တံငါရွာလေး စင်ကာပူကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တဲ့ လီကွမ်ယု

တံငါရွာလေး စင်ကာပူကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တဲ့ လီကွမ်ယု…

၁၉၅၉ ခုနှစ် မှာ သူ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူ ဟာ ခြင်ပေါတဲ့ နွံတော ကြီး အဆင့်ပဲ ရှိပါတယ်။ လူတွေ ဟာ လယ်တော အိမ်မှာ ဝက်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို နေထိုင်နေတု န်းပဲ ရှိပါတယ်။ သဘာ၀ သယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံ အေ ဆာက်အဦ ဘာမှ မတည်ေ ဆာက်ရသေးတဲ့ တိုင်းပြည်၊ ပညာရေး စနစ် အားမေ ကာင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။

မြို့တစ်မြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊ တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှု ကျွမ်းကျင်မှုလည်း မရှိ။ ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်လီက ပြည်သူတွေဟာ တိုင်းပြည် အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေ ကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။

၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရ ရှိရေး ဖြစ်ပါတယ်။ ပညာလည်း ဟုတ်ဟုတ် ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ ဈေးပေါတဲ့ အလုပ် သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့ နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။

၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထ စပြုလာပါတယ်။ အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြို င်ဆွယ်လာတဲ့အခါ စင်ကာပူက နော က်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ လုပ်အား ကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာ အဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ဝန်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာစီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင် ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမယ့် စင်ကာပူက ဒီအဆင့် လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊ ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။

ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီဝနည်းပညာရဲ့ ဗဟိုချက် ဖြစ်နေ ပါပြီ။ ၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့ တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက ဒီနေ့ ၉၀၀၀၀ ဖြစ်လို့ အဆပေါင်း ၂၀၀နီးပါး တိုးတက်သွားပြီဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုတခုတည်းကို တဖက်စောင်းနင်းလည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါဝင်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။

စင်ကာပူ ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။ စင်ကာပူ ကလေးတွေ သင်နေတဲ့ သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။

စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက အာရှ ထိပ်တန်း တွေးခေါ်ပညာရှင် ပါမောက္ခ Kishore Mahbubani ကစင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ (၁) ဈေးကွက်စီးပွားရေး (၂) သိပ္ပံနှင့် နည်းပညာ၊ (၃) လူတော်လူကောင်းကို နေရာပေးခြင်း (၄) လက်တွေ့ကျခြင်း (၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ (၆) တရားဥပဒေ စိုးမိုးမှု (၇) ပညာရေး တို့ ဖြစ်ပါတယ်။

တကယ်က လီကွမ်ယုဟာ သူ ဝန်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။ တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။ “တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ လူတွေကို ဘယ်လို ရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့အပေါ်မှာ မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။

တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။ (၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊ (၂) ပညာရေးကို မြှင့်တင် (အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊ (၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊ ဒီအချက် သုံးချက်ပါပဲ။

လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြော စရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။

ညီစောလွင်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page