အိမ်ထောင်ပြုရာမှာ အထူးရှောင်ရှားသင့်တဲ့ “ကွာ သုံးကွာ၊ ချာ သုံးချာ၊ ပါ သုံးပါ” ဆိုသည်မှာ
အိမ်ထောင်ပြုရာမှာ အထူးရှောင်ရှားသင့်တဲ့ “ကွာ သုံးကွာ၊ ချာ သုံးချာ၊ ပါ သုံးပါ” ဆိုသည်မှာ…
“အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည် စုပ်ထိုး၊ ကျောင်းထိုင်ပင့်၊ မြတ်သံဃာ၊ စာချုပ်ရန်ခက်သည့်အမျိုး။” ဆိုတဲ့ ရှေးပညာရှိများဆိုမိန့်စကားရှိပါတယ်။ အရွယ်ရောက်လာကြသူ အမျိုးသား အမျိုးသမီးတိုင်း (အပျိုကြီး၊ လူပျိုကြီးကလွဲရင်) အိမ်ထောင်ပြုကြမှာဖြစ်ပါတယ်။ အိမ်ထောင်ပြုကြတဲ့ အခါမှာလည်း မိဘပေးစားလို့ အိမ်ထောင်ပြုခြင်း၊ ကိုယ်အချင်းချင်း မေတ္တာမျှကြလို့ အိမ်ထောင်ပြုခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။
ဘယ်လိုပုံစုံမျိုးဖြင့် အိမ်ထောင်ပြုပြု အထူးဆင်ခြင်သင့်၊ ရှောင်ရှားသင့်သည့် “ကွာသုံးကွာ၊ချာသုံးချာ၊ပါသုံးပါ” ကိုတော့ အထူးရှောင်ရှားကြပါလို့ ရှေးပညာရှိများက သတိပေးပြောဆိုဆုံးမခဲ့ကြပါတယ်။ ဘာလို့လဲဆိုရင် အိမ်ထောင်ရေးအဆင်မပြေမှုတွေဖြစ်မှာဆိုးသည့်အတွက်ကြောင့်ပါ။ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါမှာ “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ” ကို သတိထားလိုက်နာကြဖို့လိုပါတယ်။
ကွာသုံးကွာ ဆိုတာ…
၁။ လူမျိုးကွာခြားခြင်း – လူမျိုးကွာခြားခြင်း ဆိုတာ လူမျိုးခြားကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိတဲ့ မိန်းကလေး၊ ယောက်ျားလေးတွေဟာ ကိုယ့်မွေးဖွားလာမယ့် ရင်သွေးငယ်လေးတွေက လူမျိုးခြားစိတ်ပေါက်သွားရင် ကိုယ့်လူမျိုးတဖြေးဖြေးတုံးပြီး ပျောက်ကွယ်သွားနိုင်လို့ပါ။
၂။ အယူဘာသာကွာခြားခြင်း – အယူဘာသာကွာခြားသူကို အိမ်ထောင် ဖက်အဖြစ်ရွေးချယ်မိတဲ့ သူများဟာ ကိုယ်ကဗုဒ္ဓဘာသာ ကိုယ့်အိမ်ထောင်ဖက်က အခြားဘာသာဖြစ်နေရင် အိမ်ထောင်ရေးအဆင်မပြေမှုတွေ အနည်းနဲ့အများဖြစ်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်က ဗုဒ္ဓဘာသာဖြစ်သည့်အားလျော်စွာ ဒါန သီလ ဘာဝနာတရားများကို ကျင့်ကြံနေတဲ့ သမ္မာဒဋ္ဌိ အယူမှန်နေသူဖြစ်လင့်ကစား ထိုကောင်းမှုများကိုပြုလုပ်ခြင်း ရှင်ပြု ရဟန်ခံခြင်းစတဲ့ ဗုဒ္ဓဘာသာနှင့်ဆိုင်တဲ့ ကုသိုလ်အလုပ်တို့ကို လုပ်ပေမယ့်လို့ ကိုယ့်အိမ်ထောင်ဖက်က အယူဘာသာမတူညီသောကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်း မရှိနိုင်ပါဘူး။
ကိုယ်က နေ့ထူးနေ့မြတ်၊ကိုယ့်ရဲ့မွေးနေ့တို့မှာ ဘုရားသွားကျောင်းတတ် ကုသိုလ်ရေစက်တွေ လုပ်ခြင်တယ်။ ကိုယ့်အိမ်ထောင်ဖက်က ဘာသာခြားဖြစ်နေသည့်အတွက် လိုလားနှစ်သက်မှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင်ရေရှည်မှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ကိုယ်ဟာဘာသာရေးနဲ့ပတ်သက်လို့ အဆင်မပြေမှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၃။ စိတ်နေသဘောထားတို့ ကွာခြားခြင်း – စိတ်သဘောထားကွာခြားသူဆိုတာ ကိုယ်က လှူချင် တန်းချင်၊ သီလစောင့်ချင်၊ဘာဝနာတရားပွားများအားထုတ်ချင်သော်လည်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်လိုစိတ်ထားမျိုးမရှိဘူးဆိုရင် ထိုကုသိုလ်အလုပ်များကို ကိုယ့်အနေနဲ့ ပြုလုပ်ဖို့မလွယ်ကူနိုင်တော့ပါဘူး။ ထိုကုသိုလ်ကောင်းမှုများ ပြုလုပ်ခွင့်မရလျှင် ကိုယ်ရဲ့ဘဝသံသရာအတွက်ဘာမှ အားကိုးစရာရှိတော့မှာ မဟုတ်တော့ပါဘူး။
လက်ရှိဘဝမှာလည်း စိတ်ချမ်းသာမှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့်ဖော်ပြပါ “ကွာသုံးကွာ”ကို အိမ်ထောင်ဖက်အဖြစ် အရွေးချယ်ကြဖို့ ရှေးပညာရှိများဆုံးမထားခဲ့ခြင်းဖြစ်ပါတယ်။
ချာသုံးချာ ဆိုတာ…
၁။ အသိဉာဏ်နုံချာသူ – အသိဉာဏ် ဗဟုသုတ အတွေးအခေါ် နုံချာနေသူကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိပြီဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ဘာသာရေး၊မိသားစုအရေး စတဲ့အရေးတွေမှာ အဆင်ပြေချောမွေ့အောင် တိုးတတ်ကြီးပွားအောင် မကြံစည်နိုင်၊ မဆောင်ရွက်နိုင်တော့ပါဘူး၊အကောင်းအဆိုး အကြောင်းအကျိုးတွေကို ကိုယ်တိုင်းစဉ်စားဆုံးဖြတ်နိုင်စွမ်းမရှိတော့ဘဲ သူများပြောတာအဟုတ်ထင်ပြီး လုပ်မိလုပ်ရာ အကျိုးမဲ့စေမယ့်အလုပ်တွေကိုသာ လုပ်ကိုင်ဆောင်ရွတ်တတ်ပြီးကိုယ့်ရဲ့မိသားစုအရေး မိသားစုအရေး စတာတွေကို နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေတတ်ပါတယ်။
၂။ စာရိတ္တနုံချာသူ – အကျင့်စာရိတ္တမရှိတဲ့ သူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိရင်လည်း အိမ်ထောင်ရေးအဆင်မပြေနိုင်ပါဘူး။ ဆင်းရဲဒုက္ခမျိုးစုံတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ မိသားစုအရှက်တကွဲ အကျိုးနည်းမှုတွေဖြစ်စေပါတယ်၊ ပတ်ဝန်းကျင်ရဲ့အထင်မြင်သေးမှု၊ သံသယမျက်လုံးတွေနဲ့ကြည့်ခံရမှု၊ ရွံရှာမုန်းတီးမှုတွေကိုပါ လက်ရှိဘဝမှာ ခံရနိုင်သလို ထိုသူအတွက်လည်းတမလွန်ဘဝမှာ အပါယ်လေးပါးကျရောက်နိုင်ပါတယ်။
၃။ ဘဝပေးနုံချာသူ – မွေးလာကတည်းက မျက်လုံးကန်းသူ၊ခြေပြတ်၊လက်ပြတ်၊ဆွံ့အ နားမကြားသူများကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိရင်လည်း ရေရှည်မှာ အိမ်ထောင်ရေးအဆင်ပြေနိုင်ဖို့ မလွယ်ပါဘူး။ တချို့ ဇနီးမောင်နှံတွေ ဖူးစာလို့ပြောရမလား၊ သနားတယ်လို့ပြောရမလား၊ အိမ်ထောင်ဖက်ရွေးချယ်တာမျိုးလည်း ရှိတတ်ကြပါတယ်ဒါမျိုးဆိုရင်လည်း နေနှင့်လ ရွှေနှင့်မြဆိုတာမျိုးမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် ရှေးပညာရှိများက အိမ်ထောင်ဖက်ရွေးချယ်ကြတဲ့အခါထို”ချာသုံးချာ”ကို ရှောင်ကြပါလို့ ဆုံးမခဲ့တာဖြစ်နိုင်ပါတယ်။
ပါသုံးပါ ဆိုတာ…
၁။ အနာရောဂါပါလာသူ – နာတာရှည် အနာရောဂါပါလာသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်ရင်လည်းသူ့ကို ဆေးကုပေးရမယ်၊ ဓာတ်စာ ကောင်းကောင်း ဝယ်ကျွေးရမယ်၊ တိုင်းရင်းဆေး၊နိုင်ငံခြားဆေး မျိုးစုံနဲ့ဆေးကုပေးရမယ်၊ဆေးရုံ ဆေးခန်းကောင်းကောင်းတတ်ပြီးဆေးကုပေးရမယ်၊ ကိုယ်အိမ်ထောင်ဖက်ကို ဆေးကုပေးနေရတာနဲ့တင် စီးပွားရေးကောင်းကောင်းမလုပ်နိုင်တော့ဘဲ စီးပွားရေးနယ်ပယ်မှာ အနုတ်လက္ခဏာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
၂။ အကြွေးပါလာသူ – အကြွေးပါလာသူကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိရင် သူ့မှာတင်နေတဲ့ အကြွေးကိုကိုယ်က လိုက်ဆပ်ပေးရပါတော့မယ်။ အိမ်ထောင်ပြုခါစ ထိုထိုအိမ်ထောင်ဖက်ရဲ့ အကြွေးများကို လိုက်ဆပ်နေရမည်ဆိုလျှင် စီးပွားရေးနလံထူဖို့ရာ အတော်ခက်ခဲ့သွားပါလိမ့်မယ်။
၃။ အပိုစားမည့်သူ(လူပိုတွေ)ပါလာသူ – ထိုသူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ရင်လည်း ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ စီးပွားရေးနယ်ပယ်မှာ ကုန်ဈေးနှုံတွေက အရမ်းကြီးပါတယ်။ ဒါ့အပြင် ကိုယ့်အိမ်ထောင်ဘက်နဲ့ အဆင်မပြေပြန်ရင်လည်း လူမှုရေးအခြေအနေ မကောင်းနိုင်ပါဘူး၊ လူမှုရေးအခြေအနေမကောင်းရင်တော့ ထိုဒဏ်ကို သည်းမခံနိုင်ကြတော့သည့်အဆုံး လင်မယားခန်းပြတ်စဲတာတွေပါ ဖြစ်နိုင်ပါတယ်။
ဒါမို့ကြောင့် အိမ်ထောင်ပြုမည်ဆိုလျှင် မိမိရဲ့ အိမ်ထောင်ဖက်မှာ “ကွာသုံးကွာ၊ချာသုံးချာ၊ပါသုံးပါ” ထဲတွင် ပါမပါ သုံးသပ်ပြီးတော့မှ ထို”ကွာ၊ချာ၊ပါ”သုံးမျိုးကို ရှောင်ပြီးတော့ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ကြဖို့ ရှေးပညာရှိများက အလေးအနက် ညွှန်ကြားဆုံးမခဲ့တာဖြစ်ပါတယ်။
မှတ်ချက် အထက်ပါ စာစုသည် ဘုရားဟောဒေသနာမဟုတ်သည့်အတွက် အချို့သူတွေအတွက် မှန်ချင်မှန်မယ်၊ အချို့သူတွေအတွက် မှားကောင်းမှားနိုင်ပါတယ်။
Tin Maung Hlaing