သား ယူလာတဲ့ ဆန်တအိတ် (သို့) ဂျပန်နိုင်ငံရဲ့ လေးစားဖို့ အရမ်းကောင်းတဲ့ ပညာရေးစနစ်
“ဆန်တစ်အိတ်ကပေးသော အတွေး”
သားက မနက်ကျောင်းမသွားခင် အိမ်ကအထွက်မှာ ပြောသွားတယ်။ “ညနေကျရင် ဆန်ယူလာမယ်…”
အဲဒါပဲပြောသွားတော့… ဟင်… ဘာပါလိမ့်.… ကျောင်းသွားတာ ဘယ်က ဆန်ကရမှာမို့လို့လဲပေါ့လေ။ ညနေကျတော့ ကျောင်းသွားတဲ့အိတ်ထဲက ဆန်အိတ်ကလေးတစ်အိတ်ကို ထုတ်ပေးတယ်။
“ရော့… မားမာ… ခိုရှိဟီကာရီ ဆန်သစ်..” “အံမယ်… ဒါ ဘယ်ကယူလာရပြန်တာတုန်း..??” “ဘယ်ကမှယူမလာဘူး… ကျောင်းသားတွေ တစ်ယောက်တစ်အိတ်ရတာလေ… ဇွန်လတုန်းက နီအိဂါတာမြို့မှာ လယ်ကွင်းဆင်းလေ့လာရေးလုပ်တုန်းက သားတို့စိုက်ခဲ့တဲ့ စပါးကရတဲ့ ဆန်…”
ကြည့်စမ်း… ကြည့်စမ်း… ကောင်းလိုက်တဲ့စနစ်ပါလားကွယ်တို့… မြို့က ကလေးတွေကို လယ်ယာလုပ်ငန်းနားလည်အောင် လက်တွေ့ကွင်းဆင်းခိုင်း… ပညာလည်းရ… ဗဟုသုတလည်းရ… အလုပ်ရဲ့တန်ဖိုးကိုလည်းနားလည်… လယ်သမားတွေရဲ့ဘဝကိုလည်း နားလည်…။
ကလေးတွေကို ပညာရအောင်သာ လယ်ကွင်းထဲဆင်းခိုင်းတာ… အလုပ်ဒီလောက် တွင်တွင်ကျယ်ကျယ် လုပ်နိုင်ခဲ့ကြမယ်မထင်ပါဘူး…။ ဒါပေမယ့်လည်း ကလေးတွေကူညီခဲ့ကြလို့ ပြန်ကျေးဇူးတင်ပါတယ်ဆိုတဲ့အနေနဲ့ရော… အမှတ်တရအတွက်ပါ ကျောင်းသားလူစေ့တက်စေ့ကို ပြန်လက်ဆောင်ပေးတာ။ တစ်ယောက်ချင်းစီ… တစ်အိတ်ချင်း သပ်သပ်ယပ်ယပ်လေး။ ကောင်းလိုက်တဲ့ ပညာရေးစနစ်။
ဆန်တစ်ကီလိုအိတ်ကလေးက ချက်စားရင် သုံးခါလောက်ချက်စားရင်ကုန်မှာပေမယ့်… ကလေးတွေအပေါ်မှာထားတဲ့ စေတနာနဲ့ လုပ်ရပ်ကို နွေးထွေးစွာခံစားမိတယ်…။ အဲဒီလို မသိမသာလုပ်ရပ်ကလေးတွေကပဲ… ကလေးတွေရဲ့ morality (စိတ်ဓာတ်) ကို ပိုမိုပြီး ကောင်းမွန်လာစေတယ်လို့ ထင်တယ်။ ကိုယ်တစ်ယောက်တည်း ရယူလိုစိတ်ကို ကင်းဝေးစေတယ်။
အများနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရင်းက ရလာတဲ့အသီးအပွင့်ကို အများက ဝေမျှစားကြတယ်ဆိုတဲ့… ဘာမှမထူးဆန်းသော အကြောင်းအရာတစ်ခုကို အချိန်တွေပေး… နေရာတွေပေးပြီး ကလေးတွေဦးနှောက်ထဲကို ရောက်အောင်ထည့်တယ်…။
စာရွက်မှာရေးထားတာကို သဘောလောက်ဖတ်… အလွတ်ပြန်ရေးရတဲ့ ပညာရေးမဟုတ်ဘူး။ စေ့စေ့စပ်စပ် လမ်းကြောင်းချထားတဲ့ ပညာရေး။ ထိုပညာရေးကို အလွန်ပင် သဘောကျမိပါတယ်။
Yumiko Uchida