လွန်ခဲ့တဲ့ နှစ်ပေါင်း (၉၀) ကျော်က လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ကြီးလိုမျိုး ငလျင်အကြီးစား ပြန်လှုပ်နိုင်ဟုဆို

လွန်ခဲ့တဲ့ နှစ်ပေါင်း (၉၀) ကျော်က လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ကြီးလိုမျိုး ငလျင်အကြီးစား ပြန်လှုပ်နိုင်ဟုဆို

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ကြောတစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောဖြတ်သန်းရာ ပဲခူးဒေသအနီး ဝန်းကျင်တွင် ငလျင်လှုပ်ခတ်နိုင်မှုအလားအလာများလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့၏ အပိုင်းအချို့ကို ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်နှင့် ပူးပေါင်းလေ့လာခဲ့ပြီး သုတေသန တွေ့ရှိချက်အရ ပဲခူးဒေသ၌ ၁၉၃ဝ ခုနှစ်က ရစ်ချ်တာစကေး ခုနစ် ကျော်သည့် ငလျင်ကြီး နောက်ဆုံး လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ပေါင်း ၁၀ဝကျော် အတွင်း ငလျင်ပြန်လှုပ်နိုင်သည့် အလားအလာမှာ တဖြည်းဖြည်းပိုမြင့်လာကြောင်း သိရပါတယ်။

“ငလျင်ဆိုတာ ဘယ်နေ့၊ ဘယ်အချိန်မှာ အင်အားဘယ်လောက်နဲ့ဖြစ်မလဲဆိုတာ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့် အဲ့ဒီဒေသမှာ ငလျင်ကြီးလှုပ်ရန် ဖြစ်နိုင်ခြေ အလားအလာမြင့်လာတယ်ဆိုတာ သုတေသနတွေ့ရှိချက်အရ သိရတယ်။ ပဲခူးငလျင်တုန်းက ပဲခူးမြို့မှာသာမကပဲ ရန်ကုန်မှာပါ သက်ရောက်မှုရှိခဲ့လို့ ရန်ကုန်မှာလည်း သတိပြုသင့်ပါတယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။။

မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း နှစ်စဉ် ငလျင်လှုပ်ခတ် မှုများဖြစ်ပေါ်နေသည့်အတွက် သတိပြုရန်လိုအပ်ကြောင်းလည်း ဒုတိယညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းတို့၊ မြောက်ပိုင်းတို့မှာဆိုရင် ရေထုချပ်တိုးဝင်တဲ့အတွက် ဖြစ်တဲ့ ငလျင်တွေ နှစ်စဉ်နှစ်တိုင်းရှိနေတဲ့အတွက် ဒီဘက်မှာလည်း သတိပြုသင့်တယ်။ နောက် စစ်တွေမြို့အနီးမှာဆိုရင် အင်အားပြင်းပြီး ရှစ် ကျော်တဲ့ ငလျင်ကြီးတစ်ခုလှုပ်ရှားခဲ့ပြီး အဲ့ဒီငလျင်ကြီးရဲ့ အရှိန်က ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ဖူးတဲ့အတွက် အဲ့ဒီဘက်အပိုင်းမှာတော့ မြေငလျင်သာမကဘဲ ဆူနာမီလည်း သတိပြုသင့်ပါတယ်” ဟု ပြောပါတယ်။

မြန်မာနိုင်ငံတွင် ၂ဝ၂ဝ တစ်နှစ်တာအတွင်း ငလျင် ၂၁၈ ကြိမ်လှုပ်ခတ်ခဲ့ပြီး အင်အားအသင့်အတင့်နှင့် အင်အားနည်း ငလျင် ၂၁၇ ကြိမ်နှင့် အင်အားပြင်းထန်သည့် ငလျင် တစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ငလျင်ဌာနခွဲမှ သိရပါတယ်။

“အပေါ်အောက်ရွေ့တာရှိသလို ပွတ်ဆွဲနေတာမျိုးလည်းရှိတယ်။ ငလျင်အသေးတွေ ခဏခဏလှုပ်နေရင် တစ်ခါတစ်လေကျတော့လည်း ကောင်းတတ်တယ်။ အင်အားက လျော့သွားတဲ့အတွက် ငလျင်အကြီးကြီးလှုပ်ဖို့ အခွင့်အရေးနည်းသွားတာပေါ့။ တင်းခံနေရင်တော့ အခွင့်အရေးများတာပေါ့။ ဒါက တစ်မျိုး။ နောက်တစ်ခုကတော့ အကြီးကြီးတွေ လှုပ်ဖို့ အသေးလေးတွေ ပထမလှုပ်ပြီးတော့မှ အကြီးကြီးတွေ လာတာမျိုးလည်း ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ တထစ်ချပြောလို့တော့ မရပါဘူး ငလျင်က” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်စန်းက ပြောပါတယ်။

ငလျင်လှုပ်ခတ်သည့် အကြိမ်အရေအတွက်မှာ တစ်နှစ်ထက် တစ်နှစ်ပိုများလာနေကြောင်း ငလျင်ဌာနခွဲ၏ မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page