ထိုင်းထီများ မြန်မာပြည်တွင် တရားမဝင်၊ ရောင်းချသူ/ထိုးသူ ထောင်ကျနိုင်တဲ့ ဥပဒေ ထုတ်ပြန်ထား

ထိုင်းထီများ မြန်မာပြည်တွင် တရားမဝင်၊ ရောင်းချသူ/ထိုးသူ ထောင်ကျနိုင်တဲ့ ဥပဒေ ထုတ်ပြန်ထား…

ယခုတလော အွန်လိုင်းပေါ်မှာ ထိုင်းထီတွေ တော်တော် ခေတ်စားလာပါတယ်။ တစောင် ၆၀၀၀ နဲ့ ရောင်းတဲ့သူကလည်း အားရပါးရ ရောင်း၊ ထိုးတဲ့သူကလည်း အားရပါးရ ထိုးနဲ့ အတော် အလုပ်ဖြစ်လာကြပါတယ်။ ထိုင်းထီကလည်း စောင်ရေ ၁ သန်းပဲ ထုတ်ပြီး ၁ လမှာ ၂ ခါ ဖွင့်ပါတယ်။ အမြင့်ဆုံးဆုက ဘတ် ၆ သန်း (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဆိုတော့လည်း မက်လောက်စရာပါ။ ဒီကြားထဲ တွတ်တွေ ဒဲ့တွေနဲ့ အဆတွေ ပြန်ရတော့လည်း ထိုးပျော်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေကလည်း ပထမထီဆုကြီးတွေ ဆက်တိုက်ပေါက်တော့ မြန်မာပြည်က လူတွေ ပိုပြီး ကံစမ်းချင်သွားတာလည်း ပါပါတယ်။ ထိုင်းအစိုးရကတော့ သူ့ထီကို မည်သည့် နိုင်ငံသားမဆို ကံစမ်းလို့ ရတယ်လို့ ပြောထားပေမယ့် မြန်မာနိုင်ငံကတော့ ဒီလို မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ လောင်းကစားဥပ‌ဒေ ရှိပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ (၁၁) မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်-

ပုဒ်မ (၁၁) – မည်သူမျှ ခွင့်ပြုချက် မရှိဘဲ အောက်ပါတို့ကို မပြုရ

(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်း ကစားနည်းတခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက်ခြင်း၊ ငွေကြေး အကျိုးအမြတ် ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တနည်းနည်းဖြင့် အားပေးကူညီခြင်း

ပုဒ်မ (၁၂) – မည်သူမျှ ပုဒ်မ ၁၁ ပါ ကစားနည်းတမျိုးမျိုးတွင် ပါဝင်လောင်းကစားခြင်း မပြုရ

“ပြစ်ဒဏ်များ”

ပုဒ်မ (၁၈) မည်သူမဆို-

(က) ပုဒ်မ ၁၁ ပါ ပြဌာန်းချက် တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး တနှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်တသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

(ခ) ပုဒ်မ ၁၁ ပါ ပြဌာန်းချက် တရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တဆယ်သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

ပုဒ်မ (၁၉) မည်သူမဆို

(က) ပုဒ်မ ၁၂ သို့မဟုတ် ၁၃ ပါ ပြဌာန်းချက် တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ‌ခြောက်လမှ အများဆုံး ကျပ်တသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

(ခ) ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ ပါ ပြဌာန်းချက်တရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တနှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

ဖော်ပြ ထားတဲ့ ဥပဒေထဲက အတိုင်းဆိုရင်တော့ ထီပုံစံမျိုးကို ဒိုင်ကိုင်တာ၊ အေးဂျင့်လုပ်တာတွေဟာ ဥပ‌ဒေနဲ့ ငြိစွန်းနေကြပါတယ်။ ထိုးသားများလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆို အခုလည်း ရောင်းနေ ထိုးနေကြတာပဲ ဘာဖြစ်လို့ ဘာမှ မဖြစ်တာလဲလို့ မေးခွန်းထုတ်စရာ ရှိပါလိမ့်မယ်။

အားလုံး သိတဲ့အတိုင်း မြန်မာပြည်ရဲ့ ဥပ‌ဒေ အတော်များများဟာ စာရွက်ပေါ်မှာတင်ပဲ ရှိနေကြတာပါ။ ဒါပေမယ့် ဥပဒေ ပြဌာန်းထားတဲ့အတွက် တိုင်ရင်တော့ ရဲက အရေးယူပြီး တရားသူကြီးက ပြစ်ဒဏ်ပေးပြီး ထောင်ချရမှာပါပဲ။ အဲဒါကြောင့် ထိုင်းထီရောင်းသူနဲ့ ထိုးသူများ လူမြင်ကပ်အောင် မလုပ်ကြပါနဲ့လို့ အသိပေးလိုက်ချင်ပါတယ်။

ယခုစာသည် မည်သူ၏ စီးပွားရေးကိုမှ တိုက်ခိုက်လိုခြင်း မရှိဘဲ။ စေတနာနဲ့ အသိပေးသော စာသာ ဖြစ်ပါသည်။

(မောင်လေးလုံး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page