မြွေနဲ့ ပတ်သက်ပြီး ရွှေမြန်မာတွေ ဘိုးစဥ်ဘောင်ဆက် ယုံလာခဲ့ကြတဲ့ ဂျင်းပုံပြင်များ

မြွေနဲ့ ပတ်သက်ပြီး ရွှေမြန်မာတွေ ဘိုးစဥ်ဘောင်ဆက် ယုံလာခဲ့ကြတဲ့ ဂျင်းပုံပြင်များ

(၁) ဆင်ပစ်မြွေကိုက်ရင် ဆင်တောင် တုံးကနဲ လဲတယ် ဆိုတာ မှားပါတယ်။ တကယ်တော့ မြွေတွေထဲမှာ Blind Snake ဆိုတဲ့ အဲ့အကောင်လေးတွေက ဘာမှ အန္တရာယ်မပေးနိုင်ဆုံး မြွေအမျိုးအစားလေးတွေပါ။ အရမ်းသနားစရာကောင်းပါတယ်။ ပိုးကောင်မွှားကောင်လေးတွေလောက်ပဲ ရှာစားနိုင်ကြရှာတာပါ။ ကိုက်ဖို့နေနေသာသာ ပါးစပ်တောင် ခပ်ကျယ်ကျယ်မဟနိုင်ရှာပါဘူး။

(၂) ခေါင်းနှစ်လုံးမြွေကိုက်ရင် ဆေးမမီဘူး ဆိုတာလည်း မှားပါတယ်။ တကယ်တော့ Pipe Snake လို့ခေါ်တဲ့ အဲ့မြွေတွေက အဆိပ်မရှိပါဘူး။ ကိုက်လို့လည်း မသေနိုင်ပါဘူး။ ခေါင်းနှစ်လုံးမဟုတ်ဘဲ အမြီးက ခေါင်းနဲ့တူနေတာ ဖြစ်ပြီး သူ့အတွက် အန္တရာယ်ကြုံလာတဲ့အခါ ခေါင်းကိုဝှက်ပြီး အမြီးနဲ့ ပြန်ခြိမ်းခြောက်တာ ဖြစ်ပါတယ်။

(၃) ငန်းစောင်းကိုက်ရင် ဆေးမမီဘူး ဆိုတာလည်း မှားပါတယ်။ ငန်းစောင်း (Radiated Rat Snake) က အဆိပ်မရှိပါဘူး။ သူ့ရဲ့ ပေစောင်းစောင်း စတိုင်ကြောင့်သာ ကြောက်စရာကောင်းတယ် ထင်နေတာပါ။ ဘာအဆိပ်မှ မရှိပါဘူး။ နေစောင်းတဲ့အချိန် ခုတင်စောင်းမှာ ဖင်စောင်းပြီး ကိုက်လည်း အဆိပ်မရှိပါ။ငန်းစောင်းလိုက်ရင်အဝတ်အစားတစ်ခုခု ချွတ်ချပြီး ပြေးရတယ်ဆိုတာလည်း မဟုတ်ပါ..

(၄) မြွေပြဒါး၊မြွေပဒုပ် ကိုက်ရင် အသားတွေပုပ်ကျတယ်၊သေတယ်ဆိုတာလည်း မှားပါတယ်။ အဲဒီ အရောင်ပြောင်ပြောင်လက်လက်မြွေလေးတွေက အဆိပ်မရှိပါဘူး။ သဘာဝက ဖန်ဆင်းပေးထားတဲ့ အရမ်းလှတဲ့ မြွေလေးတွေပါ။

(၅) လင်းမြွေ ဆိုလည်း မြွေဟောက်နဲ့ စပ်ရင် အဆိပ်ရှိတယ် ဆိုတာ မှားပါတယ်။ ဘယ်လင်းမြွေမှာမှ အဆိပ်မရှိသလို အဆိပ်ရှိတဲ့ မြွေနဲ့ အဆိပ်မရှိတဲ့ မြွေ မျိုးစပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မျိုးစိတ် တူမှသာ စပ်လို့ရပါတယ်။မနက်စောစော လင်းမြွေကိုက်ရင် ဆေးမမှီဘူးဆိုတာ ဂျင်းအယူအဆပါ။

(၆) သစ်တက်ငန်းမြွေ ဆိုပြီး မှားခေါ်နေကြတဲ့ အစင်းအစင်းလေးတွေနဲ့ အရစ်အရစ်ကလေးတွေနဲ့ ရွှေအိုရောင် ထန်းမြွေ၊ Golden Tree Snake တွေကလည်း အဆိပ်မရှိပါဘူး။

(၇) ပဒတ်လည်နီ လို့ ခေါ်တဲ့ မြွေမျိုးမှာတော့ အဆိပ်ရှိသော်လည်း မကိုက်ပါဘူး။ ကိုက်ရုံနဲ့လည်း အဆိပ်မတက်ပါဘူး။ အဆိပ်တက်ဖို့အတွက် သူ့အာခေါင်ထဲကို အကြာကြီး အမျိုခံရမှသာ တက်နိုင်ပါတယ်။ သူ့အစွယ်က မေးရိုးရဲ့ အနောက်ဘက်မှာ ရှိလို့ပါ။

(၈) အညိုရောင် အရစ်အရစ်တွေ မြင်တဲ့အခါ သံကွင်းစွပ်နဲ့ မှားတတ်ကြပါတယ်။ အဲဒါတွေကို Wolf Snake လို့ ခေါ်ပါတယ်။ အဆိပ်မရှိပါဘူး။ မြွေပွေးနဲ့ ခပ်ဆင်ဆင်တူတဲ့ ကောင်တွေလည်း ရှိပေမဲ့ အဆိပ်မရှိပါ။

(၉) မြွေတွေကိုသတ်ပြီးရင် ခေါင်းကို မြှုပ်ထားရတယ်။ အဲလို မြှုပ်မထားရင် သူ့ရဲ့အဖော်က လိုက်ပြီး လက်စားချေတယ်ဆိုတာလည်း မှားပါတယ်။ အိန္ဒိယမြွေကားတွေ ကြည့်တာများသွားလို့ပါ။ တကယ်တော့ အဲလို မရှိပါဘူး။

(၁၀) စပါးကြီးမြွေက ညှို့တတ်တယ် ဆိုတာ မှားပါတယ်။ မြွေတွေမှာ အဲ့လို အစွမ်းသတ္တိမရှိပါ။ အကြောက်လွန်ပြီး ကြက်သေ သေ မင်သက်မိရင်း သတိလစ်သွားတာ ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ပေါပေါများများ တွေ့နိုင်တဲ့ အဆိပ်ပြင်းမြွေမျိုးစိတ်တွေက မြွေဟောက် (Monoclad Cobra) မြွေပွေး(Eastern Ressel’s Viper) ငန်းပုပ်( King Cobra) မန္တလေးအဆိပ်မှုတ်မြွေဟောက်(Mandalay Spitting Cobra) ငန်းတော်ကြား (Banded Krait) မြွေစိမ်းမြီးခြောက်(Green Pit Viper) ဂျပ်မြွေ(Sea Krait) သံကွင်းစွပ် (Many Banded Krait)

ဒါတွေပဲ ပေါပါတယ်။ မြွေနဲ့တွေ့တဲ့အခါ သူ့ကို ဘာမှ အန္တရာယ်မပေးဘဲ အနောက်ကို ငါးလှမ်း ကလေးဆို ဆယ်လှမ်းလောက် ဆုတ်ပြီး ထွက်သွားလိုက်ပါ။

အိမ်ခြံထဲမှာ တွေ့တယ်ဆိုရင် ရေပိုက်နဲ့ဖြစ်ဖြစ်ပက်လိုက်ပါ။ မြွေတွေက သူတို့အတွက် မနွေးထွေးဘူး အဆင်မပြေဘူးလို့ ထင်တဲ့ပတ်ဝန်းကျင်ကို ထပ်မလာပါဘူး။ ထပ်လာခဲ့ရင် အဲဒါ နောက်တစ်ကောင်ပါ။

မြွေကို မရမက သတ်ပစ်ဖို့ မကြိုးစားပါနဲ့။ မြွေကို သတ်ဖို့ကြိုးစားရင် လူကို အန္တရာယ်ဖြစ်ဖို့ ပိုများပါတယ်။ ကိုက်ခံရနိုင်ပါတယ်။ သူကလည်း အသိဉာဏ်ရှိတဲ့တိရစ္ဆာန်မို့ သူ့ကိုယ်သူ ကာကွယ်ရပါလိမ့်မယ်။

မြွေမလာအောင် ဆီးဖြူသီးတွေ ကြက်သွန်တွေ အသုံးမဝင်ပါဘူး။ ကိုယ့်အိမ်မှာ ကြွက်မရှိအောင် ကြွက်တွင်းပေါက်တွေကိုပဲ ပိတ်ပစ်ပါ။ အစာမရှိရင် သူတို့ မလာကြပါဘူး။ ကြက်ခြံတွေမှာ မြွေတွေက ကြက်ချေးကို ကြိုက်တာမဟုတ်ဘဲ ကြက်ကလေးတွေကို စားချင်လို့ လာတာ ဖြစ်ပါတယ်။

Aung Ko Ko

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page