တောင်ကြီးမှာလည်း (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ လာပြီ (ဖွင့်မယ့် ဖွင့်တော့လည်း ၃ ဆိုင်ပြိုင်ဖွင့်တာ)
မြို့တော် တောင်ကြီးတွင် ယခု ရက်ပိုင်းအတွင်း တန်ဖိုးနည်း “အဝစား” ထမင်းဆိုင်များ ဖွင့်လှစ်မှု များပြားလာတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း အနီးရှိ ဘူတာဈေး၌ တန်ဖိုးနည်း “အဝစား” ထမင်းဆိုင်ကို ဒီဇင်ဘာလ ၇ ရက်က ပထမဆုံး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ ယင်းဆိုင်ကို အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် ဈေးသူ/သားများကို အဓိကထား ရောင်းချသွားမယ်လို့ သိရပါတယ်။
ကျောင်းကြီးစုရပ်ကွက်၊ ပုလဲလမ်း (212 ဈေးအနီး)၊ အမေ့အိမ် ကုန်စုံဆိုင်တွင်လည်း ငွေကျပ် ၇၀၀ တန် “ဇလုံ” ထမင်းဆိုင်ကို ဒီဇင်ဘာလ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရေအေးကွင်းရပ်ကွက်၊ အေးချမ်းအောင်လမ်းရှိ ယူနိုက်တက်ဘားတွင် လာမည့် ဒီဇင်ဘာလ ၁၁ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်းတွင် ၅၀၀ ကျပ်တန် အ၀စား ထမင်းဆိုင်ကို ဖွင့်လှစ်ရောင်းချမယ်လို့ ကြော်ငြာထားပါတယ်။
လက်ရှိ အခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုကြောင့် ပြည်သူအများ ဝင်ငွေ နည်းပါးနေချိန် ယင်းကဲ့သို့ တန်ဖိုးနည်း “အဝစား” ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှု အပေါ် ဒေသခံများက ကြိုဆိုနေကြပါတယ်။
လှူဒါန်းတဲ့ အလှူရှင်များနဲ့ ဝေယျာဝစ္စ ဒါန ပြုကြတဲ့ စေတနာရှင် အပေါင်းလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။