ထမင်းဝိုင်းမှာ လျှာလည်စေမယ့် မြန်မာတို့အကြိုက် အထောင်း (၅) မျိုးပြုလုပ်နည်း

ထမင်းဝိုင်းမှာ လျှာလည်စေမယ့် မြန်မာတို့အကြိုက် အထောင်း (၅) မျိုးပြုလုပ်နည်း (လုပ်ရတာ အရမ်းလွယ်ကူပါတယ်)

မရမ်းသီးထောင်းနည်း (မရမ်းသီးကိုငပိမပါပဲ ပုဇွန်ခြောက်နဲ့ထောင်းထားတာလေးပါ)

ပါဝင်ပစ္စည်းများ- ပုဇွန်ခြောက်လက်တစ်ဆုပ် မရမ်းသီးကျပ်သား ကြက်သွန်ဖြူ ဗမာတစ်ဥ ငရုတ်သီးစိမ်း အစပ်စားနိုင် သလောက်။

ပြုလုပ်ပုံ- အရင်ဆုံး မရမ်းသီးနုနုလေးတွေကို ထပ်ခြမ်းခွဲ ရေဆေးပြီးဆားရည်စိမ်ထားပါ။ ဒါဆိုမရမ်းသီးက မမဲတော့ပဲစိမ်း နေပါမယ်။ ကြက်သွန်ဖြူကို စထောင်းပါ။ ပြီးရင် ငရုတ်သီးစိမ်းထည့်ထောင်း ပြီးရင် ပုဇွန်ခြောက်ထည့်ထောင်း ဆား၊ အရသာ၊ ငံပြာရည်အနည်းငယ်ထည့်ပေးပါ။ နောက်ဆုံးမှမရမ်းသီးထည့်ထောင်းပြီး ပဲဆီစိမ်းလေးလောင်းပါ။ ပုဇွန်ခြောက် က ဆီနဲ့တွေ့ပြီးပွလာတော့ တစ်မျိုးလေးစားကောင်းတယ်ရှင့်။

ရှောက်ဖတ်ငပိထောင်း

သွေးတိုးရှိတဲ့သူလဲ စားလို့ရတယ်။ ဆီမြှုပ်အောင်ထည့်ထားရင် အကြာကြီးလဲခံတယ်။ အလုပ်သွားရတဲ့သူတွေ တစ်ပတ်စာထောင်းထားရင် ထမင်းမြိန်မြိန်စားလို့ရတယ်။ အရမ်းခံတွင်းမြိန်ပါတယ်။

ပါဝင်ပစ္စည်းများ- ငပိကောင်းကောင်း၁၀သား ငရုတ်သီးစပ်စပ်ကြိုက်ရင်များများ(မွှေးအောင်လှော်ထားပါ) ကြက်သွန်ဖြူ ဗမာဥ (၅) လုံး အချိုမှုန့်အနည်းငယ် ဆားအနည်းငယ် ရှောက်သီးစိမ်းစိမ်းအနေတော်၁လုံး(ရှောက်သီးက အဝါရောင် သန်းပြီးမှည့်နေရင် အရည်ရွှမ်းလို့မကောင်းပါ။ ခါးတတ်သည်။)

ပြုလုပ်ပုံ- ငပိကိုမွှေးရုံလေးမီးကင်ပါ (တူးသွားရင် ခါးပြီးငပိအနံ့လည်းသိပ်မမွှေးတော့ပါ) ငရုတ်သီးစိမ်းလဲမွှေးအောင် လှော်ပါ။ ကြက်သွန်ဖြူလဲလှော်ပါ။ ငရုတ်သီး၊ ကြက်သွန်ဖြူကို မညက်တညက်ထောင်း ပြီးရင် ငပိပါ အချိုမှုန့်အနည်းငယ်နဲ့ ထောင်းပြီးမှ ရှောက်သီးကိုအခွံခွာပြီး အဖတ်ကလေးများမျှင်ပါ။ ဆားအနည်းငယ်နှင့်နယ်ပြီး ငပိထဲထည့်ထောင်းပါ (နှံ့ှရုံ ဖွဖွလေးထောင်းပါ၊ ရှောက်သီးဖတ်တွေကြေမသွားစေရ) ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြုပ်အောင် ထည့်ထား ရင် အကြာကြီးထားစားလို့ရပါတယ်။ သတိထားရမှာက ငပိဖုတ်ထားတာကို အပူအတိုင်းထည့်ထောင်းရင် ရှောက်သီးက ခါးသွား တတ်ပါတယ်။ ဒါ့ကြောင့်ငပိမီးဖုတ်ထားတာလုံးဝအေးသွားမှ ထောင်းပါ…

ငပိလျှာဂျွမ်းပြန်ထောင်း

ပါဝင်ပစ္စည်းများ- ငပိအနည်းငယ် ပုဇွန်ခြောက် ရေနွေးစိမ်ပြီးစစ်ထားတာအနည်းငယ် ကြက်သွန်ဖြူ အနည်းငယ် သိပ်မစပ်တဲ့ငရုတ်သီးက ငပိထက်ပိုများရပါမယ် ငံပြာရည်အနည်းငယ် အရသာမှုန့်အနည်းငယ် ရှောက်သီး(သို့)သံပုရာသီး

ပြုလုပ်ပုံ- ဦးစွာ ကြက်သွန်ဖြူကိုထောင်းပါ။ ပြီးရင် ငရုတ်သီးထောင်းပါ။ ပုစွန်ခြောက်ပါ ထည့်ထောင်းပါ။ ပြီးနောက် ငပိ၊ ငံပြာရည်နဲ့ အရသာမှုန့်များကို ထည့်ထောင်းပါ။ နောက်ဆုံးတွင် ရှောက်သီး(သို့)သံပုရာသီး အရည်အနည်းငယ်ကို ညှစ်ပြီးေ ထာင်းပါ…. ခံတွင်းမြိန်၊ ထမင်းမြိန်စေတဲ့ ငပိထောင်းလေးရပါပြီရှင်…

ငါးမီးကင်ထောင်းနည်း

အရင်ဆုံး ငါးပနော်ကိုရေဆေးသန့်စင် ဓားနဲ့၂ချက်စီလောက်မွှန်းပြီး မီးကင်ပါ။ (မီးသွေးမီးဖိုနဲ့ ငါးကိုဖုတ်ရင်ပိုမွှေးပါတယ်)။ အထဲကလဲကျက် မွှေးလဲမွှေးလာအောင်ကင်ပါ။ ငါးကင်လို့ပြီးရင် အရိုးနွှင်ပြီး အသားလေးတွေ ဖွထားပါ။ ကြက်သွန်ဖြူနဲ့၊ ငရုတ်သီးစိမ်းလှော်ကို မညက်တညက်လေးစထောင်းပါ။ ပြီးရင် ငါးကင်ကို ဆား၊ အရသာမှုန့်အနည်းငယ်ထည့်ပြီး ဖွဖွလေး ထောင်းပါ။ နောက်ဆုံးမှ နံနံပင်လေးညှပ်ထည့်၊ ပဲဆီစိမ်းလေးလောင်းပြီး ဖွဖွနယ်ရင်ရပါပြီ။ သူကအဆိမ့်အရသာလေး စားရတာမို့ ဆား၊ အရသာမှုန့်ကိုလျှော့ထည့်ပါ။ ဗူးသီးဟင်းခါးလေးတခွက်ပါရင်တော့ တခြားဘာဟင်းမှတောင် မလိုတော့ ဘူး…

ဂွေးသီးထောင်းနည်း

ပါဝင်ပစ္စည်း- ဂွေးသီး ၁၀ လုံး ငရုတ်သီးစိမ်း (စိတ်ကြိုက်) ပုဇွန်ခြောက်အနည်းငယ် ကြက်သွန်ဖြူ (၁) ဥ

ပြုလုပ်ပုံ- အရင်ဆုံး ဂွေးသီးကိုရေဆေးပြီး အခွံခွာပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကို မွှေးနေအောင်လှော်ထားပါ။ ပုဇွန် ခြောက်ကို ညက်အောင်ထောင်း၊ ညက်လာရင် ကြက်သွန်ဖြူထည့်ထောင်း၊ ပြီးရင် ဂွေးသီးနဲ့ ငရုတ်သီးစိမ်း၊ အရသာမှုန့်နဲ့ ဆားထည့်ထောင်းပါ။ ညက်လာရင် ပန်းကန်ထဲထည့်အပေါ်က ပဲဆီစိမ်းလေးဆမ်းပြီး စားလို့ရပါပြီ…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page