မြန်မာပြည်မှာ နိုင်ငံခြားသားပညာရှင်တွေ ထားရတဲ့ အကြောင်းရင်းနဲ့ ပြင်ရမယ့် မြန်မာ့စိတ်ဓာတ်
မြန်မာပြည်မှာ နိုင်ငံခြားသားပညာရှင်တွေ ဘာကြောင့်ထားသလဲ၊ ဘာကြောင့် လိုအပ်သလဲ?
ဒီမေးခွန်းလေး တချို့တွေ မေးကြလို့ပါ။ မှတ်မှတ်ရရအဖြစ်လေးတစ်ခု ပြောပြမယ်။
အခု ဆူးလေဘုရားလမ်းပေါ်က ထရိတ်ဒါး တဖြစ်လဲ ဆူးလေရှန်ဂရီလာဟိုတယ်ကြီး စဆောက်တော့ ကျုပ်က မြို့ပြအင်ဂျင်နီယာ တက်နေတုန်းမို့ နေ့တိုင်းနီးပါး သွားသွားလေ့လာတယ်။ ဗီပိုင်းလ် တွေကို အဲဒီခေတ်က တဒုန်းဒုန်း ထုရိုက်မှ အထဲဝင်တဲ့ခေတ်ပဲရှိသေးတော့ ဒါကိုတောင် တစ်ခါမှ မတွေ့ဘူးတဲ့ ကျုပ်တို့ဆီက ပညာရှင် အတော်များများဟာ ထမင်းချိုင့်ဆွဲပြီးကို လာထိုင်ကြည့်နေကြတာများတယ်။
အဲဒီမှာ တစ်ရက် အထဲကနေ မြန်မာအင်ဂျင်နီယာ လူကြီးတစ်ယောက်ထွက်လာတော့ အသိဖြစ်နေတာနဲ့ ကပျာကယာ နောက်ကလိုက်ပြီးခေါ်တဲ့အခါ သူကလည်း ဝမ်းသာပြီး အခု ရွှေခေါင်းလောင်း လက်ဖက်ရည်ဆိုင်နားမှာရပ်ပြီး စကားပြောကြတယ်။ အားရစရာပါပဲ။ ငါ အလုပ်ပြုတ်လာတာကွ တဲ့။ ဟင်.. ဦးကလည်း ကျွန်တော်ဒီမှာကြည့်နေတာ နိုင်ငံခြားသားတွေချည်းမို့ မြန်မာဆိုလို့ ရှားရှားပါးပါး ထွက်လာတဲ့ဦးကို အားကိုးမို့ပါဆိုမှ ဆိုတော့ သူက ငါပြောပြမယ်.. လို့အစချီပြီး ရှင်းပြပါတော့တယ်။
သူပြုတ်ရခြင်းက အရည်အသွေးမထိန်းနိုင်လို့တဲ့။ ဘိလပ်မြေနံရံနဲ့ တိုင်တွေကို မြန်မာအဖွဲ့က လုပ်တဲ့နေရာမှာ စိုထိုင်းဆနဲ့ ပါဝင်မှုအချိုးကို တိတိကျကျမလုပ်။ ကြံ့ခိုင်ခြင်း စစ်ဆေးမှု စစ်တဲ့အခါ မအောင်မြင်တော့ အစည်းအဝေးထိုင်ကြတယ်။ မြန်မာပညာရှင်အဖွဲ့က ရပါတယ် အေးဆေးပါ ဆိုတဲ့ စကားကို ထလည်းပြောရော စီအီးအို အဖွဲ့က တန်းဖြုတ်လိုက်ပါရောတဲ့။
ပြည်ပကပညာရှင်တွေက ခိုင်းရင် ခိုင်းတဲ့အတိုင်း တိတိကျကျ လုပ်တာများတယ်။ ဥပမာပြောရရင် JICA နဲ့ လုပ်တဲ့ ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောစီမံကိန်းကိုကြည့်။ ဂျပန် အဖိုးအို ၄ ယောက်ဟာ အဆိုပါစီမံကိန်း မစမီ ၅ နှစ်ကျော်ကတည်းက ဒလမှာ ၂ ယောက် ပန်းဆိုးတန်းမှာ ၂ ယောက် တာလီစက်လေးတွေ ကိုယ်စီနဲ့ နေ့တိုင်းရှိနေတယ်။ ခရီးသည်တစ်ယောက်လာ တစ်ချက်နှိပ်နဲ့ ၅ နှစ်ကျော် စာရင်းပြုစုပြီးမှ မြန်မာပြည်နဲ့ ကိုက်ညီတဲ့ သင်္ဘော ၃ စီးကို သေသေချာချာ ဒီဇိုင်းထုတ် လှူပေးလိုက်ခဲ့တာကို မှတ်မိနေတယ်။ အဲဒီ ချယ်ရီသင်္ဘောတွေအပြင် ဒလဆိပ်ခံတံတား ဆိုရင်လည်း အင်မတန်တောင့်တင်းပြီး လှိုင်းလေ မလှုပ်အောင် အဆင့်မြင့်မြင့်ဆောက်ပေးခဲ့တယ်။
သူတို့နေရာမှာ မြန်မာပညာရှင်ဆိုရင် သာမန် သံဗောတံတားကို သံကြိုးနဲ့ကျောက်ချပြီး ပြည်တွင်းရေကြောင်းက သင်္ဘောဟောင်းကို လွန်းတင်ဆေးသုတ်ပြီး ပြီးပြီးရောလုပ်မှာ အသေအချာပါပဲ။ ကျုပ်တို့မြန်မာတွေက မညံ့ပါဘူး။ ပညာရှင်တွေ အများကြီးရှိပါတယ်။ ပြဿနာက စိတ်ဓါတ်။ အချောင်ရမယ့်နေရာက ကုန်ကြမ်းရှာတတ်တယ်။ အသက်သာဆုံးဖြစ်မှာကိုရွေးပြီး ခိုင်းသလို ကုန်ကျစရိတ် Invoice တင်ရင် အကောင်းဆုံး စျေးနှုန်းနဲ့ တင်ပြတောင်းခံတယ်။
သိပ်မကြာခင်က လွှတ်တော်မှာ ပြည်ပအခြေစိုက် မြန်မာသံရုံးတစ်ရုံးက ကုန်ကျစရိတ် ပိုမိုတင်ပြ တောင်းဆိုတာကို အန်နယ်လ်ဒီက လွှတ်တော်အမတ် အချိန်မှီတားဆီးနိုင်ခဲ့လို့ နှစ်စဉ် သိန်းထောင်ချီ ကုန်နေတဲ့ဘတ်ဂျက် (ခိုးငွေ) ကို နိုင်ငံတော်က သက်သာခဲ့ရတဲ့အဖြစ်အပျက်ရှိခဲ့တယ်။ (အဆိုပါကိစ္စမှာ ကျုပ်ကိုယ်တိုင် ကွင်းဆင်းကူညီ စစ်ဆေးခဲ့ကြောင်း မီဒီယာမှာ တင်ပြပြီးဖြစ်ပါတယ်)
ဒါ့ကြောင့် ပြည်ပက ပညာရှင်တွေကို မတတ်သာလို့ ခေါ်ခိုင်းနေရတာပါပဲ။ ငွေပိုပေးရပေမယ့် အမှားကင်းနိုင်ချေများတဲ့ ပညာရှင်ကို ခန့်ရတာဟာ လစာနည်းပြီး အမှားများ အလေအလွင့်များတဲ့ သူကိုခန့်ရတာထက် အများကြီးသက်သာပါတယ်။
ဒီတော့ ပြည်တွင်းပညာရှင်တွေကို ပြောချင်တာက ပြည်ပက ပညာရှင်တွေ၊ အတိုင်ပင်ခံ/အကြံပေးတွေ အစိုးရက မခန့်စေချင်ရင် တစ်ခွန်းပဲအကြံပြုပါရစေ။ ပထမဆုံးအနေနဲ့ အကျင့်တွေပြင်ရင် ရပါပြီ လို့။ ပြည်တွင်းက ပညာရှင်တွေနဲ့ တည်ဆောက်မယ့် အနာဂတ်နိုင်ငံတော်ကိုမြင်ချင်ရင် မြန်မာနိုင်ငံသား အားလုံးလိုလိုက ဗိုလ်ချုပ်အောင်ဆန်းမှာခဲ့သလို (စောင်ကျင့်တွေ ပြင်ကြဖို့ လိုပါပြီ)
ကျေးဇူးပါ ညီအစ်ကိုမောင်နှများခင်ဗျာ။ မှားတာရှိရင် ခွင့်လွှတ်ပါ။
လေးစားမှုဖြင့် မူရင်းရေးသားသူကို..