“အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာနှင့် ဒုက္ခပင်လယ်ဝေသွားရသည့် တိုင်းပြည်”

အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာနှင့် ဒုက္ခပင်လယ်ဝေသွားရသည့် တိုင်းပြည်…

ရေကာတာကြီးသည် သက်ရှိလှုပ်ရှားနေသော မီးတောင်အောက်တွင် တည်ရှိသည်။ ပြာများက ကောင်းကင်သို့ ထိုးထွက်လျှက်။ ဆယ်စုနှစ်နှင့်ချီ၍ ရေကာတာ မဆောက်ရန် အစိုးရအရာရှိများက သတိပေးခဲ့သည်။ ဘူမိဗေဒ ပညာရှင်တို့က မြေငလျင်တချက် လှုပ်ရုံဖြင့် ရေကာတာတခုလုံး ပျက်ပြုန်းသွားနိုင်သည်ဟု ပြောခဲ့သည်။

ယခုအခါတွင် ရေကာတာကြီးကို ဖွင့်လှစ်ပြီး ၂ နှစ်ရှိခဲ့ပြီ။ အက်ကြောင်းထောင်ချီ၍ ရေကာတာ ယန္တရားများ ပျက်လာနေသည်။ ရေကာတာထဲတွင် နုန်းများ၊ သဲများ၊ သစ်ပင်များ ပိတ်ဆို့လျှက်။ တကြိမ်တည်းသော ပမာဏအပြည့် စမ်းသပ်မောင်းနှင်မှုတွင် ပေါက်ကွဲ တုန်ခါမှုများ ဖြစ်ခဲ့သဖြင့် နိုင်ငံ၏ ပင်မဓာတ်အားလိုင်း တလျှောက် ရှော့ဖြစ် ပြတ်တောက်သွားခဲ့သည်။

တောကြီးမျက်မည်းထဲမှ ဧရာမရေကာတာကြီးကို တရုတ်တို့၏ ငွေကြေးနောက်ခံဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တောင်အမေရိကတိုက်မှ နိုင်ငံငယ် အီကွေဒေါ၏ စွမ်းအင်ပြဿနာကို ဖြေရှင်းရန်၊ ဆင်းရဲမွဲတေမှုမှ ရုန်းထွက်ရန် ဟူသော ရည်မှန်းချက်ကြီးများဖြင့် လုပ်ခဲ့ကြခြင်းဖြစ်သည်။

အမှန်တကယ် ဖြစ်လာသည်ကတော့ နိုင်ငံတဝှမ်းကို လွှမ်းခြုံလောင်မြိုက်ခဲ့သော အကျင့်ပျက် လာဘ်စားမှု တရားခွင်၊ ဘေးဒုက္ခရောက်လုနီး ကြွေးမြီပမာဏနှင့် တရုတ်၏ နှောင်ကြိုးအောက်မှ အီကွေဒေါနိုင်ငံ၏ အနာဂတ်တို့ပင် ဖြစ်သည်။

“ကြွေးမြီဝန်ထုပ်အောက်က တိုင်းပြည်”

ရေကာတာစီမံကိန်းတွင် ပါဝင်ခဲ့သော အီကွေဒေါ ထိပ်တန်းအရာရှိ အားလုံးနီးနီးသည် လာဘ်စားမှုဖြင့် အဖမ်းခံနေရဆဲ ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရပြီး အနေအထားတွင် ရှိကြသည်။ ထိုအထဲတွင် ယခင် ဒုတိယသမ္မတ၊ ယခင် လျှပ်စစ်ရေးရာဝန်ကြီးတို့ ပါဝင်သည်။ ရေကာတာစီမံကိန်းကို စောင့်ကြည့်ပေးရန် တာဝန်ပေးခြင်းခံရသည့် အကျင့်ပျက်မှု တိုက်ဖျက်ရေးအရာရှိပင် ပါလိုက်သေးသည်။

အထက်ပါ အခြေအနေတို့အတွက် အီကွေဒေါ၏ ကုန်ကျစရိတ်မှာ တရုတ်နိုင်ငံမှ ချေးငွေ ဒေါ်လာ ၁၉ ဘီလီယံ။ ကိုကာကိုဒိုစင်ကရဲယားဟု သိကြသည့် ရေကာတာကြီး တခုတည်း အတွက်တော့ မဟုတ်ပါ။ လမ်းတံတား၊ အဝေးပြေးလမ်းများ၊ ကျောင်းများ၊ ဆေးခန်းများနှင့် အခြားရေကာတာ ၆ ခုတို့ တည်ဆောက်ခဲ့သည့် စရိတ်များလည်း ပါဝင်ပါသည်။ ထိုစရိတ်တို့ကို ပေးရန် အစိုးရမှာ အသည်းအသန် ဖြစ်နေပါသည်။

အီကွေဒေါနိုင်ငံမှ ထိုအကြွေးများ ပေးနိုင်မပေးနိုင်က အရေးမကြီးပါ။ တရုတ်တို့ဘက်မှ ငွေလက်ခံရရှိပြီး ဖြစ်နေပါသည်။ အကြောင်းမှာ ငွေပေး၊ ငွေချေးထားသော ကိစ္စအ၀၀အတွက် အီကွေဒေါ၏ တန်ဖိုးအကြီးဆုံး ထုတ်ကုန် ဖြစ်သော ရေနံ ၈၀ ရာခိုင်နှုန်းကို တရုတ်က ရယူထားသောကြောင့် ဖြစ်သည်။ အရောင်းအဝယ် စာချုပ် များစွာကို ဒေါ်လာဖြင့် ချုပ်ဆိုခဲ့သည် မဟုတ်ပါ။ ရေနံဖြင့် ပေးချေရန် ချုပ်ဆိုထားခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တွင် တရုတ်တို့က ဈေးနှိမ်၍ ဝယ်ယူထားခြင်းပင် ဖြစ်သည်။ ဝယ်ရင်းဈေးအပေါ် အမြတ်တင် တဆင့်ခံပင် ပြန်ရောင်းနိုင်သည်။

တရုတ်နိုင်ငံကို ကြွေးပြန်ဆပ်နိုင်ရန် ရေနံတိုးမြှင့် ထုတ်လုပ်ရေး ကိစ္စကို အီကွေဒေါက မလွှဲမရှောင်သာ လုပ်လာရသည်။ အမေဇုံ တောထဲသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်တူးဖော်ရသည်။ ထို့အတွက် ပိုမိုကြီးမားလာသည့် သစ်တောပြုန်းတီးမှု ဘေးက ခြိမ်းခြောက်လာသည်။

ဇာတ်လမ်းမှာ ဤမျှနှင့် မပြီးသေးပါ။ သမ္မတမိုရီနိုက လူထုသက်သာချောင်ချိရေး အသုံးစရိတ်များကို လျှော့ချ ဖြတ်တောက် လာရသည်။ လောင်စာဆီဈေးနှုန်း သက်သာအောင် အစိုးရက ထောက်ပံ့မှုများကို လျှော့ရသည်။ အစိုးရဝန်ထမ်း ၁၀၀၀ ကျော်နှင့် အစိုးရဌာနများ၏ အရွယ်အစား ပမာဏကို လျှော့ချရသည်။ စီးပွားရေး ပညာရှင် အများစုက စီးပွားရေး တုံ့ဆိုင်းနှေးကွေးမှုဆီ လျှောကျ သက်ဆင်းမည်ဟု ဟောကိန်းထုတ်သည်။ ထိုအခါ အမျက်ဒေါသများ ထွက်ကြပေဦးမည်။

“တရုတ်က အီကွေဒေါကို အမြတ်ထုတ်သွားတာပဲ” ဟု လက်ရှိ အီကွေဒေါဝန်ကြီး ပဲရက်စ်က ဆိုသည်။ “တရုတ်ရဲ့ ဗျူဟာကရှင်းပါတယ်။ နိုင်ငံတွေကို စီးပွားရေးနဲ့ ထိန်းချုပ်ဖို့ပဲ” ဟု သူက ဆက်ပြောသည်။

“ငါးမျှားချိတ်မှာ မိနေတဲ့တိုင်းပြည်”

ရေကာတာကြီး ဖြစ်တည်လာပုံကိုပြောလျှင် အမေရိကန်၏ ပြိုင်ဘက်မရှိ လွှမ်းမိုးမှုကိုဖယ်ရှား၍ ဒေသတခွင် လမ်းကြောင်းသစ် ဖွင့်လိုသည့် မဟာမိတ် နှစ်နိုင်ငံပေါင်းမိသွားပုံနှင့် စရပါလိမ့်မည်။

လွန်ခဲ့သည့် ဆယ်နှစ် ကမ္ဘာ့ငွေကြေး အကျပ်အတည်းကာလကပင် တရုတ်တို့၏ အကြံအစည်မှာ မြင်သာပါသည်။ နိုင်ငံများကြား တန်းတူ ဆက်ဆံကြမည်ဟူသော ကတိကဝတ်ဖြင့် တောင်အမေရိက အစိုးရများကို တရုတ်က အရေးပေါ် အကူအညီများ ပေးပါသည်။ တန်းတူဆက်ဆံရေး ဟူသောစကားမှာ အမေရိကန်စိုးမိုးမှုှုကို ပျက်ရယ်ပြုခြင်းလည်း ဖြစ်ပါသည်။

တရုတ်တို့၏ အစီအမံက အလုပ်ဖြစ်ခဲ့ပါသည်။ တောင်အမေရိက၏ အကြီးဆုံး ကုန်သွယ်ဘက်အဖြစ် ချေးငွေများ အားဖြင့်လည်းကောင်း၊ အခြေခံ အဆောက်အအုံ များအားဖြင့်လည်းကောင်း တရုတ်တို့ အခြေစိုက်ခဲ့ ပါသည်။ နိုင်ငံရေးအရလည်း အမြတ်ထွက်ပါသည်။ တောင်အမေရိကနိုင်ငံ များသည် တရုတ်က အသိအမှတ်မပြုသည့် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြသည်။

သို့သော် အီကွေဒေါ၏ ဧရာမရေကာတာကြီးက ထုတ်ဖော်ပြနေ သကဲ့သို့ပင် တရုတ်နှင့် ဆက်ဆံရာ၌ တန်းတူရည်တူ ဖြစ်ခဲလှပါသည်။ တရုတ်နှင့် အီကွေဒေါ နှစ်နိုင်ငံစလုံးသည် ရေကာတာကြီးမှ ဆိုးရွားသော ဒီဇိုင်း အမှားများ၊ မေးခွန်းထုတ်ဖွယ် စီးပွားရေး အတွက်အချက်များကို ကျော်သွားကြသည်။ ရေကာတာ၏ နည်းပညာပိုင်းများသည် ဆယ်စုနှစ်များစွာ နောက်ကျလျှက် ခေတ်မမီတော့ဟူသော သတိပေးစကားကို အလေးမထားခဲ့ကြပါ။

ဖွံ့ဖြိုးဆဲ နိုင်ငံတို့ကို ဒေါ်လာဘီလီယံနှင့်ချီ၍ ချေးငွေပေးသည့် နည်းလမ်းအတိုင်း တရုတ်တို့က ကျင့်သုံးခဲ့ ပါသည်။ ဤဆည်ကိစ္စတွင် တရုတ်တို့ဘက်မှ ငွေကြေးဆိုင်ရာ ဘေးအန္တရာယ်ကို ရင်ဆိုင်ရသည်ဟု ဘယ်တုန်းကမျှ မရှိခဲ့ပါ။ အလောင်းအစား လုပ်ရသည်မှာ အီကွေဒေါ ဖြစ်ပါသည်။ ယခုအခါတွင် အီကွေဒေါသည် တရုတ်ကိုပေးရန် ငွေများအပါအဝင် များစွာသော ငွေယိုပေါက်၊ ငွေလိုပေါက်များကို ဖြည့်ရန် ချေးငွေအသစ်များ ထပ်ရှာနေရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်ပင် သမ္မတ မိုရီနိုသည် ကြွေးမြီကိစ္စ ညှိနှိုင်းရန်၊ နောက်ထပ် ဒေါ်လာသန်း ၉၀၀ ချေးငှားရန် တရုတ်သို့ သွားခဲ့ပါသည်။

“တရုတ်က ငါးမျှားချိတ် တပ်ထားတာလေ။ နောက်ဆုံးမတော့ အဲဒီတိုင်းပြည်တွေက ဘာရှိလို့တုန်း။ ကိုယ် ဘာရမယ် ဆိုတာတောင် သိကြတာမှမဟုတ်တာ”

“နောက်ခံသမိုင်း”

ရေကာတာကြီးဆောက်နေပြီဟု သိသောအခါ ၁၉၈၀ ကျော် နှစ်များက စွမ်းအင်ဝန်ကြီးဟောင်း ဆန်းတို့စ် တယောက် မယုံနိုင်ဖြစ်ရပါသည်။

သူအစိုးရအဖွဲ့ထဲတွင် ရှိစဉ်က ယခုထက် အရွယ်အစား များစွာငယ်သော စီမံကိန်းကို အရာရှိများက ငြင်းပယ်ခဲ့သည် မဟုတ်ပါလား။ အနီးအနားတွင် မီးတောင်ရှိနေသော အကြောင်းကြောင့် ရေကာတာ စိတ်ကူးစိတ်သန်း တခုလုံး ပျက်စီးခဲ့ပြီးဖြစ်သည်။ ၁၉၈၇ က ငလျင်ကြီး တခုလှုပ်ရာတွင်လည်း ဒေသတွင်းမှ ရေနံထုတ်လုပ်မှု အခြေခံအဆောက်အအုံများ ရပ်တန့်ပျက်သုဉ်း ခဲ့ရပြီးပြီ။

“၁၆ ရာစုမှာ စပိန်တွေ အီကွေဒေါ ရောက်ကတည်းကစလို့ မီးတောင်က ပေါက်နေခဲ့တာပဲ။ ဒီလောက် အန္တရာယ်များတဲ့ နေရာမှာ ဒီလောက် ငွေအများကြီး ရင်းနှီးမြှုပ်နှံတာဟာ အဓိပ္ပာယ် တော်တော်မဲ့တာပဲ” ဟု စွမ်းအင် ဝန်ကြီးဟောင်း ဆန်းတို့စ်က ဆိုပါသည်။ ဤမျှမကပါ။ အခြားသောသတိပေး ခေါင်းလောင်းများလည်း မြည်နေပါသည်။

၂၀၁၀ တွင် စီမံကိန်းကို သီးခြားလွတ်လပ်သော အဖွဲ့က စိစစ်ခဲ့ပါသည်။ မက္ကဆီကို အစိုးရက စီစဉ်ပေးသော (နယူးယောက်တိုင်းမ် သတင်းစာကြီးက ရရှိခဲ့သော) ထိုအစီရင်ခံစာက ရေကာတာကြီးထဲတွင် ရေမည်မျှ ရှိမည်နှင့် ပတ်သက်၍ နှစ် ၃၀ အတွင်း အဆိုပါဒေသတွင် လေ့လာ မှတ်တမ်းပြုထားသည်များ မရှိပါဟု ဆိုသည်။

ထိုအချိန်လောက်မှစ၍ အီကွေဒေါနိုင်ငံသည် မိုးခေါင်ရေရှား ဒဏ်ကိုခံခဲ့ရသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေခဲတောင်များ ပျော်ကျ နေသည်ကိုလည်း ပူပင်ခဲ့ကြရသည်။ “သတိပေးစကားများ ရှိသော်လည်း ထပ်လေ့လာနေလျှင် ကြာမည် စိုးသောကြောင့် အကြီးတန်း အရာရှိများသည် ရှေ့ဆက်လုပ်ရန်သာ တွန်းအားပေးခဲ့သည်” ဟု ယခင်ရေကာတာ မန်နေဂျာ စီပီဒါက ဆိုသည်။ ထိုစဉ်က အရှိန် မနှေးချင်ခဲ့ကြပါ။

အီကွေဒေါမှ တရုတ်သံတမန်တဦးကပင် စီမံကိန်းနှင့် ပတ်သက်သော သူ့သံသယကို ထုတ်ပြောပါသည်။ “သဘာ၀၀န်းကျင် ကိစ္စတွေကို လုံလုံလောက်လောက် ဂရုမစိုက်ခဲ့ကြဘူး” ဟု သူက ဆိုသည်။

တရုတ်တု့ိ၏ ရေကာတာ တည်ဆောက်မှု သမိုင်းမှတ်တမ်းတွင် အားတက်စရာရော၊ ပူပင်စရာပါ အတူတွဲ နေသည်ကို တွေ့ရပါသည်။ မြစ်ကျဉ်းသုံးသွယ် စီမံကိန်းသည် ကမ္ဘာတွင် အကြီးဆုံးရေအားလျှပ်စစ် စီမံကိန်း ဖြစ်ပါသည်။

သို့ရာတွင် အဆိုပါ ရေကာတာကြီးတွင် လုံခြုံရေးအစီအမံ ချို့တဲ့မှုကြောင့် အလုပ်သမား ရာဂဏန်း သေဆုံးရခြင်း၊ လူတသန်းရပ်ရွာစွန့်ခွာ ရွှေ့ပြောင်းရခြင်း၊ သစ်တောပြုန်းတီးမှု အပါအဝင် သဘာ၀၀န်းကျင် ပျက်စီးမှုသည် သိသာသည့် ပမာဏ တရပ်အထိ ကြီးမားခြင်းတို့ကို ကြုံတွေ့ခဲ့ရပါသည်။

မည်သို့ပင် သတိပေးမှုများရှိစေ၊ အားကြီးသော ပထဝီနိုင်ငံရေး အခြေအနေက အဓိကနေရာကို ယူခဲ့ပါသည်။ ထိုစဉ်က သမ္မတမှာ အမေရိကန်သြဇာမှ ရုန်းထွက်၍ ခေတ်သစ်နိုင်ငံ တည်ထောင်မည်ဟု ကြွေးကြော်နေသော လက်ဝဲဝါဒီ ကော်ရီးယား ဖြစ်ပါသည်။

၂၀၀၆ တွင် ရွေးကောက်ခံရသော ကော်ရီးယားသည် ကိုလိုနီ ဆန့်ကျင်ရေး အပြောအဟောများဖြင့် အမေရိကန်ကို ဦးတည် တိုက်ခိုက်ခဲ့သည်။ ၂၀၀၈ တွင် အမေရိကန် မူးယစ်ဆေးဝါး ကင်းထောက် လေယာဉ်များအတွက် အီကွေဒေါလေတပ် အခြေစိုက်စခန်းများ အသုံးပြုခွင့် သက်တမ်း တိုးမပေးတော့ပါ။

ထို့နောက်တွင် ကော်ရီးယားသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ကဲ့သို့သော နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့များကို ပစ်မှတ်ထား ပြန်ပါသည်။ အစိုးရ အသုံးစရိတ်များ ကန့်သတ်သည်ကို သူက ရှုတ်ချသည်။

၂၀၀၈ တွင် အီကွေဒေါ၏ ပြည်ပကြွေးမြီ ၃.၂ ဘီလီယံကို ပေးဆပ်ရန် ပျက်ကွက်သည်။ ကြွေးမဆပ်၍ ငွေသစ်ချေးမရ အခြေအနေကို ဖြေရှင်းရန် တရုတ်ကို ဖိတ်ခေါ်ခဲ့ရသည်။

“အနောက်နိုင်ငံက ဘဏ်တွေ၊ ငွေကြေးအဖွဲ့တွေနဲ့ ကော်ရီးယားက ခွာချင်တယ်။ တရုတ်နဲ့လည်း လွယ်မှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သိနေခဲ့တယ်” ဟု ကော်ရီးယားလက်ထက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး ဘော်ဂျာကဆိုသည်။

ချေးငွေ အများစုသည် တရုတ်အစိုးရပိုင် သွင်းကုန်ထုတ်ကုန်ဘဏ် (China Export Import Bank – EXIM) မှလာပြီး အတိုးနှုန်းမြင့်မား လှသည်။ တရုတ်ကုမ္မဏီများကိုသာ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သုံးရမည်ဟု သတ်မှတ် ထားသောကြောင့် ဈေးပြိုင်စနစ်လည်း ကျင့်သုံး၍မရ ဖြစ်ရသည်။ ထိုထိုသော ချေးငွေဆိုင်ရာ လိုက်လျောရသည့် အချက်များက ဘော်ဂျာနှင့် အခြားသော အရာရှိများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

တရုတ်တို့သည် အီကွေဒေါ ရေနံများကို အထူးတလည် စိတ်ဝင်စားပြီး ၂၀၀၉ သဘောတူညီချက် တခုတွင် ဒေါ်လာ ၁ ဘီလျံ ချေးငွေကို ရေနံတင်ပို့၍ ပြန်ဆပ်ရန်ဟူ၍ ပါရှိသည်။

“အနောက်အုပ်စုရဲ့ တံခါးတွေကလည်း ပိတ်သွားပြီ၊ ကျုပ်တို့မှာ ရွေးစရာမရှိဘူးလေ” ဟု မစ္စတာဘော်ဂျာက ဆိုသည်။

တရုတ်နှင့် ချိတ်ဆက်လိုက်၍ သမ္မတကော်ရီးယား တယောက် ငွေချေးယူစရာ လမ်းပွင့်ခဲ့သည်။ ထိုအချိန်တွင် တခြား အကျပ်အတည်း တရပ်ပေါ်လာသည်။ လျှပ်စစ်မီး ပြတ်တောက်သည့် ပြဿနာဖြစ်သည်။ မိုးခေါင်ရေရှား မှုကြောင့် ရေလှောင်ကန်များ ခန်းခြောက်လာပြီး ရေကာတာများ အလုပ်မလုပ်တော့။ နည်းလမ်းသစ် ရှာရမည့်အစား သမ္မတကော်ရီးယားက ရေအားလျှပ်စစ်ကို တိုးထုတ်ရန် ပြင်သည်။

သို့ဖြင့် အီကွေဒေါသမိုင်းတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာပြီး အီကွေဒေါ လျှပ်စစ်လိုအပ်ချက်၏ သုံးပုံတပုံကို ဖြည့်ပေးမည်ဟု ယူဆကြသော ကိုကာကိုဒိုစင်ကရဲယား ရေကာတာ စီမံကိန်းကြီး ပေါ်လာသည်။

“ရေကာတာကြီး ဆောက်ပြီးသည့်နောက်”

ရေကာတာကြီး ဖြစ်လာခဲ့ပြီ။ ယခင် ဆယ်စုနှစ်များက ငြင်းပယ်ခဲ့သော ရေကာတာ ပမာဏထက် နှစ်ဆကြီးသည်။ မီးတောင်၏ အောက်တည့်တည့်တွင် ဖြစ်သည်။ ၂၀၁၆ နှစ်ကုန်ပိုင်း ရေကာတာဖွင့်ပွဲကို သမ္ဇတ ရှီကျင်ဖျင့် တက်ရောက်ဆင်နွှဲခဲ့သည်။ သူမလာခင် နှစ်ရက် အထိ ရေကာတာနှင့် လျှပ်စစ်စက်ရုံများ ဖရိုဖရဲဖြစ်နေခဲ့သည်။

အင်ဂျင်နီယာများသည် သတ်မှတ်ပမာဏ အပြည့်ဖြစ်သော ၁၅၀၀ မီဂါဝပ် ထုတ်လုပ်ရန် ကြိုးစား ကြည့်သည်။ သို့သော် စက်ရုံနှင့် အီကွေဒေါ ပင်မလျှပ်စစ်လမ်းကြောင်းက ခံနိုင်သည့် အနေအထားမရှိ။ စက်ရုံမှ လျှပ်စစ်ပစ္စည်းများ အန္တရာယ်ကြီးစွာ တုန်ခါပြတ်တောက် ကုန်သည်။ မီးပြတ်တောက်မှုများ နိုင်ငံအတွင်း ပျံ့နှံ့သွားသည်။

ထိုအကြောင်းကို အီကွေဒေါပြည်သူတို့အား ထုတ်ဖော် မပြောခဲ့ပါ။ ပါဝါအပြည့် မောင်းနှင်ရန်လည်း ထိုမှစ၍ မကြိုးစားတော့ပါ။ ယနေ့အခါတွင် စက်ရုံမှ ပြောထားသည့် ပမာဏ၏ တဝက်သာ ထုတ်လုပ်နိုင်ပါသည်။

ရေကာတာ ဒီဇိုင်းနှင့် ခြောက်သွေ့စိုစွတ် ရာသီဥတုကြောင့် စက်ယန္ကရား အားလုံး အဆင်ပြေလျှင်ပင် သတ်မှတ်ပမာဏကို တနေ့လျှင် နာရီအနည်းငယ်၊ တနှစ်လျှင် ခြောက်လသာ ရမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ဤသည်မှာလည်း စက်ယန္တရားအားလုံး အဆင်ပြေပါမှ။

သို့သော် ရေကာတာကြွေးကတော့ တရုတ်ထုတ်ကုန်သွင်းကုန် ဘဏ်သို့ ပြန်ဆပ်ရပါမည်။ ချေးငွေ ၁.၇ ဘီလီယံကို ၇ ရာခိုင်နှုန်းအတိုးနှင့် ၁၅ နှစ်အတွင်း ချေရမည်။ အတိုးချည်း တနှစ်လျှင် ၁၂၅ သန်းရှိသည်။ ဝန်ထုပ်ဝန်ပိုးက အီကွေဒေါပြည်သူတွေ အပေါ်ကျပြီဟု ယခုအခါ ပြောနေကြပြီ။

ဓာတ်အားလိုင်း ဖြတ်သွားရာ နေရာတို့မှ ပြည်သူတို့သည် အသံတအီအီ ဓာတ်အားလိုင်းတာဝါတိုင်တို့ မြေပြိုလျှင် လဲကျမည်ကို ကြောက်နေကြရသည်။ တရုတ်တို့သည် တာဝါတိုင် အုတ်မြစ်များကို ကျောက်ထု အမာနှင့် ဆောက်မသွားဟု ဘူမိဗေဒပညာရှင်တို့က ပြောသည်။

နောက်ထပ် မကျေနပ်ချက်မှာ ဓာတ်အားခဖြစ်သည်။ အစိုးရက ဓာတ်အားခ သက်သာသွားမည်ဟု ပြောသော်လည်း အိမ်မီးလင်းရန် တလဒေါ်လာ ၆၀ ပေးနေရသည်။ “အရင်တုန်းက နှုန်းထားတောင် မဟုတ်တော့ပါလား” ဟု မိသားစုများက မေးခွန်းထုတ်ကြသည်။

“ကိုယ်ကျိုးစီးပွားများ”

ရေကာတာကြီး၏ အဝင်၀ ကျောက်သား ကဗ္ဗည်းတွင် ရည်ညွှန်းထားသည့် အမည်မှာ ဂျော့ဂလပ်စ် အက်စပီနယ် Gorge Glas Espinel ဖြစ်ပါသည်။ အီကွေဒေါ ဒုသမ္မတ၊ မဟာစီမံကိန်းကြီး တည်ဆောက်ရန် အမြော်အမြင်ရှိခဲ့သူဟု ကဗ္ဗည်းတွင် ရေးထိုးထားသည်။

ယခုအခါ ထိုသူမှာ ထောင်ဒဏ်ခြောက်နှစ်ဖြင့် အီကွေဒေါ ထောင်ထဲသို့ ရောက်နေသည်။ တရုတ်ကုမ္မဏီတို့၏ အဓိက ပြိုင်ဘက် ဘရာဇီး ကုမ္ပဏီထံမှ လာဘ်ယူမှုဖြင့် ကျခံနေရခြင်းဖြစ်သည်။ တရုတ်တို့ထံမှ လာဘ်ယူခဲ့သလား ဆိုသည်ကို အီကွေဒေါအရာရှိများက စုံစမ်းနေဆဲဖြစ်သည်။ ပေါ်ထွက်လာသော အထောက်အထားများ အရမူ တရုတ်တို့ထံမှလည်း လာဘ်ယူခဲ့သည်ဟု ညွှန်ပြနေသည်။

လာဘ်စားမှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အခြားအရာရှိများထဲတွင် ယခင် လျှပ်စစ်ဝန်ကြီး၊ ယခင် အကျင့်ပျက်မှု တိုက်ဖျက်ရေး အရာရှိတို့လည်း ပါဝင်သည်။ သမ္မတဟောင်း ကော်ရီယာက ဘယ်ဂျီယံသို့ ထွက်ပြေး တိမ်းရှောင် နေသည်။ နိုင်ငံရေး ပြိုင်ဘက်တဦးအား ပြန်ပေးဆွဲရာတွင် စီစဉ်သူအဖြစ်လည်း အလိုရှိနေသည်။

အကျင့်ပျက်မှုများတွင် တရုတ်တို့ဘက်မှ ပတ်သက်မှုကို ဦးဆောင် စစ်ဆေးနေသော အီကွေဒေါ ရှေ့နေချုပ်သည် ၂၀၁၈ နိုဝင်ဘာလဆန်းက တရုတ်သို့ အကူအညီတောင်းရန် သွားခဲ့သည်။ ပြန်ရောက်ပြီး မကြာခင် နိုဝင်ဘာ ၁၃ တွင် ရုတ်တရက် ရာထူးမှ နုတ်ထွက်သွားသည်။

ကီဂျိုမြစ်အတိုင်း လာလျှင် ရေကာတာကြီး အနီးသို့ရောက်ပြီကို သိရန် ခက်လှသည်။ ရေလှောင် ဧရိယာ အများစုမှာ သစ်ပင်များ၊ ခြုံပင်များဖြင့် ပြည့်နေပြီး မကြာမကြာ လှေတင်သွားသည်အထိ နုန်းများက ထူလှ သောကြောင့်ဖြစ်သည်။ ရေကာတာတွင် အလုပ်လုပ်သူများအတွက်မူ ဒီဇိုင်းအမှား များကြောင့် နုန်းပြည့်လာခြင်းသည် အခြား ပြဿနာများထက် နောက်ကျသော ပြဿနာ တခုသာဖြစ်သည်။

အစောပိုင်းကာလ ၂၀၁၄ ကပင် တရုတ်လုပ် စတီးစက်ပစ္စည်းများတွင် အက်ကွဲကြောင်းများ ပေါ်သည်ကို နည်းပညာသမားတို့က သတိထားမိကြသည်။ ထိုနှစ် ဒီဇင်ဘာကလည်း တူးမြောင်းရေမြုပ်၍ ပြိုကျသဖြင့် အလုပ်သမား သုံးယောက် သေဆုံးခဲ့ရသည်။ သမ္မတကော်ရီယားက မေး၍ အကြီးတန်းအင်ဂျင်နီယာ တဦးက ကြုံနေသော ပြဿနာများကို အစီရင်ခံစာတင်သည်။ နောက်ရက်များတွင် ထိုအင်ဂျင်နီယာ အလုပ်ထုတ် ခံရသည်ဟု ယခင်အရာရှိ တယောက်က ဆိုသည်။

အကျင့်ပျက်မှု တိုက်ဖျက်ရေးအရာရှိက ရေကာတာစီမံကိန်းကို စစ်ဆေးခဲ့သော်လည်း အလုပ်နောက်ကျခြင်း ကဲ့သို့သော အသေးစား ကိစ္စများကိုသာ ထောက်ပြ၍ ကျူးလွန်သော တရုတ်များကို ဒဏ်ငွေ အနည်းငယ်မျှ တပ်ကာ ပြီးသွားသည်။

ပြဿနာများကို လျစ်လျူရှုပေးရန်အတွက် စစ်ဆေးရန် တာဝန်ရှိသော အကျင့်ပျက်မှု တိုက်ဖျက်ရေးအရာရှိကို တရုတ်တို့က လာဘ်ပေးခဲ့ခြင်း ရှိမရှိ အီကွေဒေါမှ ဥပဒေ စိုးမိုးရေး အရာရှိများက စုံစမ်းလျှက်ရှိသည်။ ထိုအရာရှိများ၏ အဆိုအရ ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသော အီကွေဒေါ ရှေ့နေချုပ်သည် ထိုကိစ္စကို စုံစမ်းနေခြင်း ဖြစ်သည်။

“အက်ကြောင်းများနဲ့ ရေကာတာ”

ရေကာတာတွင် စက်ပိုင်းဆိုင်ရာ အက်ကြောင်း ၇၆၄၈ ခုရှိသည်။ အစိုးရ အဆိုအရ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ အရည်အသွေးမမီသော စတီးနှင့် ခိုင်သင့်သလောက် မခိုင်သော ဂဟေဆော်ချက်များ ကြောင့်ဖြစ်သည်။ ထိုလုပ်ငန်းများကို လုပ်သည်မှာ တရုတ်အစိုးရပိုင် Sinohydro ကုမ္မဏီဖြစ်သည်။ သဲနှင့်နုန်း ပြဿနာသည်လည်း အဓိက စက်ပစ္စည်းများကို ပျက်ယွင်းစေနိုင်သည့် ပူပန်စရာ ကိစ္စကြီးဖြစ်သည်။

အင်ဂျင်နီယာများသည် ရေကာတာအတွင်း သဲစီးဝင်မှုပြ ဒိုင်ခွက်ကို အထိတ်တလန့်ဖြင့်သာ ကြည့်နေသည်။ စက်ရုံ အလုပ်သမားများက ပြောသည်မှာ မတိကျသော ဘာသာပြန်များကြောင့် ရန်ဖန်ရံခါ ရှုပ်ထွေးကုန်ရသည် ဟူ၏။

“တိုက်ရိုက်လျှပ်စီး တွန်းအားအုပ်စု (Direct-Current (DC) Pumping Group)” ဟု အညွှန်းသင်္ကေတ တခုတွင် တရုတ်လိုဖော်ပြ ထားသည်မှာ မှန်သည်။ သို့သော် ထိုစာကို စပိန်လိုပြန်ထားသည်မှာ “ဝါရှင်တန် ဒီစီမှ ဖိအားအုပ်စု” ဟုအဓိပ္ပာယ် လွဲချော်စွာထွက်နေသည်။

ဆက်သွယ်ရေး လွဲချော်မှုသည် ရေကာတာမှသည် အောက်ဖက်ရှိ မြစ်ကြောင်းတလျှောက် အထိ ရောက်သည်။ နုန်းကျမှု ကြီးမားသောအခါ အင်ဂျင်နီယာ များသည် ရေပမာဏကြီးစွာ လွှတ်ချ၍ နုန်းရှင်းရန် မကြာမကြာ လုပ်ကြရသည်။ ထို့အတွက် မြစ်ကြောင်းရေကြီးမှု မကြာမကြာကြုံရသည်။ အသေအပျောက်နှင့် အိမ်ယာ၊ နေရာပျက်စီးမှုများ ကြုံရသည်။

“မလိုအပ်ခဲ့သည့်အရာ”

ကြွေးမြီဝန်ထုပ်ကြောင့် ယခင် အမေရိကန်ကို ဆန့်ကျင်သကဲ့သို့ပင် တရုတ်ဆန့်ကျင်ရေးကို အီကွေဒေါ ခေါင်းဆောင်သစ်တို့က လုပ်လာကြသည်။ သို့ရာတွင် တရုတ်သြဇာစက်ဝန်းမှ လွတ်မြောက်ရန် မလွယ်ကူပါ။

“ငွေကြေးရပေါက်ရလမ်း များများမရှိတာကို သိကြတော့ တရုတ်ဆီပဲပြန်သွားပြီး တံခါး ခေါက်ကြရတာပဲလေ” ဟု အကြံပေး ကုမ္မဏီမှ ခွဲခြမ်းစိတ်ဖြာသူ တဦးက ပြောသည်။ တရုတ်ဘက်မှ ပြန်လည် လိုက်လျောသည်များလည်း ရှိပါသည်။

ဥပမာ – ရေနံတစည်လျှင် ၉၂ ဆင့် တိုးပေးခြင်းဖြစ်သည်။ ထို့ပြင် အီကွေဒေါမှ ရေနံထွက်သမျှ၏ ၉၀ ရာခိုင်နှုန်း တရုတ်ကို ပို့နေခဲ့ရရာမှ ယခုအခါ ၆၀ ရာခိုင်နှုန်းသို့ လျော့သွားသည်။

ထွက်ပြေးနေသော ယခင်သမ္မတက ဝေဖန်တိုက်ခိုက်ခဲ့သည့် ကမ္ဘာ့ဘဏ်၊ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့ကို ချဉ်းကပ်ရန်လည်း အီကွေဒေါ အစိုးရသစ်က ကြိုးပမ်းနေသည်။ ငွေရှင် မာစတာ အသစ်ရှာတာမျိုးပဲ ဖြစ်နေမယ်ဟု အချို့က စိုးရိမ်ကြသည်။

“ကျုပ်တို့က ချေးငွေကို စွဲနေကြတယ်” ဟု ယခင် စွမ်းအင် အရာရှိဟောင်းက ဆိုသည်။ နောက် တယောက် ကလည်း သဘောတူသည်။ “ခုတော့ ကျုပ်တို့သိပြီ။ တချို့အရာတွေက လိုမှမလိုပဲကိုး။ ရေကာတာကြီးလို ဟာမျိုးပေါ့ဗျာ”

ကိုးကား။ ။ The New York Time သတင်းစာပါ It Doesn’t Matter if Ecuador Can Afford This Dam. China Still Gets Paid.

(မောင်မြင့်ဇော်သည် သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်တဦး ဖြစ်သည်။)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page