ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးရဲ့ သမိုင်းအစ
ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးရဲ့ သမိုင်းအစ…
၁။ ရဲတပ်ဖွဲ့၏ ပထမဆုံးသော ရဲချုပ်အမည်မှာ ဒုဗိုလ်မှူးကြီး ဟယ်မီလ်တန် ဖြစ်သည်။ ၂။ ရဲတပ်ဖွဲ့၏ ပထမဆုံးသော မြန်မာလူမျိုး ရဲချုပ်မှာ ဦးဘမောင် ဖြစ်သည်။ IGP(Inspector General of Police) ၃။ ရဲတပ်ဖွဲ့သည် ၂၈.၁၀.၁၈၈၇ ရက်နေ့တွင် ကျေးရွာ အက်ဥပဒေကို ပြဌာန်းပြီး ပုဒ်မ ၃ အရ ကျေးရွာ ပုလိပ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြင့် ပေါ်ပေါက်လာခဲ့သည်။
၄။ ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်က ပုလိပ်ရဲသားများ ပထမဆုံး ရရှိသော လစာမှာ ၉ကျပ် ၁၀ပဲ ဖြစ်သည်။ ၅။ ဆပ်ကျောင်းခေါ် ပုလိပ်အတတ်သင်ကျောင်းကို ၇.၄.၁၉၀၆ ရက်နေ့တွင် တောင်ငူမြို့၌ ပထမဆုံး ဖွင့်လှစ်ခဲ့သည်။ ၆။ ပဋိညာဉ်ခံ ဝန်ထမ်း ရာထူးကို မြန်မာထဲမှ ပထမဆုံး ရရှိခဲ့သူမှာ ဦးဘဖြစ်သည်။ ရာဇဝတ်ဝန်ရာထူးဖြစ်ပြီး ယခု ရဲမှူး ရာထူးနှင့်ညီမျှသည်။
၇။ မြန်မာထဲမှ ပထမဆုံး အင်စပက်တော် သင်တန်း တက်ရောက်ခွင့်ရသူမှာ ဦးဘဖြစ်သည်။ ၈။ လူဆိုးများ၏ မျက်နှာ ပုံသဏ္ဍန်အား မှတ်မိစေရန် W.E.N (Wrinkle, Eyes and Nose) စာအုပ်အား ပထမဆုံး ပြုစုခဲ့သူမှာ ဦးဘဖြစ်ပြီး အင်္ဂလိပ်များ၏ ချီးကျူး ဂုဏ်ပြုမှုကို ခံခဲ့ရသည်။ ၉။ DY Cadet တိုက်ရိုက်ခန့် ရာဇဝတ်ဝန်ထောက် (ဒုရဲမှူး) ရာထူးကို ပထမဆုံး ရရှိသူမှာ ဦးလတ်ဖြစ်သည်။
၁၀။ စုံထောက်သင်တန်းကျောင်းကို ၁၉၆၂ ခုနှစ်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။ ၁၁။ ပထမဆုံး ပုလိပ်အက်ဥပဒေကို ၁၄.၈.၁၉၄၅ ရက် နေ့တွင် ပြဌာန်းခဲ့သည်။ ၁၂။ ပထမဆုံး ပုလိပ်သပိတ်မှာ ၅.၉.၁၉၄၆ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဦးဆောင်ခဲ့သူများမှာ အင်စပက်တော် ဦးဝင်းမောင် ဦးအေး ဦးစိုးရှိန် တို့ဖြစ်သည်။
၁၃။ ပထမဆုံးသော နိုင်ငံတော် လုပ်ကြံမှုကြီးဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရမှုအား စစ်ဆေးခဲ့သူမှာ ရန်ကုန် ပုလိပ်မင်းကြီး ဦးအောင်ချိန် ဖြစ်သည်။ ၁၄။ ပြည်ထောင်စု စစ်ရဲတပ် (ရဲတပ်ရင်း) ကို ၂.၁.၁၉၄၈ ရက်နေ့တွင် တပ်ရင်းပေါင်း ၂၁ ရင်းဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ၁၅။ မြန်မာနိုင်ငံ၏ အမြင့်ဆုံး ဘွဲ့တံဆိပ် ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို ပြည်ထောင်စု စစ်ရဲတပ်၊ ၂၁ မှ တပ်ရင်းမှူး စစ်ရဲ ဗိုလ်မှူး အေးချိုက ပထမဆုံး ရရှိခဲ့သည်။
၁၆။ ပြည်ပခရီးစဉ် ပထမဆုံး သွားရောက်ခဲ့သည့် ရဲချုပ်မှာ စည်သူဦးဘမောင်ဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၇။ မြူရဲအဖွဲ့(စည်ပင်သာယာ ရဲတပ်ဖွဲ့) ကို ၁၉၅၃ ခုနှစ်တွင် ပထမဆုံး ဖွဲ့စည်းခဲ့သည်။ ၁၈။ ပြည်သူ့ရဲတပ်ဖွဲ့ကို ၁.၁၀.၁၉၆၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုစဉ်က အင်အား ၄၅၅၇၃ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၁၉။ ရဲတပ်ဖွဲ့မှ တပ်မတော်သို့ ပထမဆုံး လွှဲပြောင်း တာဝန်ထမ်းဆောင် ခဲ့သည့်အင်အားမှာ ၉၅၈၁ ဦးဖြစ်ပြီး တပ်မတော် တပ်ရင်း (၁၄) ရင်း၊ ခလရ ၈၅ မှ ခလရ ၉၈ ထိ ဖွဲ့စည်း လွှဲပြောင်း ခဲ့ခြင်းဖြစ်သည်။ ၂၀။ ယစ်မျိုးဌာန (ယခုမူးယစ်အထူး တပ်ဖွဲ့) ကို ၃၀.၉.၁၉၇၂ ရက်နေ့တွင် အင်အား ၅၈၄ ဦးဖြင့် လွှဲပြောင်း စတင်တာဝန်ထမ်းဆောက်ခဲ့သည်။ ၂၁။ ဒုရဲအုပ် လောင်း သင်တန်းအမှတ်စဉ် ၁ ကို ၁၉၆၅ခုနှစ်တွင် ဗဝတ၌ စတင်ဖွင့်လှစ်ခဲ့သည်။
၂၂။ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဗဟိုအဖွဲ့ကို ၂.၁၂.၁၉၇၅ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၂၃။ မှုခင်း မှတ်တမ်း အဖွဲ့ကို ၁၈.၆.၁၉၈၃ ရက်နေ့တွင် အရာရှိ အင်အား ၆၄၂ ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ၂၄။ ရဲတပ်ဖွဲ့၏ ပထမဆုံး တည်မြဲအမိန့် ၄ မျိုးကို ၁၉၇၆ ခုနှစ် အေပြီလတွင် ထုတ်ဝေခဲ့သည်။ ( လုပ်ငန်းရေးရာ တည်မြဲအမိန့် ၁၀ မျိုး၊ အုပ်ချုပ် ရေးရာ တည်မြဲအမိန့် ၉ မျိုး၊ ထောက်ပံ့ရေးရာ တည်မြဲအမိန့် ၁၀ မျိုး၊ ကိုယ်စီတာဝန် တည်မြဲအမိန့် ၈ မျိုးဖြစ်သည်)
၂၅။ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်း စနစ်ကို စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် စတင်အကောင်အထည် ဖော်ခဲ့သည်။ {(ပြည့်သူလူထုပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ်စတင်အကောင်အထည်ဖော်ခြင်း။ စစ်ကိုင်း အမှတ် (၁ ) ရဲစခန်း စခန်းမှူး ရဲအုပ်စိုးမြင့် (ဒုရဲမှူးကြီးငြိမ်း လင်းခေး ခရရမှူး)၊ မန္တလေးအမှတ် ( ၇ )ရဲစခန်း စခန်းမှူး ဒုရဲအုပ် စခမ မိုးမောင်သန်း လက်ရှိ ကယရမှူး) တို့ဖြစ်ကြပါတယ်။ ရဲမှူးကြီး မိုးမောင်သန်း ကယရမှူး မှ ဖြည့်စွက် ပေးပါ သည်}
၂၆။ရဲလက်စွဲကို ပထမဆုံး စတင်ပြုစုစဉ်က ပထမတွဲမှ စတုတ္ထတွဲထိ ဖြစ်ပြီး တတိယတွဲ အထိကို မြန်မာဘာသာ ပြန်ဆိုပြီး ဖြစ်သည်။ ၂၇။ ရဲချုပ်များထဲတွင် ဂုဏ်ထူးဆောင်အဖြစ် တပ်မတော် ဗိုလ်ချုပ် ရာထူးကို ချီးမြှင့်ခံခဲ့ရသူမှာ ရဲချုပ် ဦးထွန်းလှအောင်ဖြစ်ပြီး ထိုစဉ်က စစ်ဦးစီးချုပ်(ကာကွယ်ရေး ဦးစီးချုပ်)နှင့် ရာထူးတူ ဖြစ်သည်။
Myo Thant