ကညနရုံးမှာ “ခ” လိုင်စင်ဖြေဆိုရာ၌ လိုအပ်တဲ့ စာရွက်စာတမ်းများနဲ့ ဖြေဆိုပုံအဆင့်များ
ယာဉ်မောင်းလိုင်စင်မှာ လူအများအပြား ပြုလုပ်လေ့ ရှိတဲ့ “ခ” လိုင်စင် ဖြေဆိုရာတွင် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ဖြေဆိုပုံများကို ဖော်ပြ လိုက်ပါတယ်-
(က) လိုအပ်သော အချက်အလက်များ
၁။ သင်မောင်း (၃) လပြည့်ရမယ်။ သက်တမ်း ရှိရမည်။ မှတ်ချက် (သက်တမ်းကုန်လျှင် သက်တမ်းတိုးရပါမည်။)
၂။ အောင်လက်မှတ် ရှိရပါမည်။ အောင်လက်မှတ် မရှိပါက (ကညန) တွင် ယာဉ်လမ်းစည်းကမ်းတက်ထားသည့် ချလံ ရှိရပါမည်။
၃။ မှတ်ပုံတင် ရှိရမည်။ ၄။ ၁၈ နှစ်ပြည့်ရမည်။ စာရွက်စာတမ်းများ အားလုံး မိတ္တူ (၂) စောင်စီ ဆွဲထားရပါမည်။ အထက်ပါ အချက်အလက်များ မရှိပါက လိုင်စင်ဖြေဆို၍ မရပါ။
(ခ) စာတွေ့၊ လက်တွေ့ ဖြေဆိုရမည့်အရာ – ရွာသာကြီးရုံး
(ဂ) အွန်လိုင်း ဘွတ်ကင်ယူပုံအဆင့်ဆင့်
အင်တာနက်မှ rtad.gov.mm အားနှိပ်ပြီး မိမိဖြေဆိုလိုသည့် အရာအားရွေးချည်၍ အမည်နှင့် လိုအပ်သည်များ ဖြည့်ရပါမည်။ ဘွတ်ကင် ရရှိပါက ထိုနေ့တွင် ရွာသာကြီး၌ စာတွေ့ ဖြေဆိုရပါမည်။
(ဃ) စာတွေ့ ဖြေဆိုရာတွင် လုပ်ရမည့်ပုံစံ အဆင့်ဆင့်
ဦးစွာ ရွာသာကြီးရုံးသို့ မိမိယူထားသော အချိန်မတိုင်ခင် ရုံးသို့ အရောက်သွားရပါမည်။ ရောက်ရှိပါက ဖောင်ဝယ်ရပါမည်။ ဖောင်ဝယ်ရန် ကုန်ကျငွေ ရှိပါသည်။
ဖောင်ဖြည့်ပြီးပါက စာတွေ့ မဖြေခင် အမြင်အာရုံ ကောင်း/မကောင်း၊ ကိုယ်လက်အင်္ဂါ ကောင်း/မကောင်း စစ်ဆေးပါမည်။ အောင်မြင်ပါက စိတ်ပိုင်းဆိုင်ရာ မေးခွန်းများအား ဖြေဆိုရပါမည်။ ဖြေဆိုအောင်မြင်မှသာ ယာဉ်လမ်းစည်းကမ်း စာတွေ့အား ဖြေဆိုရပါမည်။
ဖြေဆိုရာတွင် အမှတ် (၅၀) ဖိုး မေးပါမည်။ (၄၀) ရရှိပါက အောင်မြင်ပါသည်။ ဖြေဆို အောင်မြင်ပါက (အေဖိုးဆိုဒ်ဖြင့် မိမိဓာတ်ပုံ ပါရှိသော အမှတ်စာရင်း ထုတ်ပေးပါသည်။ ကျရှုံးပါက ချလံ အသေးထုတ်ပေးပါသည်။ အမှတ်အနည်းအများပေါ် မူတည်၍ ထပ်မံဖြေဆိုရမည့် ရက်အား ပြန်လည် ပြောကြားပေးပါသည်။
(င) လက်တွေ့ဖြေဆိုရာတွင် လုပ်ရမည့် ပုံစံအဆင့်ဆင့်
စာတွေ့အောင်မြင်သူများအနေဖြင့် လက်တွေ့ဖြေရန် ဘွတ်ကင်း ထပ်ယူရန်မလိုပါ။ အချိန်မီပါက လက်တွေ့ဖြေရန် ဖောင်ထပ်မံ ဝယ်ရပါမည်။ ကားငှားခအား တခါတည်း သွင်းရပါမည်။ အားလုံး ပြီးစီးပါက အစဉ်လိုက် ဖောင်ထပ်ပေးရပါမည်။
မိမိအလှည့်ကျပါက ကွင်းပတ်အား ဦးစွာ ဖြေဆိုရပါမည်။ မောင်းနှင်ရာတွင် အော်တိုကားဖြင့်သာ မောင်းနှင်ရပါမည်။ ကွင်းပတ်ဖြေဆိုရာတွင် ကွင်းအတွင်း တပ်ဆင်ထားသော ယာဉ်လမ်းစည်းကမ်းများကို သေချာစွာ ကြည့်ပြီး မောင်းနှင်ရပါမည်။
အောင်မြင်ပါက အချိန်မီလျှင် ပါကင်အား ထပ်မံဖြေဆိုရပါမည်။ ပါကင်ဖြေဆိုရာတွင် ၆၅ ဒီဂရီ ညာတစောင်းပါကင်၊ အချိန် (၁ခွဲမိနစ်)၊ ရှေ့တိုးနောက်ဆုတ် တကြိမ်ခွင့်ပြုသော ပါကင်ကို အောင်မြင်ပါက ငွေခန်းတွင် (ကဒ်ကြေးနှင့် ပရီမီယံကြေးများ ပေးသွင်းရပါမည်။
ပေးသွင်းရာတွင် ၃ နာရီမတိုင်ခင် ပေးသွင်းရပါမည်။ ဖြေဆိုပြီး အချိန်မမီပါက နောက်အားထပ်မံ၍ လာရောက် ထုတ်ယူရပါမည်။
အထက်ပါ အဆင့်များ ဆောင်ရွက်ရာတွင် ရုံးဆင်းချိန်နီးသွားပါက နောက်နေ့မှာ ပြန်လာရမှာ ဖြစ်ပါတယ်။ အကယ်၍ ခဏခဏလည်း မလာချင်၊ ရှုပ်ထွေးတဲ့ အဆင့်များကိုလည်း မလုပ်ချင်ပါက ပွဲစားဆီမှာ တယောက်ကို ၃ သိန်းနှုန်းနဲ့ လုပ်လို့ ရတယ်လို့ သိရပါတယ် (ရွှေမြန်မာပြည်က ရွှေပွဲစားတွေနဲ့ အမှန်အကန်ဝါးတဲ့ ဝန်ထမ်းကောင်းကြီးတွေရဲ့ စုပေါင်းပျော်ရွှင် ခွင်ရိုက်ဆင်နဲ့ဆို အလွန်အင်မတန် လျင်မြန်တယ်လို့ သိရပါတယ်)