ကြံကြံဖန်ဖန် ရွှေငါးတွေကို ကုန်းပေါ်မှာ ကားမောင်းသင်ပေးခဲ့တဲ့ အစ္စရေး သိပ္ပံပညာရှင်များ

အစ္စရေး သိပ္ပံပညာရှင်များဟာ ဖြစ်နိုင်ဖို့ ခက်ခဲတဲ့ ကြံကြံဖန်ဖန် တီထွင်မှုတခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရွှေငါးခြောက်ကောင်ကို ကုန်းပေါ်မှာ ကားမောင်းတတ်ဖို့ သင်ပေးခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ ဘင်ဂူရီယန်တက္ကသိုလ်က ထုတ်ဝေတဲ့ သုတေသန စာစောင်မှာ သိပ္ပံပညာရှင်တွေက ရေးသားခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ငါးမောင်းယာဉ် ဟု အမည်ပေးထားတဲ့ ယာဉ်တခုကို တီထွင်ခဲ့ကြပါတယ်။ အဲဒီယာဉ်မှာ လှုပ်ရှားမှု စောင့်ကြည့် ကင်မရာနဲ့ ကွန်ပျူတာများကို တပ်ဆင်ထားပါတယ်။

ငါးရဲ့ ရွေ့လျားမှုကို ကင်မရာကနေ ခြေရာခံပြီး ကွန်ပျူတာဆီ သတင်းအချက်အလက် ပေးပို့ပါတယ်။ ရရှိလာတဲ့ အချက်အလက်အပေါ် မူတည်ပြီး ကွန်ပျူတာက ယာဉ်ကို ရွေ့လျား စေတာဖြစ်ပါတယ်။ တနည်းအားဖြင့် ငါးက ဉီးတည်ပြီး ကူးခတ်တဲ့နေရာကို ယာဉ်က လိုက်လံ ရွေ့လျား ပေးမှာ ဖြစ်ပါတယ်။

ရွှေငါးတွေကို အစာရှိရာ ပန်းရောင်အမှတ်အသားဖက်ကို ကူးခတ်စေဖို့အတွက် လေ့ကျင့်ပေးခဲ့ပါတယ်။ အစပိုင်းမှာ ငါးတွေအနေနဲ့ တည်နေရာ ညွှန်ပြမှုကို နားလည်ရန် ခက်ခဲ ခဲ့ပေမယ့်လည်း အချိန်ကြာလာတဲ့ အမျှ ရွှေငါးတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုဟာ ယာဉ်ရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာ သိလာခဲ့ပါတယ်။ ပန်းရောင်အမှတ်အသား ရှိတဲ့နေရာကို ရောက်ခဲ့ရင် ဆုအဖြစ် အစာကျွေးတဲ့ နည်းကို အသုံးပြုထားပါတယ်။

သိပ္ပံပညာရှင်များဟာ မတူညီသောအရောင်များ၊ ကွဲပြားသော အမှတ်အသားနဲ့ အနေအထား အမျိုးမျိုး ပြောင်းလဲပြီး စမ်းသပ်ခဲ့ပေမယ့်လည်း ရွှေငါးတွေကတော့ အစာရှိတဲ့ ပန်းရောင်အမှတ်အသားကို ရောက်အောင် သွားနိုင်ခဲ့တာ တွေ့ရပါတယ်။

ရွှေငါးတွေကို အခန်းထဲမှာ ပန်းတိုင်ရောက်စေဖို့ သင်ကြားပြီးတဲ့နောက်မှာ ပြင်ပမြေပြင်မှာ ယာဉ်ကို မောင်းနှင်ဖို့ စမ်းသပ်ခဲ့ကြပါတယ်။ ပတ်ဝန်းကျင်အသစ်၊ နေအလင်းရောင်ကြောင့် အလင်းပြန်မှုတွေ ရှိနေပေမယ့်လည်း ရွှေငါးတွေက ပန်းတိုင်ကို ရောက်ရှိအောင် သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။

အပြင်ဖက်မှာ စမ်းသပ်မှုတွေအရ ရွှေငါးတွေဟာ ကန်နံရံကို ဖြတ်ပြီး မြင်ရတဲ့ ပန်းတိုင်ဆီကို တိတိကျကျ ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါ သုတေသနကို အာကာသ စူးစမ်းရှာဖွေရေးနဲ့ တည်နေရာညွှန်ပြမှု စီမံကိန်းများအတွက် အထောက်အကူ ရရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မျိုးစိတ်တခုဟာ သူရှင်သန်ရာ မဟုတ်တဲ့ ပတ်ဝန်းကျင်တခုမှာ လုပ်ငန်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ခြင်း ရှိ/မရှိကို စမ်းသပ်တဲ့ သုတေသန ဖြစ်ပါတယ်။

အပို သုတေသန ရလဒ်အနေနဲ့ အရင်က လူတွေ ထင်ခဲ့တဲ့ ရွှေငါးတကောင်ဟာ စက္ကန့် အနည်းငယ်ပဲ မှတ်ဉာဏ်ရှိတယ်ဆိုတဲ့ အယူအဆမှားကြောင်းကို ယခုဖြစ်ရပ်နဲ့ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page