အမေရိကန်သမတစီးတဲ့ တောကောင်ကြီး အကြောင်း (ဒါကြောင့်လည်း ကမ္ဘာ့ထိပ်တန်းရောက်နေတာကိုး)

အဲဖို့စ်ဝမ်းရေးပြီးတော့ အမေရိကန်သမတစီးတဲ့ကားအကြောင်းလည်း သိချင်ကြတယ်ဆိုလို့။

အမေရိကန်သမတတွေစီးတဲ့ကား အမျိုးအစားက ကက်ဒီလက် လင်မိုဆင်း ဖြစ်ပါတယ်။ အခေါ်အဝေါ်ကတော့ (ဘိ့စ်) တဲ့။ ဘာသာပြန်ရင် တောကောင်ကြီးလို့က အဆီလျှော်ဆုံးထင်ပါတယ်။ လူတိရစ္ဆာန်၊ တောရိုင်းသတ္တဝါ၊ ကြောက်စရာသားရဲကောင်။

သမတစီးတဲ့ကားကို အထူးတလည်ပြုလုပ်ပြီး လျို့ဝှက်ဌာနရဲ့ အဆင့်အတန်းနဲ့ လုံခြုံအောင်သတ်မှတ်ထားပါတယ်။ သိပ်မကြာသေးခင်က ထွက်လာတဲ့ လှို့ဝှက်ချက် (၁ဝ) ချက်ရှိတာသိလာရပါတယ်။

၁။ အိုဘားမားစီးနေတာက အရင်သမတတွေစီးတဲ့ ကက်ဒီလက် မဟုတ်တော့ပါ။ ဒီဇယ်အင်ဂျင်။ ချက်ဗရိုလက် ကိုက်လို မီးကူးနည်းသုံးထားတယ်။ ရှေ့မီးတွေက Escalade ကဟာမျိုး။ နောက်မီးတွေက STS ကဟာမျိုး။ အိမ်ပြောင်းရာမှာငှားသုံးလေ့ရှိတဲ့ ယူဟောလ် ထရပ်ကားပစ္စည်းတွေလည်းပါသေးတယ်။

၂။ သံချပ်ကာကားနဲ့တူတယ်လို့ ပြောရတာထက် ပိုပါတယ်။ ကမ္ဘာပေါ်မှာ ပြူတင်းပေါက်ပါ သံချပ်ကာကားဆိုလို့ (ဘိ့စ်) ထက်သာတာမရှိပါ။ သံထုက ၈ လက္မထူတယ်။ တံခါးတချပ်ဟာ ဘိုရင်း ၇၅၇ တံခါးလောက်လေးတယ်။ ပြူတင်းပေါက် သံထုက ၅ လက္မထူတယ်။ ၅ ထပ်ရှိတယ်။ ကျည်ကာဖြစ်တယ်။ ဂွတ်ရီးယား ကားတာယာတွေက ဘတ်စ်ကား တာယာလောက်ရှိတယ်။ ဘီးပေါက်ရင်လည်း အကွာအဝေးတခုအထိ ဆက်မောင်းလို့ရတယ်။ အတွင်းထဲကို အပြင်လောကနဲ့ ခြားထားပေးတယ်။ ဆီတိုင်ကီကို အထူးပြုလုပ်ထားတဲ့ အမြှုပ်နဲ့ အုပ်ပေးထားတယ်။

၃။ ကရိယာတန်ဆာပလာတွေက စုံလင်တယ်။ မီးသတ်ဗူး၊ အောက်စီဂျင်ဗူး၊ အရေးပေါ်သုံးဆေးပစ္စည်းတိုင်းဟာ သမတ သွေးအမျိုးအစားနဲ့ ကိုက်ညီအောင်ထည့်ပေးထားတယ်။ လက်နက်တွေလည်းပါတယ်။ အတိုတွေ၊ မျက်ရည်ယိုဗုံး၊ ပခုံးထမ်းလောင်ချာ။ အဲလိုထပ်ဖြည့်ဘို့ဟာ ၂၂-၁၁-၁၉၆ နေ့က သမတကနေဒီ ဒါးလပ်စ်မှာ လုပ်ကြံခံရအပြီးမှ ဖြစ်လာတာပါ။

၄။ လူ (၇) ယောက်စီးလို့ရတယ်။ သမတ၊ ဒရိုင်ဘာနဲ့ သမတလုံခြုံရေးအရာရှိက ရှေ့ဆုံးမှာ။ နောက်ခန်းမှာ သမတရဲ့ ဧည့်သည်တော်။ သမတနဲ့ ဧည့်သည်ကြား စားပွဲငယ်တခုရှိတယ်။ သမတထိုင်တဲ့ခုံက သားရေခုံမဟုတ်ပါ။ နက်ပြာရောင် အဝတ်သာဖြစ်တယ်။ ထိုင်ခုံခါးပတ်က တမျိုး။

၅။ တောကောင်ကြီးဘယ်သွားသွား တကောက်တည်း မဟုတ်ပါ။ ဆင်တူကားတွေပါနေမယ်။ တခြား (လင်မိုဆင်း) တွေမှာ ဧည့်သည်နဲ့ ထိပ်တန်းအရာရှိတွေစီးတယ်။

၆။ ဒူရာမက် engine ဒီဇယ်အင်ဂျင်သုံးတယ်။ ချက်ဗရိုလက် နဲ့ ဂျီအမ်စီ ထရပ်ကားတွေလိုပဲ။

၇။ ကားမောင်းသမားတွေကို အထူးသင်တန်းပေးထားတယ်။ ပြိုင်ကားမောင်းသမားနဲ့မတူပဲ ကျောင်းကားမောင်းသမားနဲ့ ပိုတူတယ်။ ဂျေတန်း ကွေ့ကွေ့တတ်တယ်။ ရဲကားတွေလိုလည်း လူရှင်းနည်းနာသင်ပေးထားတယ်။

၈။ ကားရဲ့ အတိုင်းအတာတွေသိရင် အားကျ အံ့သြသွားမယ်။ ဥပမာ ပေါင် ၂ သောင်းတင်နိုင်တယ်။ တနာရီ မိုင် ၆၀ နှုန်းနဲ့ မောင်းနေရာကနေ ၁၅ စက္ကန့်နဲ့ လုံးဝရပ်သွားစေနိုင်တယ်။ အမြင်ဆုံးပြေးနှုန်းက မိုင် (၆ဝ)။

၉။ စီ-၁၇ ဂလုတ်မာစတာ ပို့ဆောင်ရေးလေယာဉ်နဲ့ သယ်ရရွေ့ရတယ်။ အကာအကွယ်အထူစားတွေ တပ်ထားလို့ ချက်ဗရိုလက် ဆပ်အာဘန် ဆက်သွယ်ရေးယာဉ်လို့ ခေါ်တယ်။ အမေရိန်ကန်စစ်တပ်သုံးဂြိုလ်တုက ကားအထက်မှာ အမြဲရှိနေမယ်။

၁ဝ။ တခါတလေမှာ သမတဟာ တခြား အထူးမွမ်းမံထားတဲ့ ချက်ဗရိုလက် ဆပ်အာဘန် ကားစီးတယ်။ ပရီဗိုစ့် ဘတ်စ်ကားလိုပဲ။ အဲတာကို Ground Force One လို့ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၈-၁၂-၂၀၁၆

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page