နွားကျွေးလိုက်ရပြန်တဲ့ မြန်မာ့ဖရဲသီးတွေနဲ့ ပေါက်ဖော်တို့ရဲ့ ဈေးကွက်ထိန်းချုပ်ကစားခြင်း လျှို့ဝှက်ချက်များ

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို တရုတ်ပြည်ဘက်က ကိုဗစ်အကြောင်းပြပြီး ကုန်သွယ်ရေးဂိတ်တွေပိတ်ထားတာကြောင့် တရုတ်ပြည်ကို တင်ပို့မယ့် မြန်မာ့ဖရဲသီးအများအပြား မူဆယ်မြို့ (၁၀၅)မိုင် ပြည်ထောင်စုလမ်းမတလျှောက် ၂၀၂၂ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း စွန့်ပစ်ခဲ့ထားတာတွေ တွေ့ရပါတယ်။

ရှမ်းမြောက် မူဆယ်နယ်စပ်ဂိတ်ပေါက်တွေကို တရုတ်ပြည်ဘက်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လလယ်ကစလို့ စတင်ပိတ်ခဲ့တာဖြစ်ပါတယ်။

နယ်စပ်ဂိတ်ကို ရောက်ရှိလာတဲ့ မြန်မာပြည်အောက်ပိုင်းက ဖရဲသီးကုန်ကားတွေဟာ တင်ပို့မယ့်အချိန်ကိုစောင့်ဆိုင်းရင်းနဲ့ ဖရဲသီးတွေ ပျက်ဆီးပုပ်သိုးရတာတွေ ယခင်ကလည်း ရှိခဲ့ပြီး အခုလို စွန့်ပစ်လိုက်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ ပြန်ဖွင့်ခဲ့ပေမယ့် ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် သယ်ယူပို့ဆောင်စရိတ်အပါအဝင် အထွေထွေစရိတ်ပိုမိုကုန်ကျရတာရှိပြီး ယခင်လို ပုံမှန် မလည်ပတ်နိုင်တော့ဘူးလို့ကုန်သည်တွေကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ရေးဖြစ်တဲ့မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဟာ စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ကျော်လာချိန်မှာ ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီလို့ ကုန်သည်တွေနဲ့ဒေသခံတွေကပြောပါတယ်။

ပေါက်ဖော်တို့ရဲ့ ဈေးကွက်ထိန်းချုပ်ခြင်း လျှို့ဝှက်ချက်တွေကို ဆက်လက် ဖော်ပြလိုက်ပါတယ်-

ဈေးကွက်ထိန်းချုပ်ရေး ပညာ ကွာတာပါ။ ဈေးကွက်ကို လှုံဆော်တာ၊ ဈေးကွက်ကို ကန့်သတ်တာ၊ ဈေးကွက်ကို အချိန်ကိုက် လွှတ်ပေးတာ၊ စတဲ့ ပညာတွေ အပေးခံနေရတာတောင် သင်ခန်းစာ မယူတတ်ကြသေးဘူး။ (တစ်ဦးခြင်း အဆင့်မဟုတ်၊ အစုအဖွဲ့အဆင့်ကနေ နိုင်ငံတော် အဆင့်ထိ ချိတ်ဆက်ကစားရမှာ။)

တရုတ်က ဝဥ (ဝဥအခြေပြု စားသောက်ကုန် ရောင်းဖို့) ဈေးကွက် ဂျပန် ဖက်မှာ ဖော်ဆောင်ပြီး လိုတဲ့ ကုန်ကြမ်း သွင်းအားကို မြန်မာဖက်က ဈေးပေါပေါနှင့် လိုချင်တော့ ဘာလာလာ ဝယ်တယ် ဆိုပြီး တစ်ရာသီ ကစားတယ်။

မြန်မာတွေက ဝမ်းသာအားရ ကော်ကွက်တွေ့ပြီဆိုပြီး ရင်းပြီး တောတွေဆင်း၊ ဝဥခြောက် လုပ်ဖို့ ကြိုးစားကြ၊ တကယ်ထွက်လာတော့ မောင်တရုတ်က ကန့်ပါဝင်မှုများတယ်၊ အစိုဓာတ်ကျန်တယ်၊ မီးကျွမ်းတယ်၊ အရွယ်သေးတယ်၊ မှိုဝင်တယ် ဆိုပီး ပယ်၊ ခေါင်အဆင့် အကောင်းဆုံးတွေပဲရွေးချယ် ဝယ်၊ ကျန်တာ ငုတ်တုတ်မေ့။ ဈေးကွက်ပညာ၊ ဝဥ ထုတ်လုပ်တဲ့ပညာ မတတ်ဘဲ ဝင်ရင်းတဲ့လူတွေ စီးပွားပါပျက်ကုန်ကြတယ်။

ရွာသားတွေက ဦးဖြူ ဖရဲသီးစိုက်တာ တရုတ်အဝယ် လိုက်တော့ ငွေထုတ်ပိုက်သွားပြီ ဆိုပြီး နောက်ရာသီလည်းရောက်ရော ရွာလုံးကျွတ်၊ နယ်လုံးကျွတ် ဖရဲပဲ သည်းသည်းမဲမဲ ဝိုင်းစိုက်ကြ။ ထွက်လာတော့ တရုတ်ကိုပဲ ဝိုင်းတင်ပို့၊ အရောင်း (supply) အဆမတန်တိုးလာတော့ ဝယ်လက် (demand) မောင်တရုတ်က ဈေးကိုင်ပီး ၁၈ လက်မပတ်လည်မှ၊ အလုံးညီမှ ဘာညာ ချေးများပီးရွေးဝယ်၊ ကျန်တာပယ်တယ်။ လိုခြင်တဲ့ ပမာဏကို စိတ်ကြိုက် ရွေးယူတယ်။

မြန်မာတွေမှာ (စိုက်ခ၊ မျိုးခ၊ လုပ်အားခ၊ သယ်ပို့ခ၊ အကုန်) အကုန်ပလုံ။ ခံကြရတယ်။ stimulus package ပေးတဲ့ဟာကို သွားရေကျ၊ ကိုယ်လည်း ရမယ်ထင် ဝင်ဒိုင်ဗင်ထိုး ခံရပြန်တာပါပဲ။ ဒါတွေကို ထိထိရောက်ရောက် ပညာပေးတွေ အတွေ့အကြုံဖြန့်တာတွေ၊ ဘာမှမထိရောက်။ မြန်မာ့ရေမြေထွက် သယံဇာတတွေ၊ လုပ်အားတွေ၊ အဟောသိကံ ဖြစ်နေတာ ခဏခဏပါပဲ။ (Tin Aung Moe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page