ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိတဲ့ မြန်မာ့ရိုးရာ လှူဒါန်းမှုပုံစံ (သို့) စတုဒီသာ ယဉ်ကျေးမှု

လမ်းမပေါ်မှာစတုဒီသာကို ရက်ရက်ရောရော ကျွေးနေတာကို အားရပါးရသုံးဆောင်နေကြတဲ့လူအုပ်ကြီးကိုတွေ့ဖူးပါလား။ တွေ့ဖူးတယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင်ဟာ မြန်မာပြည်သားစစ်စစ် ဖြစ်နေပါပြီ။

စတုဒီသာ ဆိုတာ ချစ်စရာ မြန်မာရိုးရာ အလှူပေးနည်းတစ်မျိုးပါ။ ရှေးဟောင်း ဗုဒ္ဓဘာသာ အစဉ်အလာလေးဆိုရင်လည်းမမှားဘူးပေါ့။ မြန်မာ့စတုဒီသာ ပုံစံမျိုး အခြားနိုင်ငံများတွင်ရှိသော်လည်း နေရာဒေသနှင့် ဘာသာတရားပေါ်မူတည်၍ကွဲပြားခြားနားသည်။ စတုဒီသာရဲ့ အကြောင်းကို ဆက်လက်ဖော်ပြ သွားမှာ ဖြစ်ပါတယ်-

စတုဒီသာဆိုတာဘာလဲ

စတုဒီသာဆိုတာ ပါဠိစကားမှဆင်းသက်လာ ဝေါဟာရဖြစ်ပါသည်။ စတုဆိုသည်မှာ “လေးဂဏန်း” ၊ “ဒီသာ”ဆိုသည်မှာ ရှေ့၊နောက်၊တောင်၊မြောက် အရပ်မျက်နှာများဟု အဓိပ္ပာယ်ရသည်။

ထိုအတွက် စတုဒီသာဆိုသည်မှာ အရပ်မျက်နှာလေးမျက်နှာလုံးမှ လာသူများအား လှူဒါန်းသည့် အလှူပေးနည်းတစ်မျိုးဖြစ်သည်။ လူတန်းစားမရွေး၊ မင်းဘယ်သူပဲဖြစ်နေပါစေ၊ တန်းတူညီမျှ မဝမချင်းဝင်ရောက်စားသောက်နိုင်ခြင်းမှာလည်း စတုဒီသာ၏ အနှစ်သာရဖြစ်သည်။

စတုဒီသာ ကျင်းပပုံဘယ်နှစ်မျိုးရှိလဲ

စတုဒီသာနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ ယေဘုယျအားဖြင့် အတွေ့များပြီး လမ်းကို ယာယီပိတ်၍ မဏ္ဏပ်ဆောက်၍ သော်လည်းကောင်း၊ လမ်းမပေါ်ခုံများခင်း၍ သော်လည်းကောင်း ကျွေးမွေးဧည့်ခံကြသည်။ ထို့အတွက် အလှူရှင်များအနေဖြင့် သက်ဆိုင်ရာမှ လမ်းခေတ္တပိတ်ရန်အတွက် ခွင့်ပြုချက်လိုအပ်သည်။ အနီးအနား ပတ်ဝန်းကျင် ဖြတ်သွားဖြတ်လာများကိုပါ ခေါ်ဆောင်၍ ကျွေးမွေးဧည့်ခံလေ့ရှိသည်။

ဒုတိယနည်းမှာ လမ်းများကိုပိတ်ရန်မလိုအပ်။ စားသောက်ဖွယ်ရာ(သို့မဟုတ်) အအေးများကို ပါကင်အသင့်ထုပ်၍ လမ်းသွားလမ်းလာများကို ဝေပေးသော စတုဒီသာမျိုးဖြစ်သည်။ အလုပ်သိပ်မရှုပ်ချင်သော အလှူရှင်မျိုးအတွက်ပို၍အဆင်ပြေသည်။

စတုဒီသာမှာ ဘယ်လိုမျိုး အစားအသောက်တွေ ကျွေးမွေးဧည့်ခံလဲ

အလှူရှင်များသည် များသောအားဖြင့် ထမင်းနှင့်ဟင်း တစ်မျိုးမျိုးကို တွဲ၍ ကျွေးမွေးကြသည်။ များသောအားဖြင့် ကြက်သား၊ ဝက်သား၊ ငါးခြောက်ငါးခြမ်း ကျွေးမွေးကြပြီး ဝက်သားနှင့်ထမင်းကျွေးသော စတုဒီသာများမှာ မရှိသလောက်ကို ရှားပါးသည်။

အလှူရှင်များသည် ငါးပိရည်၊ တို့စရာ နိုင်ချင်းချပေးလေ့ရှိပြီး မြိန်ရေရှက်ရေသုံးဆောင်နေသော လူအုပ်ကြီးကို ကြည့်၍ ဝမ်းသာပီတိ ဖြစ်ကြသည်။ တစ်ချို့သော စတုဒီသာများသည် မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့ကို ကျွေးမွေးလေ့ရှိပြီး ဒန်ပေါက်ကို စတုဒီသာကျွေးသူများပင်ရှိသည်။

တကယ်လို့သင်ဟာ ထမင်း၊ဟင်း တစ်မျိုးမျိုး မလုံလောက်ပါက အားနာစရာမလိုပဲ အလှူရှင် သို့မဟုတ် အနီးအနားမှ စေတနာဝန်ထမ်းများကိုသာ လှမ်းပြောလိုက်ပါ။ သင့်စိတ်ကြိုက် ဖြစ်စေရပါလိမ့်မယ်။

အလှူရှင်တွေက ဘယ်သူလဲ

အလှူရျင်သည်လည်း နှစ်မျိုးနှစ်စားရှိသည်။ ပထမနစ်မျိုးသည် တစ်ဦးတည်းအလှူရှင်ဖြစ်ပြီး ငွေကုန်ကြေးကျ အလွန်များပြားသည်။ လိုအပ်သည့် အစားအသောက်၊ သောက်စရာ၊ နေရာထိုင်ခင်းတို့အတွက် တစ်ဦးတည်းအကုန်အကျခံသည့် လှူဒါန်းနည်းမျိုးဖြစ်သည်။ ဒုတိယတစ်မျိုးမှာတော့ စုပေါင်းစတုဒီသာမျိုးဖြစ်ပြီး အတွေ့များသည်။

စတုဒီသာများသည် အဘယ်ကြောင့် ကျင်းပလေ့ရှိသနည်း

များသောအားဖြင့် စတုဒီသာများသည် အောင်ပွဲ၏ အထိမ်းအမှတ်ဖြစ်သည်။ မြန်မာတို့သည် အလှူကြီးတစ်ခု ကြီးကြီးမားမား ပြုပြီးချိန်တွင် စတုဒီသာကို နောက်ဆုံးပိတ် အောင်ပွဲအနေနှင့်ကျင်းပလေ့ရှိကြသည်။

ထို့ကြောင့် စတုဒီသာသည် ကောင်းမြတ်ခြင်း၊ အောင်မြင်ခြင်းတို့၏ အတိတ်နမိတ် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် မြန်မာရိုးရာ အစဉ်အလာဖြစ်သည့် ချစ်စဖွယ်ကောင်းသည့် အလေ့အကျင့်ဖြစ်သော စတုဒီသာကျွေးမွေးခြင်းကို ထိန်းသိမ်းရန်မှာ မြန်မာပြည်သူပြည်သားတိုင်းတွေတာဝန်ရှိသည်ဟု ခံစားရပါသည်။ နောက်နောင် အဓွန့်ရှည်ဖို့လည်း မျှော်လင့်ရပါသည်ခင်ဗျာ။

ယခုကာလတွင် လူအများအပြား စုဝေးခွင့် မရတဲ့ အတွက်ကြောင့် စတုဒီသာ ကျွေးမွေးမှု မရှိသလောက် ရှားပါးသွားခဲ့ပါတယ်။ ဒါပေမယ့် မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်များ ပေါ်ပေါက်လာပြီး အလှူရှင်များ လှူဒါန်းမှုကြောင့် စတုဒီသာ သဘောမျိုး အလှူများ နေရာအနှံ့ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

မြန်မာတို့ရဲ့ ထက်သန်တဲ့ သဒ္ဓါတရားကို မည်သည့်အရာကမျှ မတားဆီးနိုင်ပါဘူး။ ဘယ်လို ဖိနှိပ် တင်းကြပ်မှုတွေ ရှိနေပါစေ ရအောင် လှူမယ်ဆိုတဲ့ မြန်မာ့စိတ်ရင်းဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

အဲဒါကြောင့်လည်း ကမ္ဘာ့အရက်ရောဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ လှူဒါန်းကြသူများနဲ့ ဝေယျာဝစ္စဆောင်ရွက်ပေးကြတဲ့ လုပ်အား ဒါနရှင်များ လိုအင်ဆန္ဒတွေ မတောင်းဘဲ ပြည့်ဝကြပါစေလို့ ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page