ရုရှားနိုင်ငံမှာ ဖေ့ဘုတ် လုံးဝ မသုံးနိုင်အောင် ပူတင် ပိတ်ပင် (လုပ်ပုံကိုင်ပုံကတော့ တထေရာတည်းပါပဲဗျာ)

ရုရှားနိုင်ငံ ဆက်သွယ်ရေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဖေ့ဘုတ်နဲ့ အခြား လူမှုကွန်ယက် အများအပြားကို ရုရှားနိုင်ငံမှာ ပိတ်ပင်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ဖေ့ဘုတ်အနေဲ့ ရုရှားမီဒီယာတွေကို ခွဲခြားဆက်ဆံမှုပြုလုပ်တာကြောင့် ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ပိတ်ပင်ခဲ့တာလို့ ပြောပါတယ်။

ဖေ့ဘုတ်ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီက တာဝန်ရှိသူတွေကတော့ ဝန်ဆောင်မှုကို အမြန်ဆုံး ပြန်ရဖို့ ဆောင်ရွက်သင့်တာတွေ အားလုံးကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ နာမည်ကျော် လူမှုကွန်ယက် တခုဖြစ်တဲ့ တွစ်တာကိုပါ တခါတည်း ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး တွစ်တာကုမ္ပဏီကတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်းကနေ စပြီး ဖေ့ဘုတ်က ရုရှားအစိုးရ ကျောထောက်နောက်ခံ မီဒီယာတွေကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို လုံးဝ ပိတ်ပင်ခြင်း မတိုင်မီ ရက်အနည်းငယ်ထဲက ရုရှားနိုင်ငံရဲ့ အချို့ဒေသတွေမှာ လူမှုကွန်ယက်တွေကို ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။

ရုရှားအစိုးရဟာ သတင်းအမှားတွေ ဖြန့်တယ်ဆိုပြီး အနောက်နိုင်ငံ မီဒီယာတွေရဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ဖေ့ဘုတ်သုံးစွဲသူ ၇.၅ သန်းရှိပြီး ရုရှားလူမှုကွန်ယက် ဖြစ်တဲ့ ဗီကေကို အသုံးပြုသူပေါင်း ၆၃ သန်း ရှိပါတယ်။

ရုရှားနိုင်ငံက ဖေ့ဘုတ် အသုံးပြုသူတွေကတော့ VPN ခံပြီးမှသာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ရုရှားနဲ့ ယူကရိန်း စစ်ပွဲစတင်ကတည်းက ရုရှားအင်တာနက် အသုံးပြုသူ ၁.၃ သန်းနီးပါးဟာ VPN တွေကို ဒေါင်းလုတ်ရယူခဲ့တယ်လို့ သိရပါတယ်။

အာဏာရှင်တွေဟာ လွတ်လပ်တဲ့ အသံကို မုန်းကြပါတယ်။ ပြည်သူတွေကို သူတို့ ကြားစေချင်တာပဲ ကြားခိုင်းစေတာကြောင့် လွတ်လပ်တဲ့ အသံတွေ လုံးဝ မထွက်နိုင်အောင် လုပ်လေ့ ရှိပါတယ်။

ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ မီဒီယာတိုက်ပွဲကတော့ ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page