မြန်မာတွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ ဆေးပေါ့လိပ်က အန္တရာယ်ကင်းလား..?

ဆေးပေါ့လိပ်က အန္တရာယ်ကင်းလား..?

ဒီမေးခွန်းကို ကျွန်တော်သိချင်နေတာကြာပြီ။

ဆေးပေါ့လိပ်က ပုံမှန်အားဖြင့် အနံ့သိပ်မပြင်းဘူး။ ထုတ်လုပ်တာတွေကလည်း အများစုက ပြည်တွင်းမှာထုတ်ပြီး ဘိုးစဉ်ဘောင်ဆက် ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ရိုးရာဓလေ့တစ်ခုလိုဖြစ်နေတော့ ဘေးကင်းတယ်၊ အန္တရာယ်မရှိဘူးလို့တွေးကြတယ်။ တောဓလေ့အကြောင်းအရာနဲ့ပတ်သက်တာတွေ ဖတ်ကြည့်လိုက်ရင်လည်း အလှူတွေ အထိမ်းအမှတ်ပွဲတွေမှာ ကွမ်းနဲ့ဆေးပေါ့လိပ်ကမ်းတာက ထုံးတမ်းအစဉ်အလာတစ်ခုဆိုတာကိုတွေ့ရလိမ့်မယ်။ ဒီမှာတင် ဆေးပေါ့လိပ်က အန္တရာယ်ကင်းတယ်ဆိုတဲ့ အယူအဆ လူတွေကြားထဲ ဖြစ်လာတာ ထင်ပါတယ်။

ဆေးလိပ်သောက်တာကြာနေပြီဖြစ်တဲ့ ကျွန်တော့်အဖေတောင် ဆေးလိပ်ဖြတ်မယ်ဆိုတော့ စီးကရက်ထက်စာရင် ဆေးပေါ့လိပ်က ပိုအန္တရာယ်ကင်းတယ်ဆိုပြီး အချိန်တော်တော်ကြာကြာသောက်ခဲ့သေးတယ်။ တခြားဆေးလိပ်အမျိုးအစားတွေနဲ့ယှဉ်ရင် ဈေးပေါတာကြောင့်လည်း သာမန်လူတန်းစားကနေ လူတန်းစားအမျိုးမျိုးအထိ အနည်းဆုံးတော့ အပျော်သောက်လုပ်ဖို့ တွန်းအားဖြစ်တယ်ထင်ပါတယ်။ ဒီတော့ မေးစရာရှိတာက ဆေးပေါ့လိပ်က ဘေးကင်းလားပေါ့။

ဆေးပေါ့လိပ်က ပိုပြီးအန္တရာယ်မကင်းပါဘူး။

ဆေးပေါ့လိပ်ကလည်း ဆေးရွက်ကြီးကို အခြေပြုပြီး ထုတ်လုပ်ထားတယ်။ အမေရိကန်ကင်ဆာအစည်းအရုံး (American Cancer Association) ရဲ့ ထုတ်ပြန်မှုအရတော့ ဆေးရွက်ကြီးကိုအခြေခံတဲ့ ရှူရှိုက်လို့ရတဲ့ဘယ်အရာကမှ ဘေးကင်းတယ်ဆိုတာမရှိဘူးလို့ဆိုပါတယ်။ ဘေးလုံးဝကင်းတယ်ဆိုတာမဟုတ်ရုံတင်မကဘဲ ဘေးထွက်ဆိုးကျိုး ပိုနည်းစေတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ တကယ်တမ်းမှာဆိုရင် ဆေးပေါ့လိပ်သောက်ကြတဲ့ သူတွေရဲ့ အသံအိုး၊ အစာရေမျိုပြွန်နဲ့ လည်ချောင်းတွေမှာ ကင်ဆာဖြစ်တဲ့နှုန်းက စက်ရုံထွက်စီးကရက်တွေသောက်ကြတာထက်တောင် ပိုမြင့်မားနေတယ်လို့ဆိုပါတယ်။

တချို့ဆေးပေါ့လိပ်သောက်သုံးတဲ့သူတွေက ဆေးပေါ့လိပ်က သဘာဝထွက်ပစ္စည်းတွေနဲ့ချည်းပဲ ပြုလုပ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးပိုကင်းတယ်လို့ ပြောတတ်ကြပေမယ့်တကယ်တမ်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပေါင်းစုတွေပါဝင်မှုလျော့မသွားသလို ဆေးရွက်ကြီးကို မီးရှို့တာကနေ ထွက်လာတဲ့အငွေ့တွေ၊ ကတ္တရာနဲ့ ကာဗွန်မိုနောက်ဆိုက်ဒ်အဆိပ်သင့်တာတွေလည်း မလျော့သွားပါဘူး။ ဒါကြောင့်ဆေးပေါ့လိပ်က ဘေးမကင်းပါဘူး။ တခြားဆေးလိပ်တွေမှာဖြစ်တဲ့ ကင်ဆာအမျိုးမျိုးလည်း ဖြစ်နိုင်တဲ့အပြင် တချို့နေရာတွေမှာဆို ပိုတောင်ဆိုးနိုင်ပါသေးတယ်။

ဆေးပေါ့လိပ်က ပိုလို့တောင်ဆိုးတယ်လို့ ကျွန်တော်ယူဆထားတာ (၃)ချက်ရှိတယ်။

၁။ ဈေးပိုချိုတယ်

ပြဿနာက ဆေးပေါ့လိပ်ကို ဈေးသက်သက်သာသာနဲ့ဝယ်လို့ရတာက အကြောင်းရင်းတစ်ခုပါ။ တခြားနိုင်ငံတွေမှာတော့ ဆေးလိပ်သောက်သုံးမှုကိုထိန်းချုပ်ဖို့အတွက် ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို အခွန်မြှင့်ကောက်ထားလေ့ရှိလို့ စီးကရက်တွေ ဆေးပြင်းလိပ်တွေက ဈေးကြီးတယ်။ ဒီမှာကျတော့ ဆေးလိပ်အမျိုးမျိုးက ဈေးတော်တော်ပေါနေတော့ လူတော်တော်များများသောက်သုံးလို့ရနေတယ်။ ပိုဆိုးတာက အဲဒီဈေးပေါတဲ့ဆေးလိပ်တွေထဲမှာမှ ဆေးပေါ့လိပ်က ဈေးအသက်သာဆုံးဖြစ်နေတာပဲ။ ဒီမှာတင် လူတန်းစားအမျိုးမျိုးအတွက် ဆေးပေါ့လိပ်က အပျော်သောက်ဖို့အတွက် ပိုလက်လှမ်းမီတဲ့အရာဖြစ်နေတယ်။

၂။ ရိုးရာဓလေ့တစ်ခုဖြစ်နေတယ်

နယ်မြို့နဲ့တောနယ်တွေဘက်မှာဆိုရင် ကျားရော မရော ဆေးလိပ်သောက်တယ်။ သောက်တာကလည်း ဆေးပေါ့လိပ်ပဲ။ ကိုယ်တိုင်လိပ်ကြသလို နီးစပ်ရာဆေးပေါ့လိပ်ခုံတွေကနေလည်းဝယ်ကြတယ်။ အိမ်တွေမှာဆိုရင် အထုတ်လိုက်ထားတတ်ကြတာမျိုး။ ကွမ်းယာလိုသဘောမျိုးပဲ ဆေးပေါ့လိပ်ကလည်း ရိုးရာဓလေ့တစ်ခုဖြစ်နေတော့ ပိုထိန်းချုပ်ရခက်တယ်။ မျိုးရိုးအစဉ်အဆက်သောက်လာတာ ငါတို့လည်းသောက်မှာပဲဆိုတော့ ဆေးရွက်ကြီးဥပဒေရှိပေမယ့်လည်း ဘယ်သူကမှ အရေးတယူမရှိဘဲ ဆေးပေါ့လိပ်က အထိန်းအကွပ်လွတ်သလိုဖြစ်နေတယ်။

၃။ ပိုအန္တရာယ်ကင်းတယ်လို့ ယူဆကြတယ်

အပေါ်ကပြောခဲ့တဲ့အတိုင်းပဲ ဆေးလိပ်သောက်သုံးသူတွေထဲမှာတောင် ဆေးပေါ့လိပ်သောက်သုံးတာက တခြားအမျိုးအစားဆေးလိပ်တွေသောက်သုံးတာထက်စာရင် ပိုပြီးဘေးကင်းတယ်လို့ယူဆကြတဲ့အတွက် ဆေးလိပ်ဖြတ်တယ်ဆိုရင်တောင် ဆေးပေါ့လိပ်ကိုဆက်သောက်နေတတ်ကြတယ်။

ဆေးလိပ်နဲ့ဆေးရွက်ကြီးဆိုရင် ဘယ်ဟာကတော့ ပိုအန္တရာယ်ကင်းတယ်၊ ပေါ့တယ်၊ သဘာဝထွက်ပစ္စည်းမို့လို့ စိတ်ချရတယ်ဆိုတာမျိုးတွေမရှိပါဘူး။ ဘယ်ဟာကိုမှ အစမ်းတို့ အပျော်တို့ လုပ်ကြည့်ဖို့မကောင်းသလို ဖြတ်မယ်ဆိုရင်လည်း ဆေးပေါ့လိပ်လိုမျိုး ပိုပြီးပေါ့တာလေးနဲ့ အစားထိုးလိုက်မယ်ဆိုတာမျိုးမလုပ်တာ အကောင်းဆုံးပါပဲ။

ဒေါက်တာသူရိန်လှိုင်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page