သမိန်ဗရမ်းသည် ထိုအကွက်အလပ်ကို အဲ မောင်း လှံ ပျံ စိုက်သည်။ ဂါမဏိကျသည်။

အနောက်တိုင်း စာပေနှင့်သမိုင်းတို့တွင်လည်း တစ်သဘောတည်းသောအချင်းအရာ ဖြစ်စဉ်ဖြစ်ရပ်တို့ကို မော်ကွန်းမှတ်တမ်းများ အဖြစ် တွေ့နိုင်သည်။ ခေါမစာဆိုကြီးဟိုးမား၏ အီလိယက်မော်ကွန်းကဗျာကြီးမှ သူရဲကောင်းတစ်ဦးဖြစ်သူ အာချိလိဖြစ်ရပ်သည်လည်း ထိုသဘော ၏ပြယုဂ် ဖြစ်သည်။

အာချိလိ မွေးကင်းစအရွယ်တွင်ဖြစ်သည်။ မိခင်ဖြစ်သူပင်လယ်နတ်သမီးက စတိုက်မြစ်ထဲတွင် သား ကိုရေနှစ်သည်။ မြစ်ရေဖြင့် တစ်ကိုယ်လုံး ကို စွတ်စိုစေသည်။ သားဖြစ်သူအား ဓားလှံကျည်မီး ပြီးငြိမ်း လုံခြုံစေရန် ဖြစ်သည်။ မိခင်ဖြစ်သူက သားငယ်အား အသက်ရှည်စွာ အနာမဲ့ကြောင်း ဆေးစွမ်းကောင်း ဖြင့် ထုံမွှမ်းကာကွယ်ပေးခြင်း ဖြစ်သည်။ သို့ရာတွင် မိခင်လက် ဆုပ်ကိုင်ခဲ့သော သားငယ်၏ ဖနောင့် ခြေဖျား သည် စတိုက်မြစ်ရေ စွတ်စိုနိုင်ခြင်းမရှိခဲ့။ သို့ဖြင့် ထိုနေရာသည် ဓားလှံမီးပေါက် ကူးရောက် ထိရှမှု ကင်းလွတ်ခြင်း မရှိချေလေ။

အာချိလိလူလားမြောက်ချိန်နှင့် ဟယ်လင်မင်းသမီးကိုအကြောင်းပြု၍ ထရိုဂျင်စစ်ပွဲကြီးဖြစ်ပွားချိန် ဆုံ ကြိုက်သည်။ ထိုစစ်ပွဲကြီးတွင် အာချိလိ ဝင်ရောက်တိုက်ခိုက်သည်။ အောင်ပွဲအလီလီ ရသည်။ ထရိုဂျင် ခေါင်ချုပ် သူရဲကောင်းဟက်တာကို စီးချင်းထိုးပြီး သုတ်သင် သည်။ နောက်ဆုံး အာချိလိ ကိုယ်တိုင် လည်း တိုက်ပွဲတွင်ကျသည်။ ရန်သူ့ဘက်မှ ပစ်လွှတ်သောမြားက အာချိလိ၏ခြေဖနောင့်ကို လာစိုက် သည်။ ဓားကျိုး၍လှံခွေ မနာမသေသူဟု ကျော်ကြားသော မဟာသူရဲကောင်းကြီး အာချိလိ ကျသည်။ (စကားစပ်၍ဆိုရလျှင် ထရိုဂျင်သူရဲကောင်း ဟက်တာ ကျဆုံးရသည်မှာလည်း ဟက်တာ၏ သံချပ်ဝတ် တန်ဆာ ကိုယ်ထည်နှင့် ခေါင်းစွပ်အဆက် လည်ပင်းနေရာ၌ အလပ်ပေါ်သည်ကို အာချိလိ လှံပစ်စိုက် ၍ကျဆုံးရခြင်း ဖြစ်သည်)

ထိုသမိုင်း ဒဏ္ဍာရီကို အကြောင်းပြုလျက် အနောက်တိုင်း ဆိုရိုးစကား၌ “အာချိလိဖနောင့်” ဟူသော ဝေါဟာရ အသုံးတွင်လာခဲ့သည်။ ဧရာမအရာဝတ္ထု၊ တိုင်းပြည်နိုင်ငံ၊ လူပုဂ္ဂိုလ်တို့၏ ပျော့ကွက်၊ ဟာ ကွက်၊ ပြိုကွက်၊ ပျက်ကွက်တို့ကို ရည်ညွှန်းတင်စားသော ဝေါဟာရဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင် “အာချိလိဖနောင့်” ဖြစ်ရပ်ပေါင်းမြောက်မြားစွာ ရှိခဲ့သည်။ ထိုအာချိလိ ဖနောင့် ဖြစ် ရပ်တို့သည် လူ့အဖွဲ့များပျက်စီးခြင်း၊ လက်နက်နိုင်ငံတော်ကြီးပြိုကွဲခြင်း၊ မင်းဧကရာဇ်များ၊ စစ်သူကြီး၊ စစ်သူရဲကောင်းများ၊ ပုဂ္ဂိုလ်ကျော်များ၊ “လျှောကျနောက်ဆုံး ရှိချေ၏” အဖြစ်သို့ ရောက်စေခဲ့သည်။

လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အချင်းကိစ္စများစွာ၌သာ အာချိလိဖနောင့် ရှိသည်မဟုတ်။ မျက်မှောက် ခေတ်၌ အထွတ်အထိပ်သို့ ရောက်လျက် ရှိသော စက်မှုနည်းပညာကဲ့သို့ နည်းကျစနစ်ကျ လုပ်ငန်း များ၌ပင်လျှင် ပျော့ကွက် ဟာကွက် အားနည်းချက်များရှိနေ၍ ဧရာမလုပ်ငန်း စီမံချက်ကြီးများ ပျက်ပြားရသည့်အဖြစ်မျိုး ကြုံနေကြရသည်။ ငွေကြေးကုဋေကုဋာ ဆုံးရှုံးမှုများ ပေါ်ပေါက်နေရသည်။ လူပေါင်း များစွာ သေကြေမှုများ ဖြစ်ပွားနေရသည်။

ဆိုဗီယက်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အဏုမြူဓာတ်ပေါင်းဖိုကြီးများ ဓာတ်ရောင်ခြည် ယိုစိမ့်ခြင်း၊ ပေါက်ကွဲခြင်း စသည် တို့ ဖြစ်ပွားနေရသည်မှာ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသကဲ့သို့ “အာချိလိဖနောင့်” ကိစ္စများ၏ချွတ်ယွင်းမှုကြောင့် ငွေကြေး ကုဋေကုဋာဆုံးရှုံးမှုကြီးများ ကြုံတွေ့နေခြင်း ဖြစ်သည်။

အိန္ဒိယပြည်၌ ဘိုပါးလ်မြို့ဓာတ်ငွေ့စက်ရုံကြီး ပေါက်ကွဲမှုကြောင့် လူပေါင်းထောင်ပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ရခြင်းမျိုးသည်လည်း အသေးအဖွဲစက်ကိရိယာတစ်ခု၏ ပျော့ကွက်၊ အားနည်းချက်ကြောင့် ဖြစ် ပွားခဲ့ရခြင်းဖြစ်သည်။

အမေရိကန် အာကာသ လွန်းပျံယာဉ်ကြီး “ချဲလင်ဂျာ” ပေါက်ကွဲမှုမှာလည်း ပစ္စည်းလေးတစ်ခု၏ အားနည်းမှုကြောင့်ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။ တွန်းတင်ဒုံးပျံကြီး၏ ကိုယ်ထည်နှစ်ပိုင်း အဆက်နေရာ တွင် ကြားခံထည့်ထားသည့် “အိုကွင်း” ခေါ် ဆီလုံကွင်းနေရာမှ မီးလောင်ပေါက် ထွက်ပြီး ဒုံးပျံကြီး တစ်ခုလုံး ပျက်စီးခဲ့ရခြင်းဖြစ်သည်။ အမြင့်ပေ ၁၅၀ နီးပါး တွန်းတင်စွမ်းအား ပေါင်ချိန် သုံးသန်းနီးပါး ရှိသော ဒုံးပျံကြီး၏ ဧရာမကိုယ်ထည်ကြီး နှစ်ခုကြားမှ ဆီလုံကွင်းလေးသည် “ကဏန်းမျက်စိ” ပင် ဖြစ်ချေ၏။ ထိုဆီလုံကွင်းလေး ပျော့ကွက်ကြောင့် ဒေါ်လာ ကုဋေ ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားရသည့် အာကာသလွန်းပျံယာဉ်စီမံကိန်းကြီး ပျက်ရမတတ်ဖြစ်ခဲ့ရသည်။

လောက၌ မည်သည့်အရာမှ လုံးဝဥဿုံ ခိုင်မြဲခြင်း၊ လုံခြုံခြင်း၊ အားကြီးခြင်း၊ ဘေးမဲ့ခြင်းဟူ၍ မရှိချေ။ အရာရာ၌ “အာချိလိဖနောင့်” ဟူ၍ ရှိမြဲ။ အရာရာ၌ “ကဏန်းမျက်စိ” ဟူ၍ ရှိမြဲ။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များ၌ သူ့အားကိုယ့်အား ချင့်တွက်ချိန်ဆရာ၌ ထိုသဘော ကို စေ့စေ့နှလုံးသွင်းတတ်၊ မြဲမြဲနှလုံးသွင်းနိုင်ဖို့ လိုအပ်လှပေသည်။

သတင်းစာဆရာကြီးဦးဝင်းတင်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page