လွတ်လပ်ရေး ဘယ်တော့မှ မလိုချင်တဲ့ နိုင်ငံနဲ့ ဒီမိုကရေစီ အာမခံချက်အစစ်
ပြင်သစ် ကိုလိုနီ တခု ဖြစ်တဲ့ နယူးကယ်လီဒိုးနီးယားပြည်သူတွေဟာ ယနေ့ပြုလုပ်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြင်သစ်ကနေ လွတ်လပ်ရေး မယူဖို့ မဲပေးခဲ့ကြပါတယ်။
ဒါဟာ တတိယအကြိမ်မြောက် ပြည်သူ့ဆန္ဒခံယူပွဲပါ။ အရင်နှစ်ကြိမ်ကလည်း ပြင်သစ်လက်အောက်ခံအဖြစ်ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဒီနေရာမှာ နှစ် (၁၀၀) အတွင်းကမ္ဘာကြီးရဲ့ပြောင်းလဲမှုကို တွေ့ရပါတယ်။ ပြင်သစ်နဲ့ မိသားစုဝင်အဖြစ် ဆက်နေမလား၊ ကိုယ့်ဘာသာကိုယ် လွတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်မလား တွေးခေါ်ပုံဟာ အရင်ကနဲ့ မတူညီကြတော့တာ တွေ့ရပါတယ်။
ကိုယ့်မင်းကိုယ်ချင်းတို့၊ သူ့ကျွန်အဖြစ်နွံနစ်မခံတို့ ပြောနေမယ့်အစား ပြည်သူတွေမေးမှာက ဒီမိုကရေစီအာမခံချက်ဘယ်လောက်ရှိသလဲ ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေး ယူလိုက်ရင် ပိုမိုတိုးတက်မယ်လို့ ကြုံးဝါးပြီး ကိုယ့်လူမျိုးက ကိုယ့်ကိုကျွန်ပြန်ပြုတာ ခံရတဲ့နိုင်ငံသာဓကမျိုးတွေကို နယူးကယ်လီဒိုးနီးယားပြည်သူတွေ မြင်ဖူးကြားဖူးနေကြပါပြီ။
ပြင်သစ်ပတ်စပို့ကို ကိုင်ကာ ကြိုက်တဲ့ နိုင်ငံတော်တော်များများကို ရင်ကော့ပြီးဝင်ထွက်သွားလာလို့ရမယ့် ဘဝကို ပိုမိုရွေးချယ်ကြမှာပါ။
ပတ်စပို့စာအုပ်မြင်တာနဲ့ အထင်သေးတဲ့အကြည့်နဲ့ အကြည့်ခံရတဲ့ ဘဝမျိုးကို ဘယ်သူမှ မလိုချင်ကြတော့ပါဘူး။ ပြည်သူလူထုဟာ ဘယ်သူအုပ်ချုပ်တယ်ဆိုတာထက် ဒီမိုကရေစီအာမခံချက် ဘယ်လောက်ရှိလဲဆိုတဲ့ရှုထောင့်ကနေ စဉ်းစားနေကြပါပြီ။
နိုင်ငံတနိုင်ငံကို လွတ်လပ်ရေးရဖို့ တိုက်မယ့်စစ်တပ်ထက် ဒီမိုကရေစီရအောင်တိုက်မယ့်စစ်တပ်က ပိုအရေးကြီးတဲ့ခေတ်ကို ရောက်ပါပြီ။
Richard Myo Thant