ကွင်းထဲမှာတင်မက ကွင်းပြင်မှာပါ အနိုင်ရသွားတဲ့ ဂျပန်အသင်း (လေးစားဖို့ ကောင်းလွန်းပါတယ်)
ယနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (E) ရဲ့ အဖွင့်ပွဲစဉ်မှာတော့ ဘောလုံး ထိပ်သီး အင်အားကြီး ဂျာမနီကို အာရှတိုက်မှ ဂျပန်အသင်းက ၂-၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင် ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲရဲ့ ရလဒ်ဟာ ဘောလုံးခန့်မှန်းသူများ၊ ပညာရှင်များ၊ ကစားသမားများ အပါအဝင် ပရိသတ်များပါ အံ့အားသင့်ခဲ့ရတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။
ဂျာမနီအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဂျပန်အသင်း ပရိသတ်တွေဟာ ထူးခြားတဲ့လုပ်ရပ်တခုကို ပြုလုပ်ခဲ့ပါတယ်။ ပုံမှန်ဆို ကိုယ့်နိုင်ငံအသင်းက အသင်းကြီးကို အနိုင်ရချိန်မှာ မည်သူမဆို အလွန်အကျူး အောင်ပွဲခံချင်ကြမှာ မလွဲပါဘူး။
ဒါပေမယ့် ဂျပန်အသင်း ပရိသတ်တွေကတော့ ပွဲပြီးပြီးချင်း အောင်ပွဲမခံသေးဘဲ ပွဲကြည့်စင်ပေါ်က အမှိုက်တွေကို လိုက်ကောက်ပေးခဲ့ပါတယ်။ ယခုအပြုအမူမျိုးကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဂျပန်အသင်း ပရိသတ်တွေက ပြုလုပ်ခဲ့ပါသေးတယ်။
၂၀၁၈ ပြိုင်ပွဲတုန်းက ရှုံးထွက်အဆင့်မှာ ဘယ်လ်ဂျီယံ အသင်းကို ဂျပန်အသင်းက ရှုံးနိမ့်ခဲ့ပေမယ့် အဝတ်လဲခန်းကို သန့်ရှင်းရေး လုပ်ပေးခဲ့တဲ့ အပြင် ကျေးဇူးတင်စကားကို စာနဲ့ ရေးထားပေးခဲ့လို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။
မနေ့ကလည်း ဂျပန်ပရိသတ်တွေဟာ သူတို့အသင်း မကန်တဲ့ပွဲမှာလည်း ပွဲပြီးတဲ့အချိန် အမှိုက်ကောက်ပေးခဲ့တာကို တွေ့ရပါတယ်။ ဂျပန်ပရိသတ်တွေရဲ့ ယခုလို ကောင်းမွန်တဲ့ အပြုအမူတွေကို တကမ္ဘာလုံးက ဝိုင်းဝန်း ချီးကျူးနေကြပါတယ်။
တိုက်ဆိုင်စွာပဲ ဂျပန်ပရိသတ်တွေရဲ့ ပွဲပြီးအမှိုက်ကောက်တဲ့လုပ်ရပ်ကို မြန်မာပရိသတ်တွေကလည်း အတုယူခဲ့ကြပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားတဲ့နောက် မြန်မာ့လက်ရွေးစင်အသင်း ကန်တဲ့ပွဲစဉ်အချို့မှာ ပရိသတ်တချို့က ပွဲစဉ်ပြီးချိန်မှာ အမှိုက်ကောက်ခဲ့တာကြောင့် ဒေသတွင်း မီဒီယာတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ဟာ ပျောက်ကွယ်သွားခဲ့ပြီး မြန်မာအသင်းအနေနဲ့ ကိုယ့်မြေကိုယ့်ရေမှာ ကစားခွင့် မရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။ ဂျပန်ပရိသတ်တွေကဲ့သို့ မြန်မာပရိသတ်တွေ ပြန်ပေါ်လာမယ့်နေ့ကို စောင့်စားရင်း…