မြန်မာပြည်သူတွေကို စုပ်ခွက်ငါးထက် ပိုအန္တရာယ်ပေးနေတဲ့ အရာတခု (အရမ်းအရေးကြီးပါတယ်)

မြန်မာပြည်သူတွေကို စုပ်ခွက်ငါးထက် ပိုအန္တရာယ်ပေးနေတဲ့ အရာတခု (အရမ်းအရေးကြီးပါတယ်)

ဂေဟစနစ်အတွက် အန္တရာယ်ကြီးမှန်း မသိတဲ့အခါ မြစ်ထဲကို စုပ်ခွက်ငါးတွေ လွှတ်လိုက်တယ်တဲ့..။

ကျွန်တော်လည်း ယခင်က အဲဒီငါး အန္တရာယ်ရှိမှန်း မသိ။ ဒီမနက်က ငါးခူတစ်သောင်းဖိုးဝယ်ပြီး ချောင်းထဲကို ကုသိုလ်ဖြစ် သွားလွှတ်ရင်း စိမ်းစိမ်းစိုစို ပဲခင်းတွေထဲမှာ လယ်သမားတွေ ဆေးဖျန်းနေတာကို ကြည့်ရင်း “နောက်ထပ် မသိခြင်း အကြောင်းတစ်ခု..” ကိုပါ ဆက်စပ်တွေးမိလို့ မချိပြုံး ပြုံးမိပါတယ်။

မတ်ပဲ ၊ ပဲတီစိမ်းတွေ သီးပွင့်တဲ့ ဒီလို လမျိုးမှာ ထိုင်းနိုင်ငံဘက်ကနေ ပိုးသတ်ဆေးမျိုးစုံ တင်လာကြတဲ့ ကားကြီး ကားငယ်တွေဟာ မြန်မာပြည်ထဲကို အတားအဆီးမရှိ ဝင်လာကြပါတယ်။ အဲဒီပိုးသတ်ဆေးတွေဟာ သူတို့နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်လို့ လုံးဝပိတ်ထားကြပြီး နိုင်ငံတကာမှာပါ ထိပ်တန်းအန္တရာယ်အဖြစ် Black List ထားတဲ့ ပိုးသတ်ဆေးတွေပါ။

ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးလို့ သတ်မှတ်ထားကြတဲ့ ၊ အိုဇုန်းလွှာကို အကြီးအကျယ် ထိခိုက်စေတဲ့ ၊ ကျောရိုးရှိ သတ္တဝါတွေကိုပါ ဘေးသင့်စေတဲ့ “မီသိုမိုင်း..”ဆိုတဲ့ ပိုးသတ်ဆေးဆိုရင် ပီပါဘုံးတွေနဲ့ထည့်ပြီး ကားအစီးပေါင်းများစွာနဲ့ ထိုင်းကနေ မြန်မာပြည်ကို ပို့ပါတယ်။

ပိုးသတ်ဆေးမှာ ဓာတ်ကြွင်းပျယ်ချိန်ဆိုတာ ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု မတူပါဘူး။ တကယ့် တရားဝင် ပိုးသတ်ဆေးတွေရဲ့ ဓာတ်ကြွင်းပျယ်ချိန်ဟာ တစ်ပတ် ၊ နှစ်ပတ် သုံးပတ် စသည်ဖြင့် တစ်မျိုးနဲ့တစ်မျိုး မတူ။ အဲဒါကို PHI လို့ခေါ်ပါတယ်။ ဆေးဖျန်းပြီး ဘယ်နှရက်ကြာရင် ခူးစားလို့ ရပြီပေါ့။ ပိုးသတ်ဆေး အာနိသင် ပျယ်ပြီပေါ့။ ဒါပေမဲ့ ပိုးသတ်ဆေးဓာတ်ကြွင်းပျယ်တဲ့ အချိန် နှစ်နဲ့ချီပြီး အဆိပ်မပျယ်လို့ (အချို့ ဆယ်စုနှစ်နဲ့ ချီပြီး ဓာတ်ကြွင်းမပျယ်လို့) နိုင်ငံတကာမှာပိတ်ထားတဲ့ ဆေးမျိုးတွေဟာ အခြား အိမ်နီးချင်းနိုင်ငံတွေဆီကနေ မြန်မာနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဖောဖောသီသီ ဝင်ပါတယ်။

အမေရိကန်မှာ ၁၉၈၅ ဝန်းကျင် ၊ ဥရောပမှာ ၁၉၉၂ ဝန်းကျင်လောက်ထဲက ပျားတွေ မျိုးပွားနှုန်း ကျဆင်းသွားပြီး အရေအတွက် သိသိသာသာ နည်းသွားလို့ ပညာရှင်တွေက သုတေသန လုပ်တယ်။ အဲဒီအခါ သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေတဲ့ ပိုးသတ်ဆေး တစ်မျိုးကြောင့်ဆိုတာကို သွားတွေ့တယ်။ Imidacloprid အမျိုးအစားပိုးသတ်ဆေးပါ။ အဲဒီ ပိုးသတ်ဆေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဝင် ခွင့်ပြုထားတဲ့ အသုံးအများဆုံး (ပျ ပိုးမွှားကိုသတ်တဲ့) တောင်သူကြိုက် ပိုးသတ်ဆေးပါပဲ။

ကမ္ဘာမှာ ပိုးသတ်ဆေးအသုံးဆုံးနိုင်ငံက ဥရောပနိုင်ငံတွေပါ။ တစ်ကမ္ဘာလုံးက ထုတ်တဲ့ပိုးသတ်ဆေးရဲ့ ၄၅%ကိုသုံးပါတယ်. ဒုတိယက ၂၅%သုံးတဲ့ အမေရိကန်ပါ.. အိမ်နီးချင်းနိုင်ငံတွေထဲ ပိုးသတ်ဆေးအသုံးအများဆုံး အိန္ဒိယဟာ တစ်ကမ္ဘာလုံးကထုတ်တဲ့ ပိုးသတ်ဆေးပမာဏရဲ့ ၃ % ကို သုံးပါတယ်။ မြန်မာနိုင်ငံက ပိုးသတ်ဆေးသုံးတာ နိုင်ငံတကာနဲ့ယှဉ်ရင် ၁ % တောင်မရှိပါဘူး။ ဒါပေမဲ့ ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ကင်ဆာအပါအဝင် ရောဂါရမှုမှာတော့ မြန်မာနိုင်ငံက ထိပ်ဆုံးမှာရှိနေတယ်။

စုပ်ခွက်ငါးတွေကို ဧရာဝတီမြစ်ထဲ လွှတ်တာထက် အဆ ထောင်သောင်းချီ ဆိုးရွားတဲ့ အဆိပ်တွေဟာ မြန်မာနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေရော၊ တရားဝင်ရော ဒလဟော ဝင်လာနေကြပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင် ပိုးသတ်ဆေး အမျိုးအစားပေါင်း ၅၀၀၀ ဝန်းကျင်ရှိပါတယ်။ (၂၀၁၇ ခုနှစ်က အရေအတွက်ပါ) တရားမဝင်ဆိုရင် ဒီထက် ပိုများပါလိမ့်မယ်။ ဒါတွေကို ပြည်သူအများစု မသိပါဘူး။

ဒါ့အပြင် ပိုဆိုးတာက (အဓိက ပြဿနာဟာ) ပိုးသတ်ဆေးကို စနစ်တကျဖျန်းတယ်ဆိုတဲ့ တောင်သူတွေဟာ အနည်းအကျဉ်းပဲ ရှိပါတယ်။ နိုင်ငံခြားမှာဆို ပိုးသတ်ဆေးဖျန်းမယ့်လူရဲ့ ခြေတစ်လှမ်းအကွာအဝေး သူဖျန်းမယ့်ဧရိယာအကျယ် တစ်နာရီမှာ ရောက်မယ့်ခရီးအကွာအဝေး ဆေးပမာဏ ရေပမာဏ စတာတွေကို သီအိုရီနဲ့တွက်ပြီး စနစ်တကျဆေးဖျန်းတာပါ။ (လိုင်စင်ရ ကျွမ်းကျင်လုပ်သားတွေနဲ့ ပိုးသတ်ဆေးဖျန်းကုမ္ပဏီတွေက ကားကြီး ကားငယ် ရဟတ်ယာဉ်များနဲ့ စနစ်တကျ ဖျန်းပေးပါတယ်)

မြန်မာနိုင်ငံမှာတော့ တောင်သူအများစုဟာ ပိုးသတ်ဆေးဗူးကို အဖုံးဖွင့်ပြီး ဆေးဖျန်းပုံးထဲ ဒလဟော လောင်းထည့်လိုက်တာပါပဲ။ ပိုးသတ်ဆေး သုံးပြီးတဲ့အခါ ဘူးခွံတွေ ၊ အထုတ်ခွံတွေကိုလည်း လယ်ကွင်းနားမှာ ဒီတိုင်းထားခဲ့ကြတယ်။ တချို့က မြစ်ချောင်းထဲ ပစ်ချလိုက်ပါတယ်။

ပိုးသတ်ဆေး ရောစပ်မှု အချိုးအစားမမှန်ခြင်း၊ ပိုးသတ်ဆေးဘူးခွံတွေကို စနစ်တကျ မစွန့်ပြစ်ခြင်းတို့ကြောင့် ပိုးသတ်ဆေးတွေဟာ အပင်ပေါ်ကနေတဆင့် မြေကြီးပေါ် ၊ မြေကြီးပေါ်ကနေတဆင့် မြစ်ချောင်းတွေထဲ ၊ မြစ်ချောင်းတွေထဲကနေ ငါးတွေဆီ ၊ ငါးတွေဆီကနေ ကျွန်တော်တို့ဆီ အဆင့်ဆင့် သွယ်ဝိုက်ပြီး ရောက်လာကြပါတယ်။

ကျွန်တော်တို့ဟာ အန္တရာယ်ကြီးမားတဲ့ ပိုးသတ်ဆေးတွေကို သီးနှံကတဆင့် တိုက်ရိုက် သော်လည်းကောင်း၊ သား ငါး တွေကတဆင့် သွယ်ဝိုက်ပြီး သော်လည်းကောင်း စားသုံးပြီး တစ်နိုင်ငံလုံး (မသိမသာ) အဆိပ်သင့်နေကြတယ်။ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်တွေလည်း ပိုးသတ်ဆေးကြောင့် တော်တော်များများ ပျက်စီးနေပါပြီ။

ကျွန်တော်တို့ ငယ်ငယ်က ဖဒိုမှာ ဆော့ကစားခဲ့တဲ့ ပုစဉ်းတွေ ၊ ပိုးစုန်းကြူးတွေ ၊ ဓားခုတ်ကောင်တွေ ၊ ဆင်လိပ်ပြာကြီးတွေ ၊ လှပတဲ့ ရွှေပိုးကောင်တွေ ခုဆို ဖဒိုမှာ ရှာမတွေ့တာ ကြာလှပေါ့။ မြစ်ထဲကို ဒလဟော ဝင်သွားကြတဲ့ စုပ်ခွက်ငါး တွေလိုပဲ ကျွန်တော်တို့ နိုင်ငံထဲကို အတားအဆီးမဲ့ ဝင်လာနေဆဲ ပိုးသတ်ဆေးတွေ အကြောင်း နှိုင်းယှဉ်မိပြီး ရင်မောပါတယ်။

ကျွန်တော်တို့ မသိခဲ့လို့ အမှားတွေ လုပ်ခဲ့မိကြတယ်။ အချို့တွေကျတော့လည်း သိရက်နဲ့ တမင်လုပ်နေကြလေရဲ့။

ကိုစိုးထိုက်(ဖဒို)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page