ခရီးသွားတွေ အားလုံးကို ဂျင်းထည့်နေတဲ့ ပူတာအိုမနက်ခင်းစျေးက ရှီးပဒီးဂျင်း

ဂျင်းပဒီး

ပူတာအိုရဲ့ မထူးပေမဲ့ ဆန်းတဲ့ မနက်ခင်းဈေးမှာ ခရီးသွားတွေ အားလုံးနီးပါးမိဖူးတဲ့”ဂျင်း”ကတော့ ရှီးပဒီးပေါ့။

ဘာလဲ….ရှီးပဒီး..? တိုတိုနဲ့ လိုရင်းပြောရရင် ဆေးဖက်ဝင်တယ်ဆိုပြီး လူကြိုက်များလွန်းတဲ့ ဆောင်းပိုး၊ နွေမြက်။ ဆောင်းရာသီမြေအောင်း ဘောက်ဖတ်ပိုးလောင်းကောင်လေးတွေကို ဘက်တီးရီးယားလို မှိုတမျိုး ကပ်ညိရာကနေ၊ နွေရာသီ ရောက်တဲ့အခါပိုးလောင်းကောင်က ခြောက်သွားပြီး ဆေးမြက်ပင်ဖြစ်နေတဲ့အရာ။

ပူတာအိုမှာ တကောင် “၁၅၀၀” ကနေ “၉၀၀၀၀” ဝန်းကျင်အထိ ပေါက်ဈေးရှိတဲ့ အရောင်းသွက်ဆုံး လက်ဆောင်တမျိုး။ ဒေသခံဖြစ်တဲ့ ကချင်ဗမာလေး ကိုတူးအောင်ကို မေးကြည့်တော့..။ တိုင်းရင်းသား ထုံးစံအတိုင်း တခွန်းဘဲခ ပ်ပြတ်ပြတ်ဖြေတယ် မဝယ်နဲ့တဲ့။

အယ်….ဘယ်လို….ရှင်းပြဦးလေဗျာ။ တကောင်(၁၅၀၀)နဲ့ ရောင်းပေးနိုင်တဲ့အထိ သိန်းသောင်းချီပြီး ပေါများတဲ့ ရှီးပဒီး ထွက်တဲ့နေရာ ဒီကမ္ဘာမှာ ဘယ်နေရာမှာမှ မရှိဘူး…Bro။ သူတို့ရောင်းနေတဲ့ ရှီးပဒီးဆိုတာတွေကို ကျွန်တော့်မိန်းမဖက်က အမျိုးတွေ လုပ်နေတဲ့နေရာခေါ်ပြမယ် လိုက်ခဲ့ပါလားတဲ့။

ဒါ နဲ့ပဲ အထက်ရှန်ခေါင်ရွာဖက် ရောက်ခဲ့ပြန်တယ်။ သောက်ကျိုးနည်း၊ ပေါများလိုက်တဲ့ ရှီးပဒီး။ ရေခဲတောင်ခြေမှာ သဘာဝအတိုင်း ပေါပေါများများပေါက်နေတဲ့ မချမ်းဘော့မြစ် တွေ အထွေးလိုက်ကြီးကို ရှီးပဒီးဖြစ်အောင် အဆင့်ဆင့်လုပ် ယူနေကြတာ တရွာလုံးနီးပါးဘဲ။ လုပ်ခတကောင်ကို ၅၀၀ ကျပ်ရတယ်။ ဒေသခံတွေအတွက် ငွေတွင်းက နက်တော့ တကောင်(၅၀၀)ရ နည်းသလားဘဲပေါ့။

အမြစ်ဖွာကို လှီးထုတ်၊ တညရေစိမ်ထား၊ နနွင်းနဲ့လှိမ့် ရွှေအိုရောင်ရှီးပဒီးကောင် ရမယ်။ သုံးရက်လောက် ကျပ်တင် အမြစ်ထိပ်ဖျားလေးတွေ မည်းရောင်သမ်းလာရော။ နနွင်းနဲ့ထပ်လှိမ့် နေပူပူမှာ တပါတ်လှမ်း၊ လက်နဲ့ပွတ်ကြည့်လို့ အမှုန့်တွေ မထွက်တော့ဘူးဆိုရင် အသင့်ရောင်းရန် ရှီးပဒီးရပြီ၊ တကောင်ကို (၁၅၀၀)ကျပ်…။

ဒါဆို “ရှီးပဒီး” အစစ်ကရော မရှိဘူးလား..ကိုတူးအောင်။ ရှိလောက်မှာပါ၊ အစစ်ရှိလို့သာ အတုတွေပေါ်လာတာပေါ့ဗျာ အစစ်က ကမ္ဘာ့ခေါင်မိုးလို့ တင်စားခေါ်ဆိုတဲ့ တိဘက်ပြည်က ဟိမဝန္တာရေခဲတောင်ကြားဒေသတွေဟာ ရှီးပဒီးရဲ့ မူရင်းဒေသတွေဖြစ်မှာပေါ့လေ။

ဒီကချင်ပြည်နယ်မှာရော။ Bro စိတ်ဝင်စားရင် ဧပြီလအစပိုင်းလောက် ရာဇီ(နှင်းဖုံးတောင်တန်း)တွေဖက်၊ တက်ကြရင်း နဲ့ ရှီးပဒီးမုဆိုးတွေနောက် ဗဟုသုတရအောင်လိုက်ကြည့်လို့ ရတယ်။ ကျွန်တော်ကတော့…မမြင်ဖူးဘူး။ အခုရောင်းနေတဲ့”ရှီးပဒီး”တွေကမစွမ်းဘူးလား..? သူ့နည်းသူ့ဟန်နဲ့တော့…စွမ်းမှာပေါ့။

ဘယ်လိုသူ့နည်း၊သူ့ဟန်နဲ့ စွမ်း? ရေနဲ့စိမ်သောက် သေးပေါက်မယ်(ဆီးရွှင်တယ်)။ သစ်မြစ် ဆိုတော့ ဖန်တဲ့အရသာပါသပေါ့။ နနွင်းဆိုတော့ ရေနွေးနဲ့မပြုပ်ရဘူး။အရောင်တွေ ကျွတ်ကုန်ရော။ ခပ်ကြီးကြီး ရှီးပဒီးဆို ပိုစွမ်းမယ် ခွေးတောင် ပစ်လို့ရတယ်လေဗျာ ဆိုဘဲ။

လေးစားစွာဖြင့်
Kin ShiHimura

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page