စိတ်မနှံ့ဘဲ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ မြန်မာဘုရင်တပါး

ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင်မင်း(ခေါ်) ရွှေဘိုမင်း မှာ စိတ်နောက်သွားသော မင်း အဖြစ် ထင်ရှားသည်။ ငယ်အမည်မှာ မောင်ခင် ဖြစ်သည်။

နောင်တော်ဘကြီးတော်မင်းကို ပုန်ကန်ပြီး ထီးနန်း ရယူ ခဲ့ ခြင်းဖြစ်သည်။ပုန်ကန်ရခြင်းမှာ နောင်တော် သည် စိတ်မကျန်းမမာဖြစ်နေသည်ကတစ်ကြောင်း၊ နန်းတွင်း မှာ နန်းမတော်မယ်နု နှင့် သူမအကိုဖြစ်သူ မင်းသားကြီး မောင်အိုတို့က ခြယ်လှယ်ချင်သလို ခြယ်လှယ်နေကြ သည်က တစ်ကြောင်းဖြစ်သော ကြောင့် ဖြစ်သည်။

သာယာဝတီမင်း၏ပုန်ကန်မှုကို ဘကြီးတော်မှ သူ့ရဲ့ တပ်များအား စေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ဘကြီးတော်သည် ညီအရင်းဖြစ်သူ သာယာဝတီမင်းထံသို့ ထီးနန်းကို လွှဲအပ်ပေးလိုက် ရပါတော့သည်။

နောင်တော် အား ခမည်းတော် ကဲ့သို့ စောင့်ရှောက် ကာ စိတ်ချမ်းသာစွာစံနေစေသည်။ နန်းမတော်မယ်နုတို့ကို မကွပ်မျက်ပဲ အကျယ်ချုပ်နဲ့ နေစေခဲ့သလို တူတော် ညောင်ရမ်းမင်းသား (စင်္ကြာ မင်းသား)ကိုလည်း သားတော်ကြီးများနှင့် တန်းတူ မင်းသားကြီးအဆင့် ပေးအပ်ခဲ့သော်လည်း တစ်နှစ်ခန့် အကြာတွင် ပုန်ကန်ရန်ကြံစည်သည် ဟုဆိုကာ ရေချ၍ ကွပ်မျက်ခဲ့လေသည်။

ထို့နောက် သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင် အတွင်းရှိ သူမအစ်ကိုဖြစ်သူရဲ့ အပေါင်းအပါများနှင့် ထီးနန်းအား လုယူရန် ရည်ရွယ်ချက်ဖြင့် ကြံစည်ပြီး ဆက်သွယ်လာသဖြင့် မယ်နုအား ရေချပြီး ကွပ်မျက် ခဲ့ သလို မောင်အိုနှင့် အပေါင်းအပါများကိုတော့…ထောင် အတွင်းမှာပဲ ကွပ်မျက်ခဲ့ပါသည်။

ထိုသူများထဲတွင် အစက မြဝတီမင်းကြီးဦးစ လည်း ပါဝင်ခဲ့ပြီး ဘုန်းတော်ဘွဲ့ အရေးကောင်းခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်လည်း နေပြည်တော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

နန်းတက်စတွင် တိုင်းပြည်အား တည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။နယ်ချဲ့ အင်္ဂလိပ်တို့နှင့် လည်း ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သူ၏စိတ်မှာ မူမမှန်လာ တော့ ပေ။

၁၈၄၄ ခုနှစ်မှစ၍ သွေးပျက်သလို ဖြစ်လာခဲ့သည်။ အိပ်၍ မပျော် ၊ပွဲတော်တည်ပြီးလျှင် လက်ဆေးရန် မေ့ လျော့လာသည်။ အစားအသောက်လည်း နည်း လာခဲ့ လေသည် ။ အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတိုတစ်ချောင်းကို ကိုင်ဆွဲကာ အဆောင်တော်များကူးနေတတ်သည်။

လူတွေ့ခဲ့လျှင် “ဟဲ့…မောက်လုံးလား။ မောက်ပြားလား… ဟု မေးတတ်လေသည်။ ရိုသေစွာ ဒူးတုပ်၍ အလိုက်သင့် ပြန်ဖြေပေးရသည်။ ထို့အတူ ပြေးပေါက်ကိုလည်း ကြို၍ရှာထားရသည်။ ဆေးဝါးမန္တရားများဆောင်ထားပြီး ရှိန်းဆာယာ ပိုမောက် ၍ ကိုယ်ပျောက်နေပြီ…ဟု ကြွားဝါပြီးလည်း ပြောတတ် လာခဲ့သည်။

တောင်ရှည်ဝတ်လဲတော်ကို ခေါင်းမြီးခြုံကာ တိုင်နဲ့ ကွယ်ပြီး ပုန်းခိုနေသော သာယာဝတီမင်းကို မိဖုရား မမြလေးမှ…”ကိုယ်ပျောက်နေ၍မမြင်ရပါ”ဟု ညာပြီး ပြန်ပြောပေးရလေသည်။

လမ်းသွားလျှင် ဖြောင့်ဖြောင့် မသွား၊ ခုန်သည် ၊ ပျံသည် ၊ လွှားသည်။ ထီးတော်မိုးမှာ နေလုံအောင် ဖြောင့်ဖြောင့် မမိုးပေးနိုင်။မလုံတော့လည်း နေလုံအောင် မမိုးရ ကောင်း လား…ဟု အပြစ်တင်ကာ ထီးတော်မိုး တစ်ယောက်ကို ကိုယ်တိုင် ကွပ်မျက်ခဲ့ လေသည်။

နောက်ထီးတော်မိုးများမှာ မင်းတရားကြီး ကိုယ်ပျောက်နေသည် ဟုဆိုကာ ရှာဖွေနေသည့်ပုံစံ ပြုလုပ်၍ ပြရလေတော့သည်။ ထိုအခါမှ သာယာဝတီမင်းက ‘မြင်စေ’ ဟုဆိုကာ ထီး ကို နေသားတကျ ပြန်ဆောင်းပေးခဲ့ရသည်။

တစ်ခါတွင်လည်း အိမ်သာသို့သွားနေခိုက် မိန်းမစိုး နှစ်ယောက်ကို ကိုယ်တိုင်ဓါးဖြင့် မွှန်းသည်။ အသက်ထွက် ဟန်ဆောင်သူတစ်ဦး လွတ်မြောက်သွားသည်။

မင်းတရားကြီး သွက်သွက်လည် သည့်တိုင်အောင် စိတ် နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက လွှတ်တော်ဝန်ကြီးများအား သတင်းပေးသည့်အခါမှ လွှတ်တော်မတက်ဝံ့တော့သည့် ဝန်ကြီးများမှာ သားတော် ပုဂံမင်း၏လက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေးလိုက်ရတော့သည်။

ကိုးကား – မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page