ဆင်ခြင်ဉာဏ်ကြီးတဲ့ ခေါင်းဆောင်၊ နှလုံးသားနဲ့ အမိန့်နာခံတဲ့ လက်အောက်ငယ်သားတို့ရဲ့ တကယ့်ဖြစ်ရပ်

အမေရိကန် ဇာတ်ကားတစ်ကားအကြောင်း ပြောပြချင်မိတယ်။အဲဒီရုပ်ရှင်ကို ၁၉၉၇ လောက်မှာကြည့်ခဲ့ရတာပါ။ ခက်တာက ဇာတ်ကားနာမည်ကိုမမှတ်မိဘူး။ မင်းသားက အဲဒီအချိန်တုံးက ခေတ်စား ခဲ့တဲ့ Mickey Rourke ပါ။ Based on the True Events လို့တော့ရေးထားတယ်။

ပထမ ကမ္ဘာစစ်အတွင်းက စစ်မြင်းတွေကိုတွင်တွင်ကျယ်ကျယ်သုံးခဲ့ကြတယ်။ အဲဒီဇာတ်ကားက မြင်းတပ်အကြောင်းရိုက်ထားတဲ့ကားပါ။

စစ်တပ်တွေမှာ မြင်းတပ်၊ခွေးတပ် စသဖြင့် မြင်းတွေ၊ခွေးတွေကို လေ့ကျင့်ပေးရတဲ့တပ်တွေ ရှိတယ်။ ခွေးတွေဆိုလည်း မိုင်းရှာ၊ ဗုံးရှာ၊ တရားမဝင်ဆေးဝါးရှာ စသဖြင့်တပ်ထဲမှာအမျိုးစုံလေ့ကျင့်ပေးကြတာ။ သူတို့ Trainer တွေဟာ အဲဒီ မြင်းတွေ၊ခွေးတွေကို လူလို သဘောထားကြတာ။ ရဲဘော်ရဲဘက်လိုသဘောထားကြတာ။ အကြောင်းအမျိုးမျိုးကြောင့်သေသွားခဲ့ရင်လည်း ဝမ်းပမ်းတနည်းခံစားကြတာ။ သူတို့ရဲ့သေဖေါ် ရှင်ဖက် မဟုတ်လား။

ပထမ ကမ္ဘာစစ်အတွင်းက စစ်မြင်းတွေသုံးကြတော့ မြင်းတပ်လည်းရှိတာပေါ့။ မြင်းတွေကိုလေ့ကျင့်ပေးရတဲ့ ထရိန်နာတွေဟာသူတို့မြင်း သူတို့သိပ်တန်ဘိုးထားကြတယ်။ ချစ်ကြတယ်။

မင်းသားက မြင်းတပ်က ထရိန်နာပေါ့။ သိပ်ရဲရင့်တဲ့ တော်တဲ့ ထရိန်နာ။ ပြသနာက စစ်ကြီးပြီးသွားတဲ့အချိန်မှာ တိုင်းပြည်က စစ်ပမ်းပြီးချွတ်ခြုံကျတဲ့အချိန်။

လူတွေတောင် အစား ဝဝလင်လင်မစားရတဲ့အချိန်မှာ မြင်းကောင်ရေ ၄၀၀ လောက်ရှိတဲ့တပ်က မြင်းတွေကိုကျွေးဖို့ ရိက္ခာစားရိတ်ရယ်၊ ထရိန်နာတွေရဲ့ လခ ရယ်ဟာ အစိုးရအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်။

ဒါနဲ့ပဲ မြင်းတပ်ကိုဖြုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဆုံးဖြတ်တာက ရိုးရိုးမဟုတ်ဘူး။ မြင်းကောင်ရေ ၄၀၀ လုံးကိုသတ်ပစ်ဖို့ အမိန့်ချလိုက်တာ။

တကယ်တော့ ဒီစစ်မြင်းတွေဟာ စစ်ဖြစ်နေတဲ့တလျှောက်လုံး စစ်သားတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့မြင်းတွေပါ။
စစ်မြေပြင်တွေမှာ အတူတူရင်ဆိုင်ခဲ့ရတယ်။ ကြမ်းကြမ်းတမ်းတမ်း အပင်ပန်းခံခဲ့ကြတယ်။ သေအတူ ရှင်ဘက်ရုန်းကန်ခဲ့ကြရတယ်။

အဲဒီလို ရဲဖေါ် ရဲဖက်မြင်းတွေကိုသတ်မိန့်ချလိုက်တာဟာ မြင်းထရိန်နာတွေအဖို့အသည်းကွဲစရာဖြစ်လာတော့တာပါပဲ။ အမိန့်ချတဲ့ဗိုလ်ချုပ်ကလည်း အင်မတန် စည်းကမ်းကြီးတယ်လို့ သတင်းကြီးတဲ့သူ။ သူ့လက်အောက်က ဗိုလ်မှူးကြီးဆိုသူကလည်း အမိန့်မှန်သမျှ တသဝေမတိမ်း လိုက်နာတဲ့ ဂွစာကြီး။ နှုတ်ခမ်းမွှေးကြီး တသသ နဲ့။

မင်းသားနဲ့တကွ သူ့လုပ်ဖေါ် ကိုင်ဖက် ထရိန်နာတွေအကုန်လုံးဟာဒီအမိန့်ကိုမကျေနပ်ကြဘူး။ အပြင်းအထန် ကန့်ကွက်ညှိနှိုင်းကြပေမဲ့ ဘယ်လိုမှမရပဲ အမိန့်ကသာ အတည်ဖြစ်သွားခဲ့တယ်။

နောက်ဆုံးတော့ မင်းသားနဲ့တကွ စိတ်ချရသူအချင်းချင်း လျို့ဝှက်တိုင်ပင်လိုက်ကြတာကတော့ ဒီမြင်း ၄၀၀ လုံးကိုခေါ်ပြီး ကနေဒါနယ်စပ်ဆီ ထွက်ပြေးကြဖို့ပဲ။

တညမှာတော့ မြင်းတွေကို ရှင်းဖို့လာတဲ့စစ်တပ်က ရောက်လာခဲ့တယ်။ မနက်လင်းရင် မြင်းတွေကို ရှင်းဖို့အဆင်သင့်တောင် ပြင်ပြီးသွားပြီ။

မှတ်မိသလောက်ပြောရရင် စက်သေနတ်တွေနဲ့ထင်ပါရဲ့။ မင်းသားနဲ့ သူ့အဖွဲ့ကတော့ မနက်လင်းအားကြီး အားလုံးအိပ်နေတဲ့အချိန်မှာ မြင်းတွေကိုခေါ်ပြီး ထွက်ပြေးကြတယ်။

မြင်းကောင်ရေ လေးရာရဲ့ ခွာပေါက်ပြီးပြေးတဲ့အသံဟာ နည်းတဲ့ အုန်းအုန်းထ သံလား။ ရွက်ဖျင်တွေထိုးပြီးယာယီစခန်းချ ထားကြတဲ့ စစ်တပ်ကြားက ထွက်ပြေးကြတာ အကုန် ဝရုန်းသုန်းကားပဲ။

ဟို နှုတ်ခမ်းမွှေးကြီးနဲ့ ဂွစာ ဗိုလ်မှူးကြီးကတော့ ဒေါတွေအလိတ်လိုက်ထွက်ပြီး ချက်ချင်းနောက်က လိုက်တော့တာပဲ။ ကနေဒါ ဘော်ဒါလိုင်းရောက်ဖို့ နည်းနည်းပဲလိုတော့တဲ့အချိန်မှ ာနောက်ကလိုက်လာတဲ့တပ်က မှီလာတယ်။

မြင်းတွေကလည်း အသားကုန်ပြေး။ ထရိန်နာတွေကလည်း ဘေးကနေ ထိန်းရင်း မြင်းစီးပြေး။ နောက်ကလိုက်လာတဲ့ ဂွစာကြီးကတော့ တောင်ကုန်းတစ်ခုပေါ်မှာအထိုင်ချပြီး ထွက်ပြေးတဲ့မြင်းတွေကို စိန်ပြောင်းနဲ့အပစ်ခိုင်းတော့တာပဲ။

အဲဒီအခန်းဟာကြည့်တဲ့ပရိသတ်တွေ အသည်းတယားယားနဲ့ ကြည့်ကြရတဲ့အခန်းပေါ့။ စိန်ပြောင်းနဲ့ပစ်ရတဲ့ ဗိုလ်လေးခမျာလည်း မြင်းတွေကိုသနားလွန်းလို့ မပစ်ရက်ဘူး။ နှုတ်ခမ်းမွှေးနဲ့ ဂွစာကလည်း ဇွတ်ပစ်ခိုင်းနေတော့ စိန်ပြောင်းကို ခပ်ထောင်ထောင် လုပ်ပြီးပစ်ထည့်လိုက်တာ ဘယ်ထိလိမ့်မတုံး။ လွဲလေသတည်း ပေါ့။

နောက်မှ ကြောက်ကြောက်နဲ့ သူ့ဘေးကရပ်နေတဲ့ ဂွစာဗိုလ်မှူးကြီးကို မော့ကြည့်လိုက်တော့ ဆဲလိမ့်မယ် ထင်ထားတာ။ ဟိုက Good Job တဲ့။ သူထင်သလို မဖြစ်လာတဲ့အခါ အဲဒီဗိုလ်လေးမျက်နှာက အပြုံးကြီးဟာ ကြည့်တဲ့လူတွေကိုပါ ကူးစက်ပါရဲ့။

စိန်ပြောင်းတစ်လုံးပစ်လိုက် မထိလိုက်။ Good Job ဆိုတဲ့အသံကြီးထွက်လာလိုက်နဲ့။ ကြည့်တဲ့သူတွေ ဆိုတာ သဘောတကျကျ၊ အသည်းတယားယား။

ဒီလိုနဲ့ပဲ ဟိုအုပ်စုကြီး ကနေဒါနယ်စပ်ရောက်တဲ့အချိန် ကနေဒါက နယ်ခြားစောင့်တပ်ကလည်း ဟိုဘက်က ကြိုနေကြပြီ။ နောက်ဆုံးတော့ မြင်းလေးရာလုံးရော သူတို့ထရိန်နာတွေရော အားလုံးဘေးမသီ ရန်မခ ကနေဒါကိုရောက်သွားကြလေရဲ့။

ဒီဘက်စိန်ပြောင်းပစ်တဲ့ ဗိုလ်လေးကတော့ သူ့အထက်အရာရှိ သူ့ကို ဘာပြောမလဲ လို့စိုးရိမ်စိတ်နဲ့ ကြည့်မိတဲ့အခါ၊ ဂွစာကြီးက နှုတိခမ်းမွှေးလေး သ ပြီး မပြုံးသယောင် ပြုံးသယောင်နဲ့ ပြောလိုက်တာ။ Well Done တဲ့။

သူတို့ဟာ အထက်အမိန့်ကို နာခံခဲ့ကြပါတယ်။ ပစ် ဆိုလည်းပစ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာ အထက်ကအမိန့်ကို နှလုံးသားနဲ့နာခံခဲ့ကြတာ။ ကိုယ်ချင်းစာတရားနဲ့နာခံခဲ့ကြတာ။ မြင်းတွေအပေါ် ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ နာခံခဲ့ကြတာ။ ပါးနပ်စွာနာခံခဲ့ကြတာ။

တချို့အဖွဲ့အစည်းတွေမှာ ကိုယ့်ထိုင်ခုံ မပျောက်ပါမယ့် အရေး၊ ကိုယ့်စားပေါက် မပိတ်ပါမယ့် အရေး ဘယ်သူ့နှလုံးသားကိုမဆို ဘယ်သူ့ကိုမဆို ချနင်း တတ်ကြတဲ့ အမိန့်နာခံသူတွေတွေ့တဲ့ အခါတိုင်း အပေါ်ကရုပ်ရှင်ကို သတိရမိတယ်။

အဲသလိုပဲ ငယ်သားက အမိန့်ကို ဆင်ခြင်တုံတရားဖက်ပြီး နှလုံးသားကနာခံတဲ့ အခါတိုင်းမှာလည်း “Good Job” လို့ ပြန်ပြောနိုင်တဲ့ ဆင်ခြင်ဉာဏ်လည်းကြီး ၊နှလုံးသားလည်းကြီးတဲ့ ခေါင်းဆောင်တွေသာရှိခဲ့ရင် လူ့ဘောင်ကြီးဟာ ဒီထက်သာယာလိမ့်မယ်ထင်ပါရဲ့။

မော်မော်သင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page