သံဃာကို ဝေဖန်ရင် ငရဲ တကယ်ရောက်မှာလား (သာသနာ တည်မြဲခြင်းနဲ့ ဝေဖန်မှုအကြောင်း)
“သံဃာကို ဝေဘန်တာ အပြစ်ကြီးတယ်နော် “တဲ့ မနေ့က ရေးတင်တဲ့ ပို့စ်အောက်မှာ အမျိုးသမီးတစ်ယောက်က လာ မန့်ထားတာပါ၊ တကယ်ပဲ သူပြောသလို သံဃာကို ဝေဘန်တာ အပြစ်ဖြစ်သလား နည်းနည်းလေ့လာကြည့်ရအောင်၊
ဗုဒ္ဓဟာ ရဟန်းတွေအတွက် သိက္ခာပုဒ်ပေါင်း၂၂၇သွယ်၊ ပါတိမောက္ခသံဝရသီလပေါင်း( ကုဋေကိုးထောင် တစ်ရာ့ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်) ပညတ်တော်မူခဲ့တယ်၊ အဲဒီအထဲမှာ ၈၀%ကျော်လောက်က လူတွေဝေဘန်လို့ ပညတ်ခဲ့တာ၊ ကျန်တဲ့၂၀%လောက်က ရဟန်းအချင်းချင်းဝေဘန်လို့ ပညတ်ခဲ့တာ၊
ဆိုတော့ လူတွေဝေဘန်ခဲ့လို့ သိက္ခာပုဒ်တွေဆိုတာ ဖြစ်ပေါ်လာတာ၊ စောင့်စည်းရမယ့် သိက္ခာပုဒ်တွေရှိလို့ ဒီအချိန်ထိ သာသနာ တည်တန့်နေတာ၊
အဲဒီခေတ်က လူတွေ ဘယ်လောက်ထိ ဝေဘန်ကြမ်းသလဲဆိုရင် ဆွမ်းစားပင့်ရင် ပန်းကန်ထဲက ထမင်းကုန်အောင်မစားတာကအစ၊ မိန်းမတစ်ယောက်နဲ့ရပ်ပြီး စကားပြောမိတာအဆုံး “ဦးပြည်း ခေါင်းတုံး”လို့ခေါ်ပြီး ဝေဘန်တာ၊
လူတွေသာ အဲဒီတုန်းက “သံဃာကို ဝေဘန်ရင် ငရဲကြီးမယ်” ဆိုတဲ့ ကြောက်စိတ်နဲ့ မဝေဘန်ခဲ့ရင် သိက္ခာပုဒ်တွေဆိုတာ ဖြစ်ပေါ်လာမှာမဟုတ်ဘူး၊ သိက္ခာပုဒ်တွေ မရှိရင် ခုချိန်ထိ သာသာနာလည်း တည်နိုင်စရာအကြောင်းမရှိဘူး၊ (ဗုဒ္ဓ တခါက မိန့်ခဲ့ဖူးတယ်၊ ကဿပဘုရားရှင်ရဲ့သာသနာဟာ သိက္ခာပုဒ်တွေမရှိလို့ သက်တမ်းတိုတာ ဆိုပြီး)
ဒီနေရာ ဝေဘန်တာနဲ့ စော်ကားတာ မတူဘူးနော်၊ ဝေဘန်တယ်ဆိုတာ အပြုသဘောမျိုးနဲ့ပြောတာ၊ စော်ကားတယ်ဆိုတာ အပျက်သဘောမျိုးနဲ့ပြောတာ၊ ဒါကိုတော့ သေသေချာချာကွဲပြားဖို့လိုတယ်၊
ဒီလောက်ဆို လူတွေရဲ့ဝေဘန်မှုဟာ သာသနာသမိုင်းမှာ ဘယ်လောက်အရေးကြီးတယ် ၊မကြီးဘူးဆိုတာရော၊ သံဃာကို ဝေဘန်သင့်သလား၊ မသင့်ဘူးလား ဆိုတာရော သဘောပေါက်လောက်ကြပြီ ထင်ပါတယ်၊
မြူကင်း(တန့်ဆည်)