မြန်မာတနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေး ထိုးဖို့အတွက် ရှေ့တန်းတပ်မှူးကြီးတွေ စတင်လေ့ကျင့်နေပြီ

မြန်မာတနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေး ထိုးဖို့အတွက် ရှေ့တန်းတပ်မှူးကြီးတွေ စတင်လေ့ကျင့်နေပြီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီလ (၁၂) ရက်နေ့၊ ညနေပိုင်းတွင် ပြုလုပ်ခဲ့သော COVID-19 ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေ အမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်းသို့ တက်ရောက်ခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးပြင်ဆင်ထားသော်လည်း မထင်မှတ်သော အခြေအနေ အကြောင်းအချက်များ ပေါ်ပေါက်လာနိုင်သဖြင့် ထိုမထင်မှတ်သော အကြောင်းအချက်များ ကိုလည်း ကြိုတင်စဉ်းစားကာ တက်ရောက်သူများမှ ဖော်ထုတ်၍ အကြံပြု ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း နှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်း အဖွဲ့ခွဲများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွက် အသုတ်လိုက်ရရှိလာနိုင်ချေရှိသည့် ကိုဗစ် ကာကွယ်ဆေးအရေအတွက် ပမာဏ၊ ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးအမျိုးအစားအလိုက် အအေးလမ်းကြောင်းမပျက် သိုလှောင်ရမည့် အခြေအနေအမျိုးမျိုးတို့ အပေါ်မူတည်၍

ဦးစားပေးလူအုပ်စုများရွေးချယ် ထိုးနှံသွားမည့် အစီအစဉ်၊ ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၆၅) နှစ်အထက် ပြည်သူများအား ပထမဦးစားပေး လူအုပ်စု အဖြစ် ရွေးချယ်သတ်မှတ်ထားမှု၊ ကိုဗစ် ကာကွယ်ဆေးရောက်ရှိလာသည့်အခါ ထိုသို့ကြိုတင်ပြင်ဆင် သတ်မှတ်ချက် အစီအစဉ်များ အတိုင်း အမြန်ဆုံး သယ်ယူပို့ဆောင်ထိုးနှံရမည် ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ပြောကြားရာတွင် အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု လိုအပ်သည့် ကိုဗစ် ကာကွယ်ဆေး အမျိုးအစားများ ဆေးအာနိသင်မပျက်စေရေးအတွက် သယ်ယူပို့ဆောင်မှု မနှောင့်နှေးစေဘဲ သက်ဆိုင်ရာနေရာသို့ ရောက်ရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အသေးစိတ်ကြိုတင်ပြင်ဆင်မည်ကို သိရှိရသဖြင့် ကောင်းမွန်ပါကြောင်း၊

ယခု တင်ပြချက်များကို ကျေနပ်မှုရှိပါကြောင်း၊ မိမိတို့အားလုံး ပေါင်းစပ်၍ မြန်မာနိုင်ငံပြည်သူများ အမြန်ဆုံး COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဗီဒီယိုကွန်းဖရန့် စနစ်ဖြင့် တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက ဆွေးနွေးပြောကြားရာတွင် ဦးစားပေးအုပ်စုများကို မည်သည့် အချက်ပေါ်မူတည် စဉ်းစားဆုံးဖြတ်သည်ကို ပြည်သူများထံ ကြိုတင်ထားရန် အသိပေးရှင်းလင်းပြောကြားထားရန် အရေးကြီးမှု၊ ကိုဗစ် ကာကွယ်ဆေးသယ်ပို့ဆောင်ခြင်း၊ နေရာသတ်မှတ်ထိုးနှံခြင်းတို့တွင် လုံခြုံရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်မှု၊

ကိုဗစ် ကာကွယ်ဆေးထိုးနှံမည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်မှု စသည့်အချက်များနှင့် အထွေထွေကိစ္စရပ်များအား အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက ကိုဗစ် ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေအမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေးအတွက် ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခြင်းနှင့် အစီအစဉ်များတင်ပြခြင်း တို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ကြိုတင်ပြင်ဆင်ခြင်းအစီအစဉ်သို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ တို့မှ အဖွဲ့ဝင်များနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page