ပြန်မကျတဲ့ ကုန်ဈေးနှုန်း၊ ဘဲဥတောင်နပ်မမှန်တဲ့ ပြည်သူနဲ့ နိုင်ငံကို စွန့်ခွာတဲ့သူတွေ များလာတဲ့အဖြစ်

မြန်မာနိုင်ငံတဝှမ်း နိုင်ငံကူးလက်မှတ် လာလုပ်တဲ့လူ နေ့စဉ် ထောင်ကျော်လောက် ရှိနေပါတယ်။ ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတော့ အကုန်လုံး နိုင်ငံခြားထွက်ကြတာပေါ့။ နိုင်ငံကူးလက်မှတ် လုပ်တဲ့လူတွေထဲမှာ လူငယ်လေးတွေက အများဆုံးဖြစ်ပြီး ယောက်ျားလေးကော၊ မိန်းကလေးကော အစုံပါတယ်။ အသက်လေးဆယ်ကျော်တွေလည်း နည်းနည်းပါတယ်။

ကိုဗစ် စဖြစ်တည်းက အလုပ်အကိုင်ရှားပါးနေတဲ့အချိန် စစ်တပ်အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားပြီး ဒီပုံအတိုင်းသာ ဆက်သွားရင် မြန်မာပြည်တွင်းက လူငယ်တွေ ကုန်သလောက် ဖြစ်သွားမယ် ထင်တယ်။

ဥပမာအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဟာ တောင်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒေသတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူတွေဟာ တောင်ယာထွက်ကုန်တွေအပေါ် မှီခိုအားထားနေကြရတဲ့ အနေ အထားပါ။ ဒါပေမဲ့ အခုနောက်ပိုင်း စစ်တပ်က မြေယာသိမ်းဆည်းမှု များလာတဲ့အတွက် ဒေသခံပြည်သူတွေ အနေနဲ့ တောင်ယာလုပ်ကိုင်နိုင်ခြင်း မရှိတော့ပါဘူး။ အဓိကမှီခိုအားထားရတဲ့ တောင်ယာ လုပ်ကိုင်နိုင်ခြင်း မရှိတော့တဲ့အတွက် ဒေသတွင်းလူငယ်တွေဟာ နိုင်ငံခြားထွက်ဖို့အတွက်ပဲ ကြိုးစားလာရပါတယ်။ နိုင်ငံခြားထွက်တယ် ဆိုတဲ့နေရာမှာလည်း ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကိုသာ အဓိက သွားရောက်နိုင်ကြပါတယ်။

ကိုယ့်နိုင်ငံက အဆင်မပြေမှုတွေကို ကျောခိုင်းပြီး နိုင်ငံခြားထွက်ဖို့ ကြိုးစားရင်း ရင်နင့်စရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ထဲမှာနေထိုင်တဲ့ မောင်နှမနှစ်ယောက်ဟာ မိဘတွေ သွားရောက် အလုပ်လုပ်ကိုင်တဲ့ ထိုင်းနိုင်ငံကို သွားဖို့ကြိုးစားကြတယ်။

လမ်းခရီးမှာ သူတို့စီးတဲ့ကားက လမ်းချော်ပြီး တောင်အောက်ကို ကျသွားပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ တိုင်းရင်းသူလေးတစ်ယောက်ဟာ ကားပေါ်က လွင့်ထွက်ပြီး သစ်ပင်နဲ့ ရိုက်မိတဲ့အရှိန်ကြောင့် နေရာမှာတင် အသက်ဆုံးရှုံးခဲ့ရပါတယ်။ စစ်တပ်အာဏာသိမ်းခြင်း နောက်ကွယ်က အစစအရာရာ ရှားပါးလာခြင်းတွေကြောင့် ပေးဆပ်လိုက်ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်တစ်ခုပါ။

စကစ အုပ်ချုပ်တဲ့ လက်ထက်မှာ ကုန်ဈေးနှုန်းတွေကလည်း နေ့စဉ်လို တက်နေပါတယ်။ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်လာပေမဲ့ အခြေခံလုပ်ခလစာတွေကတော့ တက်မလာပါဘူး။ ကျပ် ၃၀၀၀ လောက်သာရှိခဲ့တဲ့ စားအုန်းဆီဈေးနှုန်းဟာ အခုဆိုရင် ၈၅၀၀ အထိ မြင့်တက် လာနေပါတယ်။ ကျန်တဲ့ အသားငါး အသီးအရွက်တွေလည်း အကျဘက်မှာမရှိတဲ့အတွက် ပြည်သူတွေရဲ့ ဘဝက အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားပါ။ မီးဖိုချောင်တစ်ခုမှာ အခြေခံအကျဆုံးဖြစ်တဲ့ ကြက်ဥဝယ်စားတဲ့နေရာမှာတောင် အရင်လို အကောင်းအတိုင်း ဝယ်မစားနိုင်ကြတော့ပါဘူး။ အပေါက်အကွဲတွေနဲ့သာ နှစ်ပါးသွားနေကြရပါတယ်။

အခြေခံစားသောက်ကုန် ဈေးနှုန်းအပြင် သွားလာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီဈေးနှုန်းလည်း တက်နေပါတယ်။ ပုံမှန်စက်သုံးဆီ တစ်လီတာကို ၂၅၀၀ ကျပ်လောက်အထိ ဝယ်ယူနေရပါတယ်။ အာဏာမသိမ်းခင်က စက်သုံးဆီတစ်လီတာကို ၈၀၀ ပတ်လည်သာ ရှိခဲ့ပြီး အခုအချိန်မှာတော့ ဈေးထပ်မတက်အောင် ဆုတောင်းနေကြတဲ့အတိုင်းပါ။ နေ့စားလုပ်ခ နည်းပါးတဲ့ လုပ်သားတွေအတွက်တော့ စက်သုံးဆီဈေးနှုန်း တက်တာ ဘူးလေးရာ ဖရုံဆင့်ဆိုသလိုပါ။ အရင်က ဆိုင်ကယ်ထဲ ဓာတ်ဆီတစ်ထောင်ဖိုးထည့်ထားရင် နှစ်ရက်သုံးလို့ရပြီ။ အခု နှစ်ထောင်ဖိုးထည့်ထားတာတောင် တစ်ရက်အသုံးမခံဘူးလို့ ပန်းရံနေ့စား လုပ်သား တစ်ယောက်က ညဉ်းတွားတယ်။

အခုက အခြေအနေဘယ်လောက်အထိ ဆိုးလည်းဆိုရင် သာရေးနာရေး ဖိတ်စာတောင် ရောက်လာမှာ ကြောက်နေရတယ်။ မဖြစ်မနေသွားရမယ့်ပွဲတွေဆိုရင် အနည်းဆုံး နှစ်ထောင်သုံးထောင် ကုန်မှရတာလေ။ ကိုယ့်ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေး ပြန်ချင့်ချိန်နေရတော့ အပိုကုန်မယ့် ဟာတွေအတွက် တော်တော်ကြီးစဉ်းစားနေရတာပေါ့။ မီးဖိုချောင်အတွက်တောင် မနည်းလုံးပန်းနေ ကြရတာ။ ကုန်ဈေးနှုန်းကလည်း နေ့တိုင်းအတက်ချည်းပဲ။ အသားငါး ဆိုတာ တစ်ပတ်တစ်ခါတောင် နပ်မမှန်ချင်တော့ဘူး။ အရင်တုန်းက လက်ထဲပိုက်ဆံတစ်သောင်းလောက် ရှိရင် မီးဖိုချောင်အတွက် သင့်တော်အောင် ဝယ်လို့ ရသေးတယ်။ အခုက ဘာမှမရတော့ဘူးလို့ အိမ်ရှင်မတစ်ယောက်က ပြောပါတယ်။

ကမ္ဘာအရပ်ရပ် သမိုင်းပြန်ကြည့်ရင် စစ်တပ်အာဏာသိမ်းပြီး အုပ်ချုပ်တဲ့နိုင်ငံမှန်သမျှ ဆုတ်ယုတ်သွားတာ ချည်းပါ။ ပြည်သူလူထုတွေ ဆင်းရဲခြင်းငါးပါးနဲ့ ကြုံတွေ့ရင်ဆိုင်ကြရပါတယ်။

မြန်မာ့သမိုင်း ပြန်ကြည့်ရင် ၁၉၆၂ နှစ်ကစပြီး ပြည်သူတွေ ဆင်းရဲဒုက္ခတွင်းထဲ သက်ဆင်းခဲ့ရတာ ဒီနေ့အထိဖြစ်ပါတယ်။ အာဏာရှင်မှန်သမျှ သူတို့လူတစ်စုကောင်းစားရေးသာ ကြည့်ပြီး ပြည်သူလူထုမျက်နှာကို ကြည့်ရှုခြင်းမရှိကြပါဘူး။ ဒါပေမဲ့ အာဏာရှင်မှန်သမျှ သက်ဆိုးမရှည်တာ ကမ္ဘာအရပ်ရပ်က သမိုင်းသက်သေတွေ ရှိပါတယ်။ အာဏာရှင်မှန်သမျှ အသေထွက်နဲ့သာ ထွက်သွားကြပါတယ်။

မြန်မာပြည် အာဏာရှင်စနစ် မကြာခင်ချုပ်ငြိမ်းပါစေ။ မကြာခင်ပြည်သူတွေ ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းရင်း..

Leave a Reply

Your email address will not be published.

x

You cannot copy content of this page