ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ်၊ ကျာဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီးတွေ

ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ်၊ ကျာဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီးတွေ…

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတစ် သိန်းခွဲကျော် သေခဲ့ရတဲ့ ဧရာ၀တီတိုင်းကို ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တဲ့ အတွက် နာမည်ကျော် လူရွှင်တော် ကိုဇာဂနာကို ထောင် ဒဏ် ၅၉ နှစ် အပြစ်ပေးခဲ့သလို ကျွန်တော့်ကိုလည်း ထောင်ဒဏ် ၁၉နှစ် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တတိယအကြိမ် ထောင်ထဲကို ပြန်၀င်ရတော့ နယ် ပယ်အစုံက လူတွေနဲ့ ဆုံတွေ့ရတဲ့အတွက် တော်တော်ပျော်စရာကောင်းတယ်လို့ ဆိုရမယ်။

ထောင်ကျတယ်ဆိုတာ ပျော်စရာ မကောင်းပေမယ့် နိုင်ငံရေးနဲ့ သမိုင်းကို စိတ်၀င်စားတဲ့သူဆိုရင်တော့ ထောင်ထဲမှာ လူစုံတွေ့ရလို့ တော်တော် တန်ဖိုး ရှိပါတယ်။ထောင်ထဲမှာရှိတဲ့ လူတွေကလည်း ရင်ထဲ မှာရှိတဲ့ ခံစားချက်အတိုင်း ပြောပြီဆိုတော့ အစစ် အမှန်လို့ ယူဆလို့ရပါတယ်။ ၁၉၉၀ ပထမ အကြိမ် ထောင်ထဲကို ရောက်စဉ်က န၀တ အစိုးရကို မကျေ နပ်တဲ့သူတွေ၊ ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေပဲ အများစု ဆုံတွေ့ခဲ့ရ ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ မိသားစု တွေ၊ အနီးကပ် လုံခြုံရေးတွေ၊ ထောက်လှမ်းရေးက ဗိုလ်မှူး ဗိုလ်ချုပ်တွေ၊ စီးပွားရေးလောကက နာမည် ကြီးပုဂ္ဂိုလ်တွေအပြင် ဗေဒင်ဆရာတွေ၊ ဘိုးတော် တွေတောင် ပါလိုက်ပါသေးတယ်။ အပြင်မှာ အမြင် မတူမှုတွေ၊ အယူအဆအမျိုးမျိုးတွေကြောင့် ရန်သူ တွေလို ရှုမြင်ခြင်း ခံခဲ့ရပေမယ့် ထောင်ထဲရောက် တော့ သူလည်း အကျဉ်းသား၊ ကိုယ်လည်း အကျဉ်း သား ဆိုတဲ့ စာနာစိတ်တွေနဲ့ ကိုယ့်ရှိတာ ကျွေးလိုက်၊ သူ့ရှိတာ စားလိုက်၊ စာအုပ်တွေ ဂျာနယ်တွေ အပြန်အလှန် လဲဖတ်လိုက်နဲ့ ချစ်သွားကြပြန်ရော။

ဗိုလ်ချုပ်တွေထဲမှာတော့ ရာဇ၀တ်မှုနဲ့ ကျနေတဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနနဲ့ ပညာရေး ၀န်ကြီးဌာန က ဒု၀န်ကြီး နှစ်ပါးက လွဲပြီး ကျန်တာတွေက ထောက်လှမ်းရေးက များပါတယ်။ သာယာ၀တီ ထောင်ကို ရောက်သွားတဲ့ ဗိုလ်ချုပ်တစ်ဦးဆိုရင် အထက်ဗမာပြည်ရဲ့ ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သလို ယခင် ပြန်ကြားရေး၀န်ကြီး လုပ်ခဲ့သလို လက်ရှိသမဝါယမ ၀န်ကြီးရဲ့ ခမည်းခမက်ဟောင်း လည်း ဖြစ်ပါတယ်။

လောကဓံရဲ့ ကျီစယ်ပုံကတော့ အဲဒီ့၀န်ကြီးရဲ့သား က သူ့အဖေရဲ့ ရာထူးနဲ့ တက်လမ်းတွေကို ထိခိုက် မှာ စိုးလို့ဆိုပြီး ထောင်ကျနေတဲ့ ဗိုလ်ချုပ်ရဲ့ သမီး ဖြစ်သူကို ချက်ချင်း ကွာရှင်းခဲ့ပါတယ်။ဒီလို ကွာရှင်း တဲ့အချိန်မှာ မြေးဦးလေးလည်း ရနေပြီမို့ ထောင်ကျ နေတဲ့ထောက်လှမ်းရေးတပ်မှူးဗိုလ်ချုပ်ရဲ့အသည်း ကို အစိမ်းခွဲခဲ့သလို ဖြစ်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် အဲဒီတုန်းက ခမည်းခမက်တော် စပ်ခဲ့တဲ့ ပြန်ကြားရေး ၀န်ကြီးကို ကမ္ဘာမကြေ ဆိုပြီး ပြန်ထွက်လာရင် သတ်ပစ်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ကျွန်တော်တို့လည်း အပြင်ရောက်ရင် ပွဲကြီး ပွဲကောင်းတော့ ကြည့်ရပြီဆိုပြီး မျှော်လင့်ခဲ့ပေမယ့် အခုတော့ ဘာသံမှ မကြားရတော့ပါဘူး။ အဲဒီလိုပဲ ယခင်က ဘုန်းမီနေလ တောက်ပခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ကက(ဗျူ)နဲ့ကက(လှမ်း)က ရာထူးတက် ခါစ ဗိုလ်ချုပ်တွေလည်း အပြာရောင် ၀မ်းဆက်နဲ့ ထောင်ထဲမှာ ပနံတင့်လို့ နေပါတယ်။

ကံဆိုးသွားတာကတော့ ကက မဟာဗျူဟာရဲ့ဌာန ကြီးမှူး ဗိုလ်မှူးချုပ် သိန်းဆွေပါပဲ။ ဘာလို့လဲ ဆို တော့ သူတို့ထောင်ကျတဲ့ အချိန် ထောင်ထဲကို ကြို ရောက်နေပြီး ဘယ်သူ့ကိုမှ ဗိုလ်မထားတဲ့ ယခင် စစ်ကိုင်းတိုင်း တိုင်းမှူး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ဗိုလ်မှူးကြီး ကျော်ဆန်း အငြိမ်းစား ရှိနေပါ တယ်။ ဗိုလ်မှူးကြီး ကျော်ဆန်းကလည်း ပထမ အကြိမ် ထောင်ကျပြီး ထောင်ထဲက လွတ်မြောက် လို့ ၁၈ ရက်အကြာမှာ ထောက်လှမ်းရေးရဲ့ ကောင်း မှုနဲ့ နောက်တစ်ကြိမ် ထောင်ထဲ ပြန်၀င်ခဲ့ရပါတယ်။

အမှုကတော့ သူ့ရဲ့အင်းစိန်က နေအိမ်ခြံ၀င်းထဲမှာ DKBA တပ်က ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကုန်ကား တစ်စီးကို ခွင့်ပြုချက်မရဘဲ ရပ်နားခွင့်ပေးခဲ့လို့ ဖြစ် ပါတယ်။ တစ်ဖက်မှာ KNU ကို ထိုးနှက်ဖို့ DKBAကို မြှောက်ပေးခဲ့တဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်တွေ ဟာ DKBAရဲ့ ကုန်တင်ကား ဗိုလ်မှူးကြီးကျော်ဆန်း ရဲ့ အိမ်ထဲ ရပ်တာကိုတော့ ဥပဒေနဲ့ တိတိကျကျ အရေးယူခဲ့ပါတယ်။ ဒီအမှုကို လိုက်ပေးခဲ့တဲ့ရှေ့နေ ကြီး ကော့ကရိတ် ဦးသိန်းညွန့် ယခု သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အသိ ဆုံး ဖြစ်ပါလိမ့်မယ်။

ဒီလိုမတရား အမှုဆင် ဖမ်းဆီးပြီး ထောင် ၇ နှစ် ချမှတ်ခံလိုက်ရတဲ့ ဗိုလ်မှူးကြီး ကျော်ဆန်းက စိတ် အချဉ်ပေါက်ပြီး ညတိုင်း အစိုးရကို ဆဲဆိုနေလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန်က ထောင်ပိုင်ကြီး ဦးမျိုးခင်(ယခင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ကိုယ်ရေးအရာရှိ ဗိုလ်ချုပ် စိုးရှိန်၏ညီ) လည်း ဗိုလ်မှူးကြီး ကျော်ဆန်းဆိုရင် တော်တော် ကြောက် ပါတယ်။ ခက်တာက အဲဒီ့အချိန် ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ (ယခုလက်ရှိ ဒုသမ္မတ) ဟာ ဗိုလ်မှူးကြီးကျော်ဆန်းရဲ့ ကိုယ်ရေးအရာရှိ ဖြစ် ခဲ့ပြီး သူ့ဆရာကို စောင့်ရှောက်လိုက်ပါဆိုတဲ့ စကား တစ်ခွန်းနဲ့ တစ်ထောင်လုံး ဦးကျော်ဆန်း ဆိုရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရ ပါတယ်။ ထောင်၀င် စာ ပြန်လာလို့ သူ့ကို ရှာဖွေရေးလုပ်ရင် မကြိုက်တဲ့ အတွက် ပုဆိုးကို ကွင်းလုံးပုံချတဲ့ ဗိုလ်မှူးကြီး ဘယ်မကြောက်ဘဲ နေမလဲ။အဲဒီ့ ဗိုလ်မှူးကြီးရှိတဲ့ ၅ဆောင်(တိုက်)ကိုမှ ဗိုလ်မှူးချုပ်သိန်းဆွေ ရောက် သွားတော့ ကံဆိုးပြီပေါ့။

အဲဒီ့အချိန်က ၅ ဆောင်(တိုက်) ကို ရောက်သွားတဲ့ ဗိုလ်မှူးချုပ်တွေရော၊ထောက်လှမ်းရေး တပ်မှူးတွေ ရော လိမ့်နေအောင် ခံရတော့တာပဲ။ ဗိုလ်မှူးကြီး ကျော်ဆန်းက တစ်သက်လုံး ကြိတ်မှိတ် မြိုသိပ်ခဲ့ရ တဲ့ မကျေနပ်ချက်တွေကို နေ့တိုင်း သူတို့တိုက်ခန်း ရှေ့လာပြီး ပြောတော့တာပဲ။ တစ်ခါ တလေ ဘယ် လောက်များ ပြောသလဲဆိုရင် ညဘက် နေ၀င်ပြီး တစ်ထောင်လုံး မီးတွေဖွင့်လာတဲ့ အထိ ထောင်က ပိတ်လို့ မရသေးဘူး။ ဗိုလ်မှူးကြီး ကျော်ဆန်းက ထောက်လှမ်းရေး ဗိုလ်ချုပ်တွေ အခန်းရှေ့မှာ သင်ခန်းစာ ပို့ချနေတာ မပြီးသေးလို့ ဖြစ်ပါတယ်။

အဲဒီလို အခါမျိုးမှာ ထောင်ပိတ်လူစာရင်း လွှဲမယ့် နေ့ထောင်မှူးရယ်၊ လက်ခံယူမယ့် ညတာ၀န်ခံ ထောင်မှူးရယ်၊ ထောင်ပိုင်လေးရယ်၊ သော့တွဲတွေ ကို ကိုင်ထားတဲ့ တပ်ကြပ်ကြီးရယ်၊ တိုက်ဂျူတီကို အလဲအလှယ်လုပ်မယ့် ထောင်ဝါဒါတွေရယ် ဗိုလ်မှူး ကြီး ကျော်ဆန်း နောက်မှာ ကျောက်ရုပ်တွေလို ရပ်ပြီး စောင့်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်မြင်ယောင် မိပါတယ်။

ဗိုလ်မှူးကြီး ကျော်ဆန်းရဲ့ နေ့စဉ်မပြတ် ပြောဆိုမှု တွေလချီလာတဲ့နောက်မှာတော့ ထောက်လှမ်းရေး ဗိုလ်ချုပ်တွေလည်း ကျင့်သားရလာပါတယ်။ တစ် ခွန်းမှ ပြန်မပြောတဲ့ ဘ၀ကနေ တစ်ခွန်းစ၊ နှစ်ခွန်းစ ပြန်ဆွေးနွေးတာတွေ၊ထောက်ပြတာလေးတွေ လုပ် လာနိုင်ပါတယ်။ နောက်ပိုင်းတော့ ဂျာနယ်လေး ဘာလေး လဲဖတ်ရင်း ကော်ဖီလေး ဘာလေး သောက်ရင်း နေသာထိုင်သာ ရှိလာပါတယ်။

ဒါပေမယ့် ထောင်က အကျဉ်းသားတွေရဲ့ သာယာတဲ့ ပတ်၀န်းကျင်အနေအထားမျိုးကို ရေရှည်လက်ပိုက် ကြည့်နေလေ့ မရှိပါဘူး။ အဲဒီထောက်လှမ်းရေး ဗိုလ်ချုပ်တွေကို မြန်မာပြည်ရဲ့ ဝေးလံခေါင်ဖျားက ထောင်တွေကို ပြောင်းရွှေ့လိုက်ပါတယ်။ ဗိုလ်မှူးချုပ် သိန်းဆွေဆိုရင် ကလေးထောင်ကို ပြောင်းရွှေ့ ခဲ့ရပါတယ်။ ပြောင်းရွှေ့ရမယ့် ညမှာ သူတို့တွေကို ခြေချင်း ခတ်ပါတယ်။ ပြီးတော့ လူခြေ တိတ်ဆိတ် တဲ့ ညအချိန်မတော်မှာပဲ ပြောင်းရွှေ့လေ့ရှိပါတယ်။ ဗိုလ်မှူးချုပ်သိန်းဆွေ ပြောင်းရွှေ့မယ့်ညက ခြေချင်း သံ တချွင်ချွင်နဲ့ ဗိုလ်မှူးကြီး ကျော်ဆန်းရဲ့ တိုက် ခန်းရှေ့မှာ အဘ ကျွန်တော် ထောင်ပြောင်းရတော့ မယ်။ အဘအပေါ်မှာ ကျွန်တော် ကျူးလွန်မိခဲ့တဲ့ အမှားတွေအတွက် ဒီနေရာက ကန်တော့ခဲ့ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်လို့ ပြောပြီး ထိုင်ကန်တော့ သွားခဲ့ပါတယ်။ အဲဒီလို ကန်တော့တော့လည်း ဗိုလ်မှူးကြီး ကျော်ဆန်း တစ်ယောက် စိတ်ထိခိုက်သွားပြီး ကြေကွဲတဲ့ အသံ နဲ့ ဆုပေးခဲ့တာကို ကျန်တဲ့ အခန်းတွေလည်း ကြား ခဲ့ရပါတယ်။

“အေးကွာ ခွင့်လွှတ်ပါတယ်။ ရောက်လေရာ နေရာ တိုင်းမှာ အမှန်တရားကို ချစ်တဲ့ စစ်သားကောင်း တစ်ယောက် ဖြစ်ပါစေ” ဆိုတာပါပဲ။ အခုတော့ ဗိုလ်မှူးကြီး ကျော်ဆန်း တစ်ယောက် လည်း ကွယ်လွန် သွားခဲ့ပါပြီ။ ထောက်လှမ်းရေး ဗိုလ်ချုပ်တွေလည်း ဦးခင်ညွန့် ပြန်လည် လွတ်မြောက်လာတဲ့တိုင်အောင် ထောင်ထဲက ထွက်လာ နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်တော့်ဘ၀မှာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ အများကြီးတွေ့ခဲ့ဖူးပါတယ်။ အခါအခွင့်သင့်ရင် သူတို့ အကြောင်းတွေကို ရေးပါဦးမယ်။

(ဇော်သက်ထွေး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page