မသေခင်ကတည်းက သရဏဂုံ ကိုယ်တိုင်တင်ပြီး အုတ်ဂူတည်ထားသူ ဦးကျော်ဝင်း
သေပြီးမှသရဏဂုံ တင်လျင် သရဏဂုံ တည်-မတည် မသိရသည်ကိုတွေး၍ သက်ရှိထင်ရှားရှိစဉ် ကိုယ့်သရဏဂုံကိုယ်တိုင်တင်၍ သေလျင်သင်္ဂြိုလ်ရန် အုတ်ဂူတည်ထားပြီးဖြစ်ကြောင်း မုံရွာမြို့နယ် အောင်သာကျေးရွာနေ သက်ရှိထင်ရှား သရဏဂုံတင်သူ အဓိပတိဦးကျော်ဝင်းက ပြောသည်။
“ကျုပ်အယူအဆပြောရရင် သေသွားကြတဲ့သူတွေကို ကျန်နေတဲ့မိသားစုက မြေပုံရှိရာ သင်္ချိုင်းသွားပြီး သေသူရဲ့အင်္ကျီ ပုဆိုး ထမိန် တဘက် စတာတွေနဲ့သရဏဂုံတင်ဖို့ တရားနာဖို့ လိုက်ခဲ့ပါဆိုပြီး ရိုးရာထုံးတမ်းစဉ်အရ လုပ်နေကြတာတွေတွေ့ရတယ်။ အဲဒီဝိဉာဉ်ကလိုက်လာလား။ မလိုက်လာလား ဆိုတာမသိရဘူး။ သေပြီးမှ သရဏဂုံတင်တယ်ဆိုတာလည်း သရဏဂုံတည်နိုင်လား။ မတည်နိုင်ဘူးလားဆိုတာ မသိရပါဘူး။
အဲဒါတွေတွေးပြီး ကိုယ့်ကိုကိုယ်သက်ရှိထင်ရှား ရှိကတည်းက ကိုယ့်သရဏဂုံ ကိုယ်တိုင်တင်ပြီး ကိုယ်တိုင်တရားနာမယ်။ သဟဒိကဒါနမြောက်အောင်ကိုယ်တိုင်လှူဖွယ်တွေလှူပြီး ရေစက်ချတယ်။ ကိုယ့်ခန္ဓာကိုယ့်အလောင်းကိုယ်တိုင်ရှုမြင်သွားတယ်။ စိတ်ကြည်မှုရှိပြီး မသေခင်ကစိတ်ချမ်းသာတယ်။ ပြီးမှခွေးလိုသေသေ ဝက်လိုသေသေ အသေဖြောင့်တယ်” ဟု ဦးကျော်ဝင်းကရှင်းပြသည်။
အဓိပတိဦးကျော်ဝင်းသည်သူသေလျင်ထည့်သွင်းသင်္ဂြိုလ်နိုင်ရန် အုတ်ဂူကို အောင်သာကျေးရွာဦးကျော်ဝင်းနေအိမ်နှင့် မလှမ်းမကမ်း သူ၏စိုက်ပျိုးရေးခြံဝင်းအတွင်းတည်ဆောက်ထားခြင်းဖြစ်သည်။
“ကျုပ်ရဲ့သင်္ချိုင်းဘယ်ရှိလို့ ဘယ်လိုအသေမျိုးနဲ့ဘယ်နေရာမှာသေရမယ်ဆိုတာ လုံးဝမသိပါဘူး။ ဒီမှာတင် (အောင်သာကျေးရွာ)သေသည်ဖြစ်စေ အခြားအလောင်းယူရတဲ့နေရာသေသည်ဖြစ်စေ သေရင်တော့ ဒီဂူထဲရောက်မှာဘဲ။ အဲဒီလိုမဟုတ်ဘဲ လေယျာဉ်ပျက်ကျသေမယ်။ ရေနစ်သေမယ်။ ကုန်းလမ်းမှာလျှိုမြှောင်ချောက်ထဲကျသေ မယ်။ တခြားအလောင်းရှာမရတဲ့နေရာမျိုးသေမယ်ဆိုရင်တော့ ဒီဂူထဲရုပ်ကလာဒ်မပြောနဲ့။ အရိုးပြာတောင်ထည့်နိုင်မှာမဟုတ်ပါဘူး။
ဒီဂူထဲမရောက်လည်း ကျုပ်တို့ဗုဒ္ဓဘာသာမှာစကားရှိတယ်။ ဘုရားတစ်ဆူဂူတစ်လုံးဆိုတာပါ။ ကျုပ်ဒီဂူထဲမရောက်လည်းသား-သမီး-မြေး-မြစ်-တီ-တွတ်စတာတွေဦးချကန်တော့နိုင်တယ်။ သူတို့ရဲ့ကုသိုလ်မှတ်တိုင်တစ်ခုဖြစ်ရစ်တာပေါ့ဗျာ” ဟု ဦးကျော်ဝင်းကရှင်းပြသည်။
မသေခင်ကတည်းက တည်ဆောက်ထားသောအုတ်ဂူခေါင်းပိုင်းတွင်ဘုရား ရဟန်းကျောင်း ဇရပ် သာသနာ့ဒါယကာကြီး အဓိပတိဦးကျော်ဝင်း အသက်( ) ၁၃ ခု လ( )ရက်နေ့ အနိစ္စချုပ်ငြိမ်းသည် ဟု ရေးထိုးထားပြီး ဂူ၏မြောက်ဖက်မျက်နှာတွင် အနိစ္စ-ဒုက္ခ-အနတ္တ-သင်္ခါရ ကျွနုပ်နောက် ဘာမျှမပါ။ ကိုယ့်သမိုင်းကိုယ်ရေးကြသည်။အပ္ပမာဒေန သမ္မာဒေထ ဟုရေးထိုးထားသည်။
ဂူ၏အနောက်ဖက်မျက်နှာတွင် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား။ ကိုယ့်နောက်ပါမည်က ဒါန သီလ ဘာဝနာ ဇနိတံ ပါကံ ဇနေတိ ဟု ရေးထိုးထားပြီး ဂူ၏တောင်ဖက်မျက်နှာတွင် မှန်ကန်ဖြောင့်မတ်၍ တာဝန်ကြေပြီး မိမိကိုယ်အပြစ်မရှိဟု ယုံကြည်သောသူသည် သေမည်ကိုမကြောက်ပါ။ သေသူကသေ၍သေပြီးပါပြီ။ ကျန်ရစ်သူများက ပူဆွေးသောကမဖြစ်ပါနှင့်။ တစ်နေ့မုချသေကြရမည် ဟု ရေးထိုးထားသည်။
“အုတ်ဂူရဲ့ခေါင်းပိုင်းဦးထိပ်မှာထားတဲ့ ပစ်တိုင်းထောင်ရုပ်ထားရတာက မိမိလိပ်ပြာသန့်ရှင်းယုံကြည်လို့ ဖြစ်ပါတယ်။ ပစ်တိုင်းထောင်ဆိုတာ ဘယ်နေရာပစ်ချ ပစ်ချ အမြဲတမ်းထောင်လျက်ပါ။ သေတာတောင်သမိုင်းကောင်းနဲ့ ထောင်လျက်သေသွားမယ်ဆိုတဲ့အဓိပ္ပာယ်ပါ။” ဟု ဦးကျော်ဝင်းကရှင်းပြသည်။
အဓိပတိဦးကျော်ဝင်းသည်ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက အောင်သာကျေးရွာ သူ၏အိမ်ရှေ့တွင် ရွှေမဏ္ဍပ်ကြီးထိုးကာ မိမိကိုယ်တိုင်သံဃာတော်များပင့်၍ အလှူအတန်းပြုကာ သရဏဂုံတင်ပြီး မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် ဧရင်ကျူးကာ ညနေပိုင်းတွင်ကြိုတည်ထားသောအုတ်ဂူသို့ အသုဘချအခန်းအနားလုပ်ကာ ကြိုသေသည့်အခမ်းအနားကို ထူးထူးခြားခြားပြုလုပ်ထားခဲ့သူဖြစ်သည်။
ထိုအခန်းအနားမလုပ်ခင် ဦးကျော်ဝင်းကသူနှင့်ပါတ်သက်သူမည်သူမဆို အားလုံးအပေါ် ဘာသာရေး နိုင်ငံရေးလူမှုရေး စီးပွားရေး ပုဂ္ဂိုလ်ရေးဆိုင်ရာ တို့နှင့်ပါတ်သက်၍ပြဿနာသံသယရှိပါက လာရောက်မေးမြန်းဖြေရှင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ လာရောက်ဖြေရှင်းမှုမရှိသဖြင့် ကိုယ့်လိပ်ပြာကိုယ်သန့်ကြောင်း ဦးကျော်ဝင်းကပြောသည်။
မျိုးဝင်းထွန်း-မုံရွာ