တီဗီမှာ စစ်ကားလာရင် နာကျင်စွာ မျက်ရည်ကျရတဲ့ စစ်သားမိန်းမတစ်ယောက်ရဲ့ ဘဝ အကြောင်း

အဲ့နေ့က ပန်းအိုးလည်းကျမကွဲခဲ့ပါ ခလုတ်လည်းမတိုက်မိသလို ဘာနိမိတ်မှမပြခဲ့ပေမဲ့ ညနေစောင်း တပ်ကလှမ်းအကြောင်းကြားတဲ့အချိန်မှာ ကျသွားပြီဆိုတဲ့စကားက အသိစိတ်မဲ့နေတဲ့ သူတယောက်လို ငိုဖို့ မျက်ရည်ကျဖို့ဆိုတာ မေ့နေခဲ့တဲ့အချိန်ပေါ့…

တီဗီကလာတဲ့ ဇာတ်ကားတွေထဲကလို လူကြီးဇနီးတွေ အရာရှိတွေ ကိုယ့်အိမ်လာတဲ့အချိန် မလာနဲ့ မလာပါနဲ့ ကျမ ယောက်ျားကျတာ မဟုတ်ဘူးဆိုတဲ့စကား ပြောဖို့ အသံထွက်မလာသလို အသိစိတ်မဲ့နေတဲ့ အရူးတယောက်လို ဘေးကလူတွေမျက်နှာတွေ အသံတွေကို မကြား မမြင်နိုင်လောက်တဲ့အထိ အသိစိတ်တွေပျောက်ခဲ့ရတယ်…

ကျမ သူဆီကိုမရောက်သေးပေမဲ့ သူ့ကိုရေခဲတိုက်ထဲ ထည့်ထားလိုက်ပြီပြောတော့ ချက်ခြင်း အဲ့ထဲက ပြန်ထုတ်ခိုင်းမိခဲ့တယ်.. သေချာကောစစ်တာဟုတ်ရဲ့လား အသက်ရှင်နေသေး ရင်ဘယ်လိုလုပ်မှာလဲ.. အထဲမှာသတိရနေရင် တာဝန် ယူမှာလား ဆိုပြီး ချက်ခြင်းပြန်ထုတ်ခိုင်းခဲ့မိတယ်.. တကယ့်ကို သေဆုံး သွားတာပါ.. သေချာအောင် စစ်ပြီးပါပြီဆိုတဲ့စကားတွေ ကျမနားထဲမဝင်နိုင်ခဲ့ပါ…

နောက်ဆုံး သေဆုံးနေတဲ့ သူ့ကို ပြန်ရခဲ့တာတောင် ဒါ ကျမ ယောက်ျားမဟုတ်ဘူးလို့ ပြောပြီး ကျမ ယောက်ျားပျောက်နေတယ် ပြန်ရှာပေးပါလို့ ငိုယိုပြောခဲ့ဖူးတယ်.. (မမှတ်မိလောက်အောင်ဖြစ်နေတဲ့ ပုံစံမို့) သူဆိုတာကို မယုံကြည်နိုင်ခဲ့ဘူး.. နောက်ဆုံးတော့ တာဝန်ကျေပါတယ် ဂုဏ်ယူပါတယ် သင်သွားလိုရာ သွားနိုင်ပြီဆိုတဲ့ စကားတွေနဲ့တင် ဆောက်တည်ခဲ့တဲ့မိသားစု ဘဝဆိုတာ လုံးဝ ပြို ပျက်သွားခဲ့တာပါပဲ…

(၁) တပ်ထုံးစံအရ တပ်ရေးဗိုလ်ကြီးနဲ့ တပ်ရင်းမှူးကတော်တို့ လိုင်းခန်းတွေဘက်လျှောက်ပြီဆို သတင်းဆိုးလာပြီပေါ့ ။ အားလုံး ကြောက်ရွံ့တိတ်ဆိတ်လို့ပေါ့ ။ သတင်းဆိုးက “စိန်စိန်ရေ နင်ဂုဏ်ယူလို့ရပြီ” တဲ့ ။ ကျွန်မယောက်ျားကျဆုံးတဲ့ သတင်းကို တပ်ရင်းမှူးကတော်က လာပြောသွားတာပါ။ သြော် ဂုဏ်ယူလို့ရပြီတဲ့လား ။

(၂) ပိန်ချိုင့်နေတဲ့ဟန်းကောချိုင့်လေး စစ်ဖိနပ်အစုတ်ကလေးတစ်ရန် ဆေးကွက်နေတဲ့သံသေတ္တာတစ်လုံး ဖျာဟောင်းလေးနှစ်ချပ် နံရံပေါ်ပြုံးနေတဲ့ သူ့ဓာတ်ပုံရှိတဲ့ လိုင်းခန်းလေးထဲမှာ စစ်သားသေတော့ စစ်သားမိန်းမဘာတွေရခဲ့ပြီလဲ နာကျင်စွာ စိန်စိန်ငိုလေပြီ ။

(၃) ဘေးခန်းတွေက ကရုဏာနဲ့ အားပေးနှစ်သိမ့်ပါတယ် ။ တပ်ရင်းမှူးကတော်က ငွေကူပါတယ် ။ ဒါနဲ့ပဲ ဗိုက်ထဲကကလေးရဲ့ ဖခင်မဲ့မှုက ထာဝရဖြစ်ပြီပေါ့လေ ။ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းကျဆုံးလို့ ဂုဏ်ယူပါတယ်ဆိုတဲ့ ကတ်ထူစာရွက်တစ်ရွက်က မုဆိုးမဖြစ်ဖို့သေချာစေခဲ့တယ် ။ စစ်သားသေတော့ စစ်သားမိန်းမဘာတွေရခဲ့ပြီလဲ ။

(၄) စစ်သည်တို့ရှေ့တန်းကပြန်လာကြပြီ အောင်ပွဲရလို့သပြေပန်းနဲ့ကြိုပြီပေါ့ အိုးစည်ဗုံမောင်းတွေဘယ်လိုတီးတီး ကျွန်မယောက်ျားပါမလာတာက ပါမလာတာပါပဲ ။ မျက်ရည်ဆိုတာလေ ကျတာ ကျတာ တစ်ဆုံးနာကျင်မှုနဲ့ အရူးတစ်ပိုင်းစစ်သားမိန်းမစိန်စိန်ပေါ့ လိုင်းခန်းလေးထဲငိုရပြီ ဖြေပေးကြပါဦး စစ်သားသေတော့ စစ်သားမိန်းမဘာတွေရခဲ့လို့လဲ ။

(၅) ပြည်တွင်းစစ်ဆိုတာ ဘယ်ဘက်လက်ကဓားနဲ့ ညာလက်ကဓားတိုက်ခိုက်တာပဲတဲ့ ။ ဒါဆိုဂုဏ်ယူစရာလား စစ်သားသေတော့ စစ်သားမိန်းမဘာတွေရလဲ ။ တိုက်ရလို့လား ကားရလို့လား ဘဏ်မှာငွေတွေအပ်နိုင်လို့လား အဖိုးတန်မြေကွက်ရလို့လား ဦးပိုင်ရှယ်ယာတွေရလို့လား မရပါဘူး ဝါဒဖြန့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရကောင်းရနိုင်တယ် ။

(၆) အဲဒီစိန်စိန်က ဗိုက်ထဲက ကလေးဖခင်ကိုပဲပြန်လိုချင်တယ်.. သူ့ယောက်ျားအုတ်ဂူရှေ့သူတွေးနေတာက စစ်ကိုမုန်းတယ် စစ်ကိုမုန်းတယ် စစ်ကိုမုန်းတယ်ပေါ့ ။ ဒီလိုနဲ့ လအနည်းငယ်အကြာမှာ ငိုနေတဲ့စိန်စိန်ဆီ လိုင်းခန်းလေးက ဖယ်ရှားပေးဖို့ အမိန့်စာတစ်စောင်ရောက်လာပါတယ် ဖြစ်ရလေ စစ်သားမိန်းမဘာတွေရခဲ့လို့လဲ ။

(၇) အခုတော့စိန်စိန်တစ်ယောက် ကျွန်တော် (စုမောင်မောင်) နေထိုင်ရာ အန်းကုန်းရပ်ကွက် ၊ ဟင်္သာတမြို့လေး မှာ ကလေးတစ်ယောက်လက်ဆွဲလို့ ပြောင်းဖူးပြုတ်လေးရောင်း ဖရဲသီးစိတ်လေးရောင်းပေါ့ ။ တီဗီမှာစစ်ကားလာရင် နာကျင်စွာ စိန်စိန်ငိုလေပြီ ။ (SLM)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page