ထိုင်းတွင် ကိုဗစ်ကူးစက်လူနာ စံချိန်တင်တွေ့ရှိ၊ မြန်မာရွှေ့ပြောင်းလုပ်သား အများစု ကူးစက်ခံနေရ

ထိုင်းတွင် ကိုဗစ်ကူးစက်လူနာ စံချိန်တင်တွေ့ရှိ၊ မြန်မာရွှေ့ပြောင်းလုပ်သား အများစု ကူးစက်ခံနေရ

ထိုင်းနိုင်ငံမှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၉၁၄ ဦးအထိတွေ့တဲ့အတွက် ဒါဟာ စံချိန်သစ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ကူးစက်မှုအားလုံးဟာ ဒီဇင်ဘာတုန်းက မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ အစုအပြုံလိုက် ကူးစက်ခဲ့တဲ့ ဘန်ကောက်မြို့တောင်ဖက်ရှိ စမွတ်ခွန်ဒေသ (မဟာချိုင်ဒေသ) ကဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အရင်က စံချိန်ဟောင်းကတော့ ဇန်နဝါရီ ၄ ရက်နေ့ကတွေ့ထားတဲ့ ၇၄၅ ဦးဖြစ်ပါတယ်။ အဲဒီတုန်းကလည်း မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများစု အလုပ်လုပ်နေတဲ့ စမွတ်စခွန်ဒေသကပဲဖြစ်ပါတယ်။ ဒီဒေသဟာ ငါးဖမ်းလုပ်ငန်းရဲ့ ဗဟိုဖြစ်ပြီး ဒီဇင်ဘာတုန်းက ပင်လယ်စာရောင်းတဲ့ဆိုင်တခုမှာ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အခြားပြည်နယ်တွေက တွေ့ရှိမှုကိုတော့ မနက်ဖန် အင်္ဂါနေ့မှာ ကြေညာမယ်လို့ဆိုပါတယ်။

တရက်ကို လူတသောင်းနှုန်းနဲ့ သီတင်းတပတ်ကြာ ဆေးစစ်မှုတွေလုပ်ပြီးနောက် စမွတ် စခွန်ဒေသမှာ အခုလို တထောင်နီးပါးအထိတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့သူ ၉၁၄ ဦးထဲက ၈၄၄ ဦးဟာ ဒီနေ့ အသစ်တွေ့ရှိတာဖြစ်ပြီး ၇၀ ကတော့ ဆေးရုံတင်ထားရသူတွေထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီစာရင်းကို လူမျိုးအလိုက်ပြန်ခွဲရင် ၁၁၉ ဦးက ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ၇၉၅ ဦးက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပါတယ်။

ဒီနေ့အစောပိုင်း ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရ ကူးစက်မှုစာရင်း တသောင်းလေးထောင်နီးနီး (၁၃,၆၈၇) ရှိလာပါတယ်။ သေဆုံးသူလည်း နှစ်ဦးထပ်တိုးတဲ့အတွက် အားလုံးပေါင်း ၇၅ ဦးရှိသွားပြီဖြစ်ပါတယ်။ စမွတ်စခွန်မှာ စတင်ခဲ့တဲ့ ဒီဇင်ဘာလကူးစက်မှုဟာ ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ ခုထဲက ၆၀ ကို ပြန်နှံ့သွားခဲ့ပါတယ်။

ဒီလိုကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် မြို့တော် ဘန်ကောက်အပါဝင် ဒေသအတော်များများမှာ ကျောင်းတွေပိတ်တာ၊ စားသောက်ဆိုင်တွေ အချိန်အကန့်အသတ်နဲ့သာ ဖွင့်ခွင့်ပေးတာအပါဝင် ကန့်သတ်ချက်အတော်များများချမှတ်ထားဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page