စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီနဲ့ မြန်မာဘီယာ ကုမ္ပဏီတို့ ခွာပြဲပြီ

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်က ရောင်းအားအကောင်းဆုံးမြန်မာဘီယာကို ထုတ်လုပ်သည့် မြန်မာဘရူဝါရီလီမိတက်အား ဖျက်သိမ်းရန်အတွက် ရန်ကုန် အနောက်ပိုင်ခရိုင်တရားရုံးသို့ ၂၀၂၁၊ နိုဝင်ဘာ(၁၉) ရက်နေ့က ဦးတိုက်လျှောက်ထားလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါလျှောက်ထားမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်ကြားနာမည်ဖြစ်ကြောင်း သိရပြီး မြန်မာဘရူဝါရီလီမိတက်အား ဖျက်သိမ်းခြင်းကို ကန့်ကွက်လိုပါက မြန်မာနိုင်ငံကုမ္ပဏီများ နည်းဥပဒေနဲ့အညီ ကြားနာစစ်ဆေးမည့်နေ့မှာ လာရောက်နိုင်တယ်လို့ ဆိုပါတယ်။

ထိုကုမ္ပဏီအား ဖျက်သိမ်းခြင်းကို ကန့်ကွက်လိုလျှင် အဆိုပါကုမ္ပဏီရဲ့ကြွေးမြီကူညီပေးဆပ်သူ၊ အစုပါဝင်သူ သို့မဟုတ် မြီရှင်တစ်ဦး တစ်ယောက်တို့သည် ကိုယ်တိုင်ဖြစ်စေ၊ ၎င်းရဲ့တရားလွှတ်တော်ရှေ့နေဖြင့်ဖြစ်စေ လာရောက်နိုင်တယ်လို့လည်း ကြေညာထားပါတယ်။

ဖျက်သိမ်းရန် ဦးတိုက်လျှောက်ထား တရားစွဲခံရသော Myanmar Brewery ကို ဂျပန် Kirin ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ဒေါ်လာသန်း ၅၆၀ ဖြင့် ဝယ်ယူခဲ့ပြီး ရှယ်ယာ ၅၁ ရာခိုင်နှုန်းစီပိုင်ဆိုင်ထားကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဖြင့် အကျိုးတူခံစားခဲ့ကြသည်မှာ ဆယ်စုနှစ် ၂ ခုကျော်လာခဲ့ပြီးနောက် စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက်သည့် ယနေ့လိုအချိန်၌ အခွာအပြဲဇာတ်လမ်းဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အာဏာမသိမ်းခင်ကာလတစ်လျှောက်တွင် မြန်မာနိုင်ငံပြည်တွင်း Beer ဈေးကွက်၌ဈေးကွက်ဝယ်စု ၈၀ ရာခိုင်နှုန်းကို မြန်မာဘီယာက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဘီယာအားလုံး၏ ရောင်းအားပမာဏ ၅၀ရာခိုင်နှုန်းကျော် ရရှိထားခဲ့ရာ အာဏာသိမ်းလိုက်သည့်ဖြစ်စဉ်ကြောင့် စစ်တပ်ပိုင်ထုတ်ကုန်များကို လူထုကဝိုင်းဝန်းသပိတ်မှောက်ခဲ့သည့်အတွက် လက်ရှိတွင် ရောင်းအား ၈၀ ရာခိုင်နှုန်းထိုးကျသွားခဲ့ရပြီး ကြီးမားသောရှုံးဆုံးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ယခုလိုတရားရုံးဦးတိုက်လျှောက်မှုဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးသမားများက သုံးသပ်သည်။

မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဖက်စပ်လုပ်ငန်းဖြစ်သည့် မြန်မာဘရူဝါရီလုပ်ငန်းအတွက် တတိယသုံးလပတ်အမြတ်ငွေမှာ ယခင်နှစ် ကာလတူနှိုင်းယှဉ်မှုအရ ဂျပန်ယမ်းငွေနဲ့တွက်လျှင် ၄၉.၄ရာခိုင်နှုန်း၊ မြန်မာကျပ်ငွေနဲ့ တွက်ပါက ၄၃.၉ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ကီရင်အုပ်စုက ကြေညာထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page