မြို့သားတွေ ဝိုင်းဖားနေရတဲ့ တောက သာဂိရဲ့ လက်ရှိအခြေအနေ
“ညီလေးရေ ထန်းရည်တစ်မြူဟေ့” အော်ဟစ်ခုန်ပေါက်ပြီးဆင်းလာတဲ့ လူအုပ်ကြီးထဲမှ အသံတစ်သံထွက်ပေါ်လာတယ် “လာပြန်ပီ စောင်မြို့သားတွေ” သာဂိက စိတ်ထဲကရေရွတ်လိုက်တယ် ခုတလောဘာတွေဖြစ်နေတယ်မသိ.. တစ်သက်နဲ့တကိုယ် ဒီလောက်များတဲ့လူတွေ မမြင်ဖူးပေါင်ဗျာ။
သူဌေးက သူရတဲ့ တိုက်ကြီးကသစ်တောကြိုးဝိုင်းလုပ်ကွက်ထဲ သစ်ပင်လေး ဟိုတကွက်ဒီတကွက် အရောင်ပြစိုက်ခိုင်းလို့ တဲထိုးပြီး လာစိုက်နေရတဲ့သာဂိ။ အခုဘာစိတ်ကူးပေါက်တယ်မသိ မြို့သားတွေ ကိုဗစ်ပိတ်ခံရတုန်း တောကရွှံ့ဗွက်တွေ ကြည့်ချင်ကြလို့ဆိုပြီး သူဌေးက သာဂိနေတဲ့တဲကို ဓါးပြတိုက်၊ ပုံစံတူတဲစုတ် ၆လုံး ၇လုံးလောက်ဆောက်၊ သာဂိကိုမျက်နှာလွှဲပြီး ဖွင့်စားလိုက်တော့ ယာသမားသာဂိလည်း စားပွဲထိုးဖြစ်ရပြန်တာပေါ့
“ထန်းရည်ကုန်ပြီဗျ” ပေစောင်းစောင်းနဲ့ သာဂိပြန်အော်လိုက်တယ် “အာ… စားစရာတော့ ကျန်သေးတယ်မလား?” မျှော်လင့်ချက်နဲ့ လူအုပ်ထဲကအသံထွက်လာတယ် “မရှိဘူး ကုန်ပြီ” “ငင့်.. ဟိုလေ လက်ဖက်သုပ်ရော” “အာ့တော့ရမယ် စောင့်နိုင်ရင်စောင့်” သာဂိ မကျေမနပ်နဲ့ တဲတစ်တဲကို လက်ညှိုးညွှန်ရင်း ပြန်အော်လိုက်တယ်။
ဟုတ်တယ်လေ သိပ်ကြည်နေတာတော့မဟုတ်.. အိပ်ရေးလည်းပျက် သူတို့ဖွတဲ့အမှိုက်တွေလည်း သိမ်းရသေးတယ်။ အလုပ်ကိုရှုပ်နေတာပဲ မြို့သားတွေကလည်းမခေကြ။ ပါလာတဲ့ ကောင်မလေးတွေ မျက်နှာညိုမှာစိုးလို့ သူတို့ကိုယ်တိုင် လက်ဖက်တွေလာသယ်ကြ၊ ရေနွေးအေးစက်စက်တွေ လာငှဲ့ကြနဲ့။ ပြောလိုက်သေးတယ်.. ဘာတဲ့ “သဘာဝရဲ့ အလှတရားဆိုတာ ဒါပဲကွ”
ထန်းရည်မရတော့ ဘာအရေးလဲ.. သယ်လာတဲ့ ဘီယာတွေ ဖွင့်ကစ်လိုက်ရုံပဲပေါ့။ အရေးကြီးတာ တောတောင်ရေမြေတွေကြည့်ရင်း လေဝဝရှူဖို့လေ “ဟေ့လူတွေ ဒါဘာလုပ်နေကြတာလဲ.. အရက်ဘီယာမသောက်ရဘူးလို့ စာရေးထားတယ်လေ” သာဂိက လှမ်းအော်လိုက်တယ် “ဟင် ဒါဆိုအကိုတို့က ဘာသောက်ရမှာလည်း.. ထန်းရည်လည်း မရတော့ဘူးဆို” “အေးလေ စောနကပဲကုန်ပြီ ရေနွေးသောက်ပေါ့၊ ဒါနဲ့ .. မြို့ပေါ်မှာ လူရောကျန်သေးလား”
“ဟိုက်.. တောသားကအလာကြီးပါလား ငါဗျင်းလိုက်ရ” စိတ်ကူးထဲမှာပဲကြိတ်ကြိမ်းလိုက်တယ်၊ အပြင်တော့ထုတ်မပြောရဲ။ တော်ကြာ နေရာပါလက်မခံတော့ရင် ဒုက္ခ။ နေနှင့်အုံးပေါ့ကွာ.. မင်းတို့ခေတ်ပဲ မျက်နှာချိုလေးသွေးပြီး တကယ်ပြောလိုက်တာက.. “အေးပါညီလေးရာ အကိုတို့ လေကောင်းလေသန့်လေးရှူ… ရှုခင်းလေးဘာလေးကြည့်ရရင် ကျေနပ်လှပါပြီ”
“အော် အင်း ရတယ် ရတယ် လိုတာလာပြော” ပြောပြောဆိုဆိုနဲ့ ဘေးဝိုင်းက ပန်းကန်ခွက်ယောက်တွေ မနိုင်မနင်းမရင်း ပြန်ထွက်သွားတယ် ဒီလိုကိုဗစ်ကာလ သာဂိတို့တန်ခိုးထွားချက်က ဘယ်မြို့သားဖြစ်ဖြစ် မြို့ပေါ်မှာအငြိမ်မနေဘဲ စိမ်းစိမ်းစိုစိုတွေ လာကြည့်ချင်ရင် သူ့စကားနားထောင်.. တိတ်ဆိုတိတ် ဟိတ်ဆိုဟိတ်၊ တစ်ခွန်းတောင် ပြန်မဟလိုက်နဲ့နော်… ဟင်း
မနေနိုင်မထိုင်နိုင် သူတို့လူအုပ်ထဲက ကောင်မလေးတစ်ယောက် တောင်စောင်းပေါ်ပြေးတက်တော့ သူ့ကိုငမ်းနေတဲ့ ဘဲကြီးက စိတ်မချသလိုလိုက်သွားတယ် “အင်း… ကောင်းလိုက်တဲ့လေ တောနံ့လေးသင်းနေတာပဲ” မျက်လုံးအစုံကိုမှိတ် တောအုပ်ကို ဖြတ်တိုက်လာတဲ့လေပြေညင်းကိုရှူရှိုက်ရင်း ကောင်မလေးက ရေရွတ်လိုက်တော့ ငမ်းနေတဲ့ဘဲကြီးလည်း သံယောင်လိုက်ရင်း.. “ဟုတ်တယ် ကြည်နူးစရာနော် ညီမလေး”…“ညီလေးရေ ဒါဘာပန်းအနံ့လည်းကွ” အနားဖြတ်လျှောက်သွားတဲ့ သာဂိကို လှမ်းရှော့ရိုက်တယ် “အဲ့ဒါလား.. ရိုးမတစ်ဘက်က ဆင်ချေးနံ့လေ” “ထွီ.. ဝေါ့” လူကြီးမျက်နှာ ရှုံ့မဲ့သွားတယ်
ဒီကြားထဲ ဟိုဘက်က ရွစိရွစိအဖွဲ့ကတမှောင့်။ သစ်ပင်ပေါ်ပြေးတက်တဲ့သူနဲ့… တောထဲဝင်ပြေးတဲ့သူနဲ့… “ဟေ့လူတွေ.. သစ်ပင်ပေါ်ပျားအုံရှိတယ်နော်” “ကိုရေပျားအုံတဲ့.. သဲပျားရည်သောက်ချင်တယ်” ကောင်မလေးက သူ့အတွဲကို ပူဆာတယ် ကောင်လေးက သူရဲကောင်းလိုမျက်လုံးအစုံနဲ့ သာဂိကိုလှမ်းအကြည့်… “ဟာ.. သေတော့မှာပဲ သွားမလုပ်နဲ့နော် ကျုပ်ပါပြေးပေါက်မှားလို့ သွားပြုတ်နေမယ်” သာဂိက အချိန်မှီလှမ်းဟန့်တယ် “သောက်ချင် တိုက်ကြီးမြို့ပေါ်ဝယ်”
ဒီကြားထဲ ကြက်သံပုံးကင်လို့ရလားဆိုပြီး မီးထမွှေးဖို့ကြိုးစားတဲ့သူကို ငေါက်ရသေး “တောမီးလောင်မယ်နော်.. ကျုပ်တောခေါင်းနဲ့မရှင်းနိုင်ဘူး” တွေ့တဲ့၊ကြားတဲ့အတိုင်း စောင်မြို့သားတွေကိုထိန်းရတာ ဖတ်ဖတ်ကိုမောရော။ တနေကုန် ဖွလို့ ရွလို့လဲဝရော မြို့သားတို့ထုံးစံအတိုင်း လောကွတ်ကလုပ်သွားသေး “ညီလေးတော့ ကိုတို့တတွေလာတာ အတော်ပင်ပန်းသွားပြီနော်.. ကောင်းကောင်းအနားယူပါ”
သာဂိစိတ်အချဉ်ပေါက်နေတဲ့ကြားက ကိုရီးယားမင်းသားလို မျက်နှာလေးချိုပြရင်း.. “ဟာ ရပါတယ်.. ကျနော် ခါတိုင်းလည်း နွားတွေ အကောင်သုံးလေးဆယ် ကျောင်းနေကြဗျ.. စိတ်ထဲမထားပါနဲ့ ဟဲဟဲ”
ချစ်ခြင်းအားဖြင့်
အောင်ပို