စင်ကာပူရောက် စကစ ဘောလုံးအသင်း လူမပြည့်၍ တိုင်ပတ်နေ (မကန်မီက ရှုံးနှင့်ပြီဆိုတာလား)

အာဆီယံဆူဇူကီးအဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင်စင်ကာပူနဲ့ ပွဲအတွက် ဖီဖာသတ်မှတ်ထားတဲ့ ကစားသမား အရေအတွက် မပြည့်မီတဲ့ ပြဿနာနဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ရင်ဆိုင်နေရပါတယ်။

မြန်မာအသင်းဟာ ဒီဇင်ဘာ ၅ ရက် (မနက်ဖြန်) ပွဲစဉ် မတိုင်ခင်အထိ ကစားသမား ၁၀ ဦးအထိ ကိုဗစ် သံသယရှိနေတဲ့အတွက် ဆေးစစ်မှု ခံယူရမည် ဖြစ်သည့်အပြင် ကစားသမား ၄ ဦးဟာလည်း ဒဏ်ရာပြဿနာ ရှိနေတယ်လို့သိရပါတယ်။

မြန်မာအသင်းရဲ့ လက်ရှိကစားသမား ၂၇ ယောက်မှာ ၁၄ ယောက်က အခုလို ကိုဗစ်သံသယနဲ့ ဒဏ်ရာပြဿနာ ရှိနေတဲ့အတွက် ကစားသမား ၁၃ ယောက်သာ ကျန်ရှိပြီး ၄ ယောက်က ဂိုးသမားတွေ ဖြစ်နေတယ်လို့ နည်းပြချုပ် အန်တွမ်နီဟေးက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ စည်းမျဉ်းအရ ပြိုင်ပွဲဝင် ဘောလုံးအသင်းတစ်သင်းဟာ ပွဲထွက် ကစားသမား ၁၁ ယောက်အပြင် အရန်ခုံတန်းမှာ အရန်ကစားသမား ၇ ဦး ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ ကစားသမား ၁၈ ဦး ပြည့်မီမှသာ စင်ကာပူနဲ့ ဆူဇူကီးပွဲစဉ်ကို ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ နည်းပြချုပ် အန်တွမ်နီဟေးကတော့ ဆူဇူကီးအဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင် စင်ကာပူအသင်းနဲ့ ကစားခွင့်ရဖို့အတွက် မနက်ဖြန် (ဒီဇင်ဘာ ၅ ရက်) မှာ မြန်မာကစားသမား လုံလောက်မှု ရှိလာနိုင်မယ် လို့ မျှော်လင့်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာဘောလုံးအသင်းရဲ့ နာမည်ကြီး ကစားသမား အတော်များများကတော့ စကစ လက်အောက်မှာ ဘောလုံး မကစားလိုတဲ့အတွက် အသင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။

တကယ်လို့ ကိုဗစ်သံသယရှိတဲ့ ဘောလုံးသမား ၁၀ ဦးလုံးသာ ကိုဗစ်တွေ့ရှိခဲ့မယ်ဆိုရင်တော့ စင်ကာပူနဲ့ မြန်မာအသင်း ပွဲစဉ်ဟာ ပျက်ပြယ်သွားရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page