သာမန်ဘဝ၊ သာမန်အဆင့်ကနေ ရုန်းထွက်ဖို့အတွက် အဆင့် (၈) ဆင့်
သာမန်ဘဝ၊ သာမန်အဆင့်ကနေ ရုန်းထွက်ဖို့အတွက် အဆင့် (၈) ဆင့်..
၁။ ကိုယ့်ဘဝအတွက် တာဝန်စယူပါ။
အပြောင်းအလဲကိုစတင်ဖို့အတွက် အရင်ဆုံးလုပ်ရမှာက ကိုယ့်တာဝန်ကိုယ်စယူဖို့ပဲ။ ပိုပြီးကောင်းမွန်တဲ့ဘဝတစ်ခုကိုရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေလုပ်ရတယ်။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာအပြစ်ရှိသလိုခံစားရတယ်။ ဒီတော့ ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုနဲ့ပတ်သက်လို့ ကိုယ်တိုင်ကလွဲလို့တခြားသူတွေအကုန်လုံးမှာတာဝန်ရှိသလို ပုံချထားလိုက်တယ်။ ကိုယ့်မိဘတွေကြောင့်၊ ကိုယ့်အသိုင်းအဝိုင်းကြောင့်၊ အရင်ကအဖြစ်အပျက်တွေကြောင့်၊ အထက်အရာရှိကြောင့်၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ်။
ငါ့ဘဝရဲ့ဖြစ်တည်မှုတွေဟာ ငါ့ကြောင့်ဖြစ်လာရတာ၊ ငါ့ရဲ့ရွေးချယ်မှုတွေနဲ့လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုကိုယ်တာဝန်စပြီးမယူဘူးဆိုရင် အပြောင်းအလဲဆိုတာဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်ဘဝရဲ့ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့လက်ရှိအနေအထားအတွက် တာဝန်စယူပါ။ ဆင်းဆင်းရဲရဲမွေးလာရတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်းသေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ။
၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့။
ဒါကို ရောင့်ရဲတာလို့ အဓိပ္ပါယ်ဖွင့်ကြတာလည်းရှိတယ်။ တကယ်က comfort zone ထဲမှာ ပျော်မွေ့နေတာပါ။ ဆက်ပြီးအားထုတ်မှုတွေမလုပ်ချင်တော့ဘူး။ မကြိုးစားချင်တော့ဘူး။ မရုန်းကန်ချင်တော့ဘူး။ ဒီတော့ အခုလောက်လေးလည်းမဆိုးပါဘူးလေဆိုပြီးဖြေသိမ့်တယ်။ လူတိုင်းဒီလိုစိတ်ထားရမယ်လို့တော့မဆိုလိုပါဘူး။
နောက်ဆုံးမှာကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲမဟုတ်လား။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်းနေသွားချင်တာဆိုရင်လည်း ရတာပါပဲ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀၊ ၃၀ လောက်မှာ ကိုယ့်ကိုကိုယ်မမုန်းနေဖို့တော့လိုတယ်။ ထိပ်ပိုင်းကိုမရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများသနားမှ ချမ်းသာရာရမယ့်ဘဝမှာနေရတာပဲ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှမထူးချွန်တဲ့မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ။ အလုပ်ပြုတ်သွားမှာအကြောက်ရဆုံးပဲ။ ကိုယ့်ကိုယ် အဲဒီအနေအထားမှာ မတွန်းပို့ပါနဲ့။
၃။ ကိုယ့်ရဲ့ အားသာချက်တွေကိုရှာပါ။
သိထားဖို့အချက်က ကိုယ်ကနေရာတိုင်းမှာတော့ ဆရာကြီးဖြစ်မနေနိုင်ဘူးဆိုတာပဲ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာမရှိဘူး။ အဲဒီလိုနေရာတိုင်းတော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲဆရာကြီးဖြစ်ချင်နေလို့မရဘူး။ ဒါကြောင့်ကိုယ့်ရဲ့အားသာချက်က ဘယ်နေရာမှာရှိတာလဲဆိုတာကိုရှာပါ။ စကားပြောတဲ့နေရာလား၊ စာရေးတဲ့နေရာလား၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့နေရာမှာလား။ အဲဒါကိုသိအောင်လုပ်ပါ။
၄။ ကိုယ့်ရဲ့အားသာချက်တွေကိုအသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင်သတ်မှတ်ပါ။
လူတော်တော်များများက သူတို့ကိုယ်တိုင်ဘာဖြစ်ချင်မှန်းမသိကြဘူး။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်းမသိဘူး။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာရောက်နေကြတာပဲ။ ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကိုသွားချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ အချိန်ဘယ်လောက်အတွင်းဖြစ်ချင်တာလဲဆိုတာကိုသိမှရမယ်။ အဲဒါမှ နေ့ရက်တိုင်းမှာ၊ လတိုင်းနှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့နီးရာကိုသွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ်။
၅။ စည်းကမ်းရှိပါ။
အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ်။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။ ကိုယ်အလေးချိန်ချချင်တယ်။ အင်္ဂလိပ်စာတတ်ချင်တယ်။ ဝင်ငွေကောင်းချင်တယ်။ ပညာတတ်ချင်တယ်။ ဒါပေမယ့် အဲဒါတွေအကုန်လုံးကို အလကားလိုချင်တာ။ စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ရမယ့်စည်းကမ်းတော့မရှိဘူး။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာမဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလားဆိုတာပဲ။
ဥပမာ ကိုယ်အလေးချိန်ဘယ်လိုချရမလဲမသိဘူးလား။ အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာမသိဘူးလား။ သိတယ် မလုပ်တာ။ ကြိုးစားအားထုတ်မှုကိုစည်းကမ်းမရှိနိုင်တာ။ ကိုယ့်မှာဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး။ ပန်းတိုင်ကိုရောက်ဖို့လမ်းကိုပဲမြင်အောင်ကြည့်။ အခက်အခဲတွေကြောင့်စိတ်မပျက်သွားနဲ့။ မတွန့်သွားနဲ့။ တောင်တက်ရတာ ဘယ်တော့မှ သက်တောင့်သက်သာမရှိဘူး။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ်။
၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့
ကိုယ့်အတွက်အဓိကကျတဲ့အရာတွေနဲ့ သာမညဂျလုံးပလုံးတွေနဲ့ကို ခွဲခြားသိမှဖြစ်မယ်။
စကားပုံတစ်ခုအတိုင်းပဲပြောရရင် “လမ်းမှာဟောင်သမျှခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူး” တဲ့။ အရေးလုပ်သင့်တာတွေပဲအရေးလုပ်ပါ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက်ဘာကြောင့်အရေးကြီးနေရမှာလဲ။ ဝေဖန်တာတွေ၊ ငြင်းပယ်ခံရတာတွေ၊ အဆိပ်အတောက်များတဲ့လူတွေ၊ ဖိအားတွေကိုဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး။ သေချာစဉ်းစားကြည့်။ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာကကောင်းတယ်။ ကိုယ့်ကိုအဆိုးမြင်တဲ့သူအတွက်လည်း ကိုယ်ဘာတွေပဲကောင်းတာလုပ်လုပ် သူ့အမြင်မှာဆိုးနေမှာပဲ။ ဒီတော့ ဘာကြောင့်ဂရုစိုက်နေတော့မှာလဲ။
၇။ လူရွေးပေါင်းပါ။
အဆင့်အတန်းခွဲခြားခိုင်းတာ မဟုတ်ဘူး။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာမဟုတ်ဘူး။ ကိုယ့်အတွက်သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ။
ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ကြိုးစားအားထုတ်မှုတွေက အများစုနဲ့တူနေပြီဆိုရင် ကိုယ့်ကိုယ်ဘယ်နေရာရောက်နေလဲဆိုတာ သူများသွားမေးနေစရာမလိုဘူး။ ပတ်ဝန်းကျင်ကအရမ်းစကားပြောတယ်။ ကိုယ်အလေးချိန်ချနေတဲ့သူက အစားအသောက်သောင်းကြမ်းတဲ့သူတွေနဲ့ပဲပေါင်းသင်းနေရင် ဘယ်တော့မှကိုယ်အလေးချိန်ကျနိုင်မှာမဟုတ်ဘူး။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက စောက်ပျင်းတွေနဲ့ချည်းပေါင်းနေရင်တော့ သူလည်းဘယ်တော့မှ အဲဒီနွံထဲကထွက်နိုင်မှာမဟုတ်ဘူး။
၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေအမြဲလုပ်ပါ။
အပြောင်းအလဲကစိတ်ရှည်ရတယ်။ ချက်ခြင်းလက်ငင်းရသွားနိုင်တာမျိုးမဟုတ်ဘူး။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက်ဖွတ်ဖြစ်မယ့်ကောင် ကိုယ့်ကိုကိုယ် သတ်သေဖို့သာကောင်းတော့တယ်။ ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ ဒါပေမယ့် တစ်ရက်တည်း ပန်းသီး ရလုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ်မရနိုင်ဘူး။ စိတ်ရှည်ပါ။
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ဆက်လက်သင်ယူမှုတွေလုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကိုရပ်တန့်လိုက်တာနဲ့ ဆုံးခန်းတိုင်ပါတယ်။ ကိုယ်က တစ်နေရာတည်းရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ။
မညည်းနဲ့။ အကြောင်းပြချက်မမေးနဲ့။ လူတွေက ကိုယ့်ရဲ့နောက်ခံအကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့စိတ်ဝင်စားတာ ကိုယ်ကဘာကောင်လဲ။ ဘယ်လိုလူလဲ။ ဘယ်လောက်အောင်မြင်မှုတွေရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ်။ ကိုယ်ကအရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလိုဆက်ဆံခံရမှာပဲ။ အဲဒါကိုယ့်အပြစ်ပဲ။
ဒေါက်တာ သူရိန်လှိုင်ဝင်း (Power of Passion ၂ နှစ်ပြည့် ဟောပြောပွဲ)