မြန်မာပြည် ကိုဗစ်စတုတ္ထလှိုင်းရဲ့ အဓိက ဇာတ်ကောင် (သို့) ရုပ်လုံးပေါ်လာသည့် အိုမီခရွန်

စတုတ္ထလှိုင်းရဲ့ရုပ် ပီပြင်သလိုဖြစ်လာတဲ့ အိုမီခရွန် ပါပဲ။

(၁) သူတို့စစ်ကြလေပြီ

ဥရောပဟာ ကာကွယ်ဆေးနဲ့ တောင့်ခံနိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပေမဲ့ အခုတလော ” လှုပ်လှုပ်ရှားရှား” တွေပြန်ဖြစ်လာခဲ့ပါတယ်။ ရက်သတ္တပါတ်အတွင်း “ဝုန်းကနဲ” တက်လာတဲ့ “ကိန်းဂဏန်း” တွေကြောင့်ဆိုပါတော့။ဒီနေရာမှာ ကိန်းဂဏန်းဆိုတာက (test positivity rate) စစ်လို့တွေ့တဲ့သူ အရေအတွက်ကို ပြောတာပါ။ ” ကိုဗစ်လူနာ” အရေအတွက်ကို မညွှန်း။

ဆိုလိုတာက အိုမီခရွန် ပိုးဟာ လူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေပြီး “အကြောင်းတစ်ခုခုကြောင့် ” စစ်ဆေးလိုက်တိုင်း သူ့ကိုတွေ့တွေ့နေတာပါ။ ကိုဗစ်နာမဟုတ်ပဲ တခြားရောဂါနဲ့ ဆေးခန်း၊ဆေးရုံလာတဲ့သူတွေ စစ်ကြည့်လိုက်ရင် အိုမီခရွန်က ကပ်ပါလာပြီးသား။ အဲ့သလို “စစ်နိုင်သူတွေ”က အားစိုက်ပြီး ကြပ်ကြပ်မတ်မတ် အုံနဲ့ကျင်းနဲ့ စစ်ဆေးဖော်ထုတ်ကြလို့သာ “သတိပေးချက်” တွေ ကြိုတင်ထုတ်ပြန်နိုင် ကြပေတာပေါ့။

(၂) ကာကွယ်ဆေး နဲ့ ကာကွယ်ရေး

တတိယမ္ပိ .. သုံးကြိမ်မြောက်လည်း ဆိုပါတော့။ ကာကွယ်ဆေးကို ထပ်ထိုးသင့်ကြပါသတဲ့။အကြောင်းကတော့ “ကိုဗစ် ခုခံအား” ဆိုတာ “ယာယီ ” ပါပဲတဲ့။ ထိုးပီး လပိုင်းလောက်အတွင်း သူ့အာနိသင်က တဖြည်းဖြည်း ချိသွားသတဲ့။ အာနိသင်မကုန်ခင်လေး နောက်တစ်ချောင်းလောက် ထိုးလိုက်ရင် ခုခံအားအရှိန်လေး ပြန်ရလာသတဲ့။

ကိုဗစ်ဖြစ်ပီးသားလူတွေလည်း ထိုနည်းနှင်နှင်။ ရောဂါပီးတဲ့ အာနိသင်က ကြာရင်လျော့တာပဲတဲ့။ ကိုဗစ်လဲ ဖြစ်ဖူး၊ ကာကွယ်ဆေးလဲ ထိုးထားတဲ့သူ ( Hybrid immunity) တွေက ခုခံအား အများဆုံးရှိကြတယ် ဆိုပေမယ့် သူတို့တောင်မှ အချိန်လေးရလာရင် ( တစ်နှစ်မပြည့်ခင်) ခုခံနိုင်စွမ်းအာနိသင် နည်းလာတာတွေ့ရသတဲ့။ဒါတွေက တတ်နိုင်တဲ့ နိုင်ငံတွေမယ် လေ့လာထားကြတာပါ။

အဲတော့ ကာကွယ်ဆေးထိုးကြပါတော့။ နှစ်ခါထိုးပီးသားတွေမယ် အိုမီခရွန် ကူးစက်ခံရမှာကို ( ၃၃%) လျော့စေပြီး ဆေးရုံတက်ရမဲ့ဘေးကနေ (၇၀%) ကာကွယ်ပေးနိုင်ပါသတဲ့။

(၃) အတွင်းသရုပ်ရဲ့ သိပ္ပံအမြင်

သဘောတရားအရဆိုရင် ငါလာ နင်ပျောက် ဖြစ်ဖို့ပါပဲ။ အိုမီခရွန် လာပြီ ၊ ဆိုးဝါးတဲ့ ဒယ်လ်တာ ပျောက်ကွယ်သွားမလား ဆိုတော့ တဖြည်းဖြည်းတော့ ပါးလျလာပြီ ဆိုနိုင်ပါတယ်။ အခု UK မှာ တွေ့ရတဲ့ positive တွေမှာ (၆၀%) က အိုမီခရွန်။ ( ၄၀%) ကတော့ ဒယ်လ်တာ လက်ကျန်ပါ။

ထူးခြားတာတစ်ခု တွေ့ထားတယ်။ ဆေးသုတေသန လုပ်ကြတဲ့အခါ ဓါတ်ခွဲခန်းမှာ စမ်းသပ်ချက် နဲ့ သက်ရှိခန္ဓာကိုယ်ပေါ် စမ်းသပ်ချက် ဆိုပြီးရှိတယ်။ အခုဟာက ( Ex Vivo)တဲ့။ လူ့ခန္ဓာကိုယ်ထဲက သက်ရှိပစ္စည်း( အဆုတ်) တစ်ပိုင်းတစ်စကို ထုတ်ယူပြီး စမ်းရင်း တွေ့တာ။

အိုမီခရွန်ပိုးက အရင်ဗိုင်းရပ်စ်တွေလို အဆုတ်ရဲ့ အစွန်ပိုင်းက လေအိပ်(alveoli) လေးတွေမှာ သိပ်မတွေ့ရပဲ အရင်းပိုင်းက (bronchus) တွေမယ် အများကြီးတွေ့ရသတဲ့။ ဒါ့ကြောင့် လည်ချောင်းနာ၊ ချောင်းဆိုး၊ ကူးစက်နှုန်းမြန် တာတွေ ဟာ ဒီကိစ္စကြောင့် လို့ယူဆနိုင်သတဲ့။ လေအိပ်ကလေးတွေ အထိအခိုက်နည်းတော့ အောက်ဆီဂျင်လည်း သိပ်မလိုတော့ဘူးပေါ့လေ။

နောက်ပြီး အိုမီခရွန်က ဒယ်လ်တာ ထက်သဘောမနောကောင်းသလား ..ဆိုတော့ အဲလိုကောက်ချက်ချဖို့တော့ စောသေးသတဲ့။ အခုဟာက လူအတော်များများမှာ ကိုဗစ်ကဖြစ်ပီးနေပြီ (ခုခံအား အတော်အသင့်ရှိနေပြီးသား) ။ နောက်ပီး ကာကွယ်ဆေးကလည်း ( သူတို့ဆီမယ်) စံနစ်တကျ ထိုးနှံထားလေတော့ ကာကွယ်အားလည်းရှိနေပြီးသား။ အဲ့သလို ( partially immune) ခုသာခံသာတွေမယ် ဖြစ်တာဆိုတော့ အိုမီခရွန်က အလိုလို သဘောကောင်းသလိုဖြစ်သွားတာ လည်းပါမယ် ..လို့ တွေးကြတာ။

(၄) ဒီလှိုင်းကို ကျော်ဖြတ်ဖို့

လတ်တလော တွေ့ရှိချက်က (၉၀%) သော အသည်းအသန် Omicron လူနာတွေဟာ ကာကွယ်ဆေးမထိုးရသေးသူတွေပါ…တဲ့။ ကာကွယ်ဆေး ထိုးကြပါ။ အရွယ်သုံးပါး မရွေးထိုးကြပါ။

Mask တပ်။လက်ဆေး။လူစုလူဝေးရှောင်။လေဝင်လေထွက်ကောင်းအောင်နေ။မိမိကိုယ်ကို ကျန်းမာအောင် အိပ်တာ၊စားတာ ဂရုစိုက်။ ဒီမှာ တကယ်ဖြစ်လာရင် … မလွယ်ဘူးဆိုတာ လူတိုင်းသိနေကြပြီမဟုတ်လား။

Nay Win

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page