တောင်းပန်ခြင်းဆိုတဲ့ နိုင်ငံရေး အနုပညာ (သို့မဟုတ်) နိုင်ငံရေးအရ တောင်းပန်ခြင်း အနုပညာ
တောင်းပန်ခြင်းဆိုတဲ့ နိုင်ငံရေး အနုပညာ (သို့မဟုတ်) နိုင်ငံရေးအရ တောင်းပန်ခြင်း အနုပညာ…
ရာထူးကနုတ်ထွက်ကြောင်း ကြေညာလိုက်တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲဟာ ဒီကနေ့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ပြည်သူလူထုကို တောင်းပန်သွားတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန်၊ သူ့တာဝန်သက်တမ်းတနှစ် ကျန်သေးချိန်မှာ အနားယူမိတဲ့အတွက် တောင်းပန်တယ်။
အဲဒါတွေအပြင် ပိုစိတ်ဝင်စားဖို့ကောင်းတာက- ဝန်ကြီးချုပ်ရာထူးမရယူခင်က ကြွေးကြော်ခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ၊ အမျိုးမျိုးသော မူဝါဒတွေကို အကောင်အထည်မပေါ်နိုင်ခဲ့ဘဲ (အကောင်အထည်ဖော်နေဆဲ) ကာလမှာ အနားယူလိုက်ရတဲ့အတွက် ဂျပန်ပြည်သူလူထုကို အနူးအညွတ်တောင်းပန်ကြောင်း စကားပါ။
ဒါ့အပြင် “နိုင်ငံရေးမှာ အဓိကအကျဆုံးက ရလဒ်ကိုထုတ်ပေးနိုင်ခြင်း ရှိမရှိ ဆိုတာပါပဲ။ ရလဒ်ကိုထုတ်ပေးနိုင်ဖို့ အမြဲကြိုးစားခဲ့ပါတယ်။ ကျန်းမာရေးအပြည့်အဝ ကောင်းမွန်နေခြင်းမရှိရင် နိုင်ငံရေးဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်။ ရလဒ်ကိုထုတ်မပေးနိုင်ရင်ဝန်ကြီးချုပ်နေရာမှာနေဖို့မသင့်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်အဖြစ်ကအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။” ဆိုတဲ့ သူ့စကားကို မြန်မာစစ်ရေး နိုင်ငံရေး ခေါင်းဆောင်တွေ သင်ခန်းစာယူသင့်တယ်ထင်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟာ ဒုတိယကမ္ဘာစစ်အတွက် တောင်းပန်တာ၊ တရုတ်အမျိုးသမီးတွေနဲ့တောင်ကိုရီးယားအမျိုးသမီးတွေအပေါ် ဂျပန်တပ်တွေကျူးလွန်ခဲ့ဖူးတာတွေအတွက် တောင်းပန်တာ အစရှိတဲ့ တရားဝင်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
လူ့သမိုင်းမှာ တောင်းပန်တဲ့လုပ်ရပ်ကို ပုဂ္ဂိုလ်ရေးအဆင့်လုပ်တာရော အင်စတီကျူးရှင်းအဆင့်လုပ်တာရော ရှိပါတယ်။ တောင်းပန်တာဟာ ပုဂ္ဂိုလ်ရေးရော နိုင်ငံရေးပါ ဖြစ်ပါသတဲ့။ တောင်းပန်တဲ့အပြုအမူတိုင်း အရေးပါသလို တောင်းပန်စကားတခွန်းတိုင်းဟာ အများပြည်သူမှတ်တမ်းဝင်တဲ့ လုပ်ရပ်ပါ။
ဟီရိုရှီးမားနဲ့နာဂါဆာကီကိုအနုမြူဗုံးကြဲချပြီး ဒုတိယကမ္ဘာစစ်ကိုရပ်တန့်စေခဲ့တဲ့ အမေရိကန်အစိုးရဟာ အဲဒီ့ဗုံးကြဲမှုအတွက် မတောင်းပန်ဖူးပါဘူး။ ဒါပေမဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်ဗုံးကြဲပြီးချိန်မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ ဂျပန်လူမျိုးတွေကို ဖမ်းဆီးအကျဥ်းစခန်းသွင်းတာတွေ လုပ်ခဲ့ဖူးတဲ့အတွက်တော့ ပြန်တောင်းပန်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာ သမ္မတရော်နယ်ရေဂင်ဟာ Civil Liberties Act ကိုလက်မှတ်ရေးထိုးခဲ့တယ်။ အဲဒီ့အက်ဥပဒေဟာ စစ်အတွင်းက ကမ့်သွင်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားဂျပန်လူမျိုး တယောက်စီတိုင်းကို ဥပဒေကြောင်းအရ တရားဝင်တောင်းပန်ခြင်း နဲ့ လျော်ကြေး ဒေါ်လာ(၂)သောင်းပေးတဲ့ အက်ဥပဒေပါ။
၁၉ ရာစုက ဟာဝိုင်ယီဘုရင့်နိုင်ငံကို ဖြုတ်ချသိမ်းပိုက်ခဲ့မှုအတွက် ဟာဝိုင်ယီပြည်သူလူထုကို တရားဝင်တောင်းပန်တာကို ၁၉၉၃ ခုနှစ်မှာ အမေရိကန်အစိုးရက ပြုလုပ်ခဲ့တယ်။ အတိတ်ပြည်တွင်းစစ်ကာလက ကျွန်စနစ်နဲ့ လူမျိုးရေးအသားအရောင်ခွဲခြားတဲ့ဥပဒေတွေအတွက် အမေရိကန်လွှတ်တော်နဲ့ အမေရိကန်အစိုးရက ၂၀၀၈ ခုနှစ်မှာ တရားဝင်တောင်းပန်ခဲ့တယ်။ တောင်အာဖရိကမှာလည်း လူမျိုးရေးခွဲခြားတဲ့နိုင်ငံရေးစနစ်ကိုကျင့်သုံးခဲ့တဲ့အစိုးရဟာ နောက်ပိုင်းမှာ တရားဝင်တောင်းပန်စကားပြောခဲ့တယ်။
တခါတရံမှာ ခေါင်းဆောင်တွေဟာ သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ ဘာမှမသက်ဆိုင်တဲ့ (သူတို့ကိုယ်တိုင် ကျူးလွန်ထားခြင်း မရှိတဲ့) မကောင်းမှုတွေအတွက် တောင်းပန်ကြပါတယ်။
၁၉၇၀ က ပိုလန်ကို အလည်အပတ်သွားခဲ့တဲ့ ဂျာမနီအဓိပတိ ဝီလီဘရန့်ဟာ ဝါဆောစစ်ပွဲအထိမ်းအမှတ်ရုပ်တုနားရောက်တဲ့အခါ ဒူးထောက်ထိုင်ချပြီး ဒုတိယကမ္ဘာစစ်ကာလတုန်းက ပိုလန်ဂျူးတွေအပေါ် ဂျာမန်နာဇီတွေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တောင်းပန်တဲ့အမူအရာကို ငြိမ်ငြိမ်သက်သက်ပြသခဲ့ဖူးပါတယ်။ ၁၉၃၀နဲ့ ၁၉၄၀ခုနှစ်တွေမှာ နာဇီဟစ်တလာအစိုးရတပ်တွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် တနိုင်ငံလုံး စုပေါင်းဝမ်းနည်းခြင်း ပြုမူဆောင်ရွက်တာကို ဂျာမနီနိုင်ငံက ၁၉၆၀ခုနှစ်တွေကစပြီး လုပ်ဆောင်ခဲ့ပါတယ်။
၁၉၇၂ ခုနှစ်က မြောက်အိုင်ယာလန်မှာ ကျူးလွန်ခဲ့တဲ့ Bloody Sunday massacre လို့နာမည်တွင်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက်သတ်မှုအတွက် ဗြိတိန်အစိုးရကိုယ်စား ၂၀၁၀ခုနှစ်မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက လူသိရှင်ကြား တောင်းပန်မှုလုပ်ခဲ့တယ်။ (Bloody Sunday massacre ဆိုတာ ၁၉၇၂ခုနှစ် ဇန်နဝါရီ ၃၀ရက်က မြောက်အိုင်ယာလန်မှာ လူထုဆန္ဒပြပွဲတခုအတွင်း ဗြိတိသျှစစ်သားတွေက လက်နက်မကိုင်ထားတဲ့အရပ်သား (၂၆)ယောက်ကို ပစ်သတ်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။)
အဲဒီ့တော့.. ခေါင်းဆောင်တယောက်ဟာ အများပြည်သူ လူသိရှင်ကြား တောင်းပန်မှုကို ဘာကြောင့်လုပ်သင့်ပါသလဲ။
ဟားဗက်တက္ကသိုလ်ကထိက နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာဘာဘရာခဲလာမန်းရဲ့အဆိုအရ တောင်းပန်မှုတွေဟာ ရည်ရွယ်ချက် (၄) မျိုးကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
၁။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်ရွယ်ချက်
ခေါင်းဆောင်က အမှားတခု သို့မဟုတ် မမှန်မကန် တခုခုလုပ်ခဲ့တယ်။ အဲဒီ့အတွက် ခွင့်လွှတ်ပြီး မေ့ပစ်ပေးဖို့ ထောက်ခံသူတွေကို ခေါင်းဆောင်က လူသိရှင်ကြား တောင်းပန်တယ်။
၂။ အင်စတီကျူးရှင်းဆိုင်ရာ ရည်ရွယ်ချက်
ခေါင်းဆောင် တာဝန်ယူတာဝန်ခံထားတဲ့အဖွဲ့အစည်းထဲက တယောက်ယောက် (သို့မဟုတ်) တယောက်ထက်ပိုတဲ့လူတွေက အမှားတခု သို့မဟုတ် မမှန်မကန်တခုခု လုပ်ခဲ့တယ်။ အဖွဲ့အစည်းတွင်း စည်းလုံးမှုနဲ့ အဖွဲ့အစည်းပြင်ပနာမည်ဂုဏ်သတင်း မျက်နှာအဖက်ပြန်ဆယ် ထိန်းသိမ်းဖို့အတွက် ခေါင်းဆောင်က လူသိရှင်ကြား တောင်းပန်တယ်။
၃။ အဖွဲ့အစည်းတွေကြား ရည်ရွယ်ချက်
ခေါင်းဆောင်တာဝန်ယူထားတဲ့အဖွဲ့အစည်းက လူတဦး(သို့မဟုတ်)တဦးထက်ပိုတဲ့လူတွေကကျူးလွန်ခဲ့တဲ့ အမှားတခုခုက အဖွဲ့ပြင်ပက လူတဦး(သို့မဟုတ်)တဦးထက်ပိုတဲ့လူတွေအပေါ် ထိခိုက်နစ်နာစေတယ်။ နစ်နာတဲ့အဖွဲ့တွေ လူတွေနဲ့ ဆက်ဆံရေး ပြန်လည်ပြင်ဆင်ဖို့အတွက် ခေါင်းဆောင်က လူသိရှင်ကြား တောင်းပန်တယ်။
၄။ ကိုယ်ကျင့်တရားစာရိတ္တဆိုင်ရာ ရည်ရွယ်ချက်
ပုဂ္ဂိုလ်တဦးချင်းအလိုက်ပဲဖြစ်ဖြစ် အင်စတီကျူးရှင်းအလိုက်ပဲဖြစ်ဖြစ် ကျူးလွန်ခဲ့မိတဲ့ အမှားအတွက် ခေါင်းဆောင်က တကယ့်စစ်မှန်တဲ့နောင်တတရားကို တွေ့ကြုံရတယ်။ ခွင့်လွှတ်မှုကိုတောင်းခံပြီး ကတိအတိုင်းပြုလုပ်ဖို့အတွက် ခေါင်းဆောင်က လူသိရှင်ကြား အများပြည်သူကို တောင်းပန်ပါတယ်။
မူအားဖြင့်တော့ အထက်ပါရည်ရွယ်ချက် (၄)ခုထဲက တခုခုနဲ့ကိုက်ညီမှ ခေါင်းဆောင်တွေဟာ တောင်းပန်သင့်ပါသတဲ့။
အဲဒီ့ရည်ရွယ်ချက်လေးခုမှာ ပထမသုံးခုက ကိုယ်ကျိုးစီးပွားအပေါ် အခြေခံထားကြတာတွေ ဖြစ်နေပြီး နောက်ဆုံးတခုကတော့ တကယ့်အစစ်အမှန်တောင်းပန်ခြင်းပါပဲ။ တောင်းပန်သင့်တဲ့အရာဖြစ်တာကြောင့်၊ တောင်းပန်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တာကြောင့် တောင်းပန်မှုပေါ့။
တချို့အတွက်တော့ တောင်းပန်တာဟာ နိုင်ငံရေးဆူဆိုက်လုပ်တဲ့ အရှုံးသမားလုပ်ရပ်လို့ ရှုမြင်ကြပါတယ်။ ချော်တောငေါ့တောင်းပန်တာမျိုး ၊ စိတ်ရောကိုယ်ပါမနှစ်မြုပ်ဘဲတောင်းပန်တာမျိုး၊ သတိထားစဥ်းစားပြင်ဆင်တာမျိုးမလုပ်ထားတဲ့ တောင်းပန်တာမျိုးတွေကတော့ အကောင်းထက် အဆိုး ဖြစ်စေနိုင်ပါသတဲ့။ စနစ်ကျတဲ့တောင်းပန်မှုတစ်ခုဖြစ်ရင်တော့ ခေါင်းဆောင်တွေကိုရော ထောက်ခံသူတွေကိုပါ အထောက်အကူဖြစ်စေနိုင်ပါသတဲ့။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပြည်သူလူထုနဲ့နိုင်ငံအပေါ် ကျူးလွန်ခဲ့ပြီး ဘယ်တုန်းကမှ အခုအချိန်ထိ မတောင်းပန်တဲ့ သမိုင်းပြစ်မှုဆိုးကြီးတွေ စစ်ရာဇဝတ်မှုတွေ အများကြီးရှိပါတယ်။ အတိတ်ကိုသင်ပုန်းခြေဖို့ပြောချင်တယ်ဆိုရင် အဲဒီ့စကားကို အပြစ်ကျူးလွန်သူကပြောရမှာ မဟုတ်ပါဘူး၊ နစ်နာသူကသာ ပြောချင်ပြောခွင့်ရှိတာပါ။ တောင်းပန်သင့်တဲ့သူက တောင်းပန်မှသာ ခွင့်လွှတ်မှုက အောင်မြင်တာပါ။ တောင်းပန်ဖို့ လိုအပ်ပေမယ့် ဘာတောင်းပန်မှုမှ မလုပ်ရင် အနာဂတ်ကိုသွားတဲ့လမ်းဟာ တရားမျှတမှုရှာမရနိုင်တဲ့ ဒေါသတရားတွေ နာကျင်မှုတွေနဲ့ အခက်အခဲတွေ တစထက်တစ ပိုပြင်းထန်လာနိုင်ပါသတဲ့။
ခေါင်းဆောင်တယောက်ဟာ ဘယ်အချိန်မှာ တောင်းပန်သင့်သလဲ ဆိုတာကို ဟားဗက်တက္ကသိုလ်ကထိက ဒေါက်တာဘာဘရာခဲလာမန်းက အကြံပြုထားတာရှိပါတယ်။
တောင်းပန်လိုက်ခြင်းအားဖြင့် အရေးကြီးတဲ့ရည်ရွယ်ချက်တခုကို ဖြည့်ဆည်းပေးနိုင်ခြေရှိတဲ့အချိန်၊ နောက်ဆက်တွဲအကျိုးသက်ရောက်မှုကြီးတွေရှိတဲ့ ပြစ်မှုမျိုး အမှားမျိုးဖြစ်တာ၊ အမှုအတွက် ခေါင်းဆောင်က တာဝန်ယူတာဝန်ခံတာမျိုးပြဖို့ သင့်တော်တဲ့အချိန်၊ ဘယ်သူကမှ တောင်းပန်ပြီး တာဝန်ယူတဲ့အလုပ်ကို မလုပ်နိုင်ချိန်၊ ဝစီပိတ်နေတာထက် တခုခုကိုပြောလိုက်လို့ ရလာမယ့်အကျိုးဆက်က ပိုတော်ပါသေးတယ် ဆိုတဲ့အချိန်.. တွေပါတဲ့။
ပြန်လည်ရင်ကြားစေ့ရေးမူဝါဒနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ အမှားတွေကိုကျူးလွန်ထားသူတွေက ခုထိ တောင်းပန်သင့်ကြောင်း အသိတရားဝင်ပုံ မပြသေးပါဘူး။ အမှားကျူးလွန်ထားသူတွေက ကိုယ့်ကိုယ်ကို မှားတယ်လို့မထင်တဲ့အပြင် ကယ်တင်ရှင်ကျေးဇူးရှင်လို့ ဆက်ထင်နေသေးတယ်ဆိုရင် သူတို့နဲ့ရင်ကြားစေ့ရေးဆိုတာဟာ ယုံမှားလွန်ခြင်းစိတ်ဝေဒနာသာ ဖြစ်ပါလိမ့်မယ်။
အသွင်ကူးပြောင်းရေးအောင်မြင်ဖို့အတွက်တော့ ကျူးလွန်ထားတဲ့အမှားတွေကို အမှားပြင်ချက်လုပ်ပေးနိုင်မယ့်၊ အတိတ်ကနေ အနာဂတ်ကို ပေါင်းကူးရှေ့ဆက်စေနိုင်မယ့်၊ လူသိရှင်ကြားတောင်းပန်ခြင်းမျိုးဟာ လိုအပ်ပါတယ်။
ဒီ့အတွက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရ လုပ်နိုင်တာ တခုရှိပါတယ်။
ဥပမာ- ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးမွဲပြာကျနာမည်ဆိုးနဲ့လူမုန်းခံခဲ့ရတဲ့ ဂျာမနီနဲ့ဂျပန်ဟာ လူသိရှင်ကြားတောင်းပန်အမှားပြင်ဆင်ခဲ့ပြီး အခုအချိန်မှာ ကမ္ဘာ့အသိုက်အဝန်းမှာဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်တဲ့ ဥရောပတိုက်အချမ်းသာဆုံးနိုင်ငံနဲ့ အာရှဒေသတွင်းအင်အားကြီးနိုင်ငံ ဖြစ်နေပါပြီ။ ဒုတိယကမ္ဘာစစ်က နိုင်ငံတော်အမှားတွေအတွက် ဂျာမနီနဲ့ဂျပန်ခေါင်းဆောင်တွေက (သူတို့ကိုယ်တိုင် ကျူးလွန်သူ မဟုတ်ပေမယ့်လည်း ရှေ့လူတွေအမှားကို နောက်အစိုးရသိကြောင်း တာဝန်ယူတဲ့အသိအမှတ်ပြုတဲ့အနေနဲ့) လူသိရှင်ကြား အများပြည်သူကို တောင်းပန်ခဲ့ကြပါတယ်။ ဖိနှိပ်မှုတွေကိုခံခဲ့ရတဲ့သူဖြစ်ပေမယ့် အခုအချိန်မှာ အာဏာရအစိုးရဖြစ်တဲ့ အန်နယ်လ်ဒီဟာ ကိုယ်အစိုးရဖြစ်နေချိန်မှာ –
“အစိုးရဆိုတာ ဒီလိုလုပ်ရတယ်၊ နိုင်ငံတော်ဟာ အမှားရှိရင် တောင်းပန်တတ်ရတယ်၊ ပြည်သူအပေါ် တောင်းပန်တတ်ရတယ်၊ နိုင်ငံရေးအရ တောင်းပန်မှုဆိုတာ ဒီလိုကွ” ဆိုပြီး စံပြအဖြစ် လုပ်ပြရင်ကောင်းမှာပါ။ ပြည်သူအပေါ် အပြစ်ကျူးလွန်မိရင် ပြည်သူကို တောင်းပန်တတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရှိတဲ့ နိုင်ငံရေးယဥ်ကျေးမှုဓလေ့တစ်ခု မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာအောင် လုပ်သင့်ပါတယ်။ (Daw Nang Kyi Kyi)