စကစရဲ့ ရွှေပုံသေဈေးနှုန်းနဲ့ ရန်ကုန်ရွှေဆိုင်များ မရောင်းချ၊ ရွှေဈေး (၃) ခုကွဲပြီး ဈေးကွက်ပျက်

ရန်ကုန်မှာရှိတဲ့ ရွှေဆိုင်တွေအားလုံးကို အခေါက်ရွှေတစ်ကျပ်သား ၂၅၃၀၀၀၀ ကျပ်နဲ့ပဲ အရောင်းအဝယ်လုပ်ဖို့ စကစက ထုတ်ပြန်ထားပေမယ့် ဈေးကွက်ထဲမှာတော့ ကျပ် ၂၆ သိန်းခွဲ အထက်ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်နိုင်တယ်လို့ ရန်ကုန်မြို့ ရွှေဆိုင်တချို့ဆီကနေ သိရပါတယ်။

ဒီနေ့နေ့လည် ၁၂ နာရီဈေးအရ ခန့်မှန်းရွှေဈေးအနေနဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၆၅၀၀၀၀ နဲ့ရောင်းပြီး ၁၅ ပဲရည်ကိုတော့ ၂၅ သိန်းဝန်းကျင်မှာအရောင်းအဝယ်လုပ်တယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တစ်ဆိုင်က ပြောပါတယ်။ ရွှေပြန်ရောင်းချင်ရင်တော့ ဆိုင်ရောင်းဈေးထက် ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ ဝန်းကျင်အကွာ နည်းတဲ့ဈေးနဲ့ ရွှေဆိုင်တွေက ပြန်ဝယ်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိသတ်မှတ်ဈေးနဲ့ ရောင်းချနေတဲ့ ဆိုင်တချို့ရှိပေမယ့်လည်း အလျော့အတွက်လက်ခကို အရင်ကထက် ပိုတင်ရောင်းကြတဲ့အတွက် ဈေးနှုန်းပြန်တွက်ကြည့်ရင် ကျပ် ၂၆ သိန်းအထက်မှာပဲ ရှိနေတယ်လို့ ရွှေဝယ်ယူသူတစ်ဦးကပြောပါတယ်။

ဈေးကွက်ထဲမှာတော့ ရွှေအရောင်းအဝယ်အေးနေတဲ့အတွက် ရွှေဈေးတရိပ်ရိပ်ပြန်ကျနိုင်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကတော့ ပြောပါတယ်။ ဒီနေ့ ရန်ကုန်ရွှေအသင်းကထုတ်ပြန်တဲ့ ရွှေဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၂၀၇၉၀၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေရည်ညွှန်းဈေးကလည်း ကျပ်တစ်သိန်းကျော်လောက် တက်လာခဲ့ပါတယ်။

ယခင်က ရွှေဈေးကျရင် ကုန်ဈေးနှုန်း အလိုအလျောက် ကျဆင်းလာမယ်လို့ စကစက ယုံကြည်ထားပေမယ့် လက်ရှိအချိန်မှာ ရွှေဈေး ကျနေပေမယ့်လည်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာကြောင့် မြန်မာ့ရွှေဈေးကွက် ပျက်စီးနေပြီလို့ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page