နေ့တိုင်း စိတ်ကြိုက်စား နေပေမယ့် ရွှေမြန်မာတွေ လုံးဝ မသိသေးတဲ့ ထမင်းကြော် အန္တရာယ်

ဝမ်းလျှောတာ နှစ်ရက်ရှိပြီဆရာ။ တပြွတ်ပြွတ်သွားနေတော့တာ ညလည်း မအိပ်ရဘူး ဆရာ တဲ့ အမျိုးသားလူနာကတဦး ကုတင်ပေါ်လှဲရင်း ပြောလိုက်တာဖြစ်ပါတယ်။

ထမင်းကြော်နဲ့ မတည့်လို့လား မသိဘူး ထမင်းကြော် စားပြီးနောက် ဝမ်းလျှောတော့တာပဲ ဆရာ တဲ့ ဒီလူနာက ထူးခြားတဲ့လူနာဖြစ်ပါတယ် လူနာအများစုက ဘာဖြစ်လာတယ်လို့ ထုတ်ပြောလေ့ မရှိကြပါဘူး ဆရာဝန်ကို ပဟေဠိဖွက်တတ်ကြပါတယ် ဘာဖြစ်လာတယ်လို့ ပြောလေ့မရှိကြတော့ ဘာကြောင့်ဖြစ်လာတာလဲ ဆိုတာ ဘယ်တော့မှ မေးမရတဲ့ ပုစ္ဆာဖြစ်နေတာပါ။

ခု သူကတော့ ဘာဖြစ်တယ်ဆိုတာပြောတယ် ဘယ်လိုဖြစ်တယ်ဆိုတာပါ ပြောတယ် Information မှန်မှန်ကန်ကန် ရတယ်ပေါ့ သူထင်တာ မှန်ပါတယ် ထမင်းကြော်က တခါတခါ ဒုက္ခပေးတတ်ပါတယ် Fried Rice Syndrome (FRS) လို့ ခေါ်ပါတယ် လွယ်လွယ်ပြောရရင် ထမင်းကြော်ရောဂါပေါ့။

ကျနော်တို့တတွေက စားမကုန်တဲ့ထမင်းကို တရိုတသေ သိမ်းလေ့မရှိပါဘူး ထမင်းအိုးကို ဒီအတိုင်း အခန်းအပူချိန်မှာ ထားလိုက်တာပါပဲ နောက်တနေ့ ကျ စမ်းကြည့်ပြီး မသိုးရင် စားကြတာပါပဲ ဒီလိုထားပြီးစားလည်း အများအားဖြင့်တော့ ဘာမှမဖြစ်ကြပါဘူး မိမိတို့အလေ့အထနဲ့ အသားကျ ပြီး immune ဖြစ်နေကြတာပါပဲ။

ဘာမှထူးထူးခြားခြားမဖြစ်တော့လည်း အထူးတလည် သိမ်းဆည်းရကောင်းမှန်း မသိကြတော့ပါဘူး ဆန်မှာ spores of Bacillus cereus ခေါ်တဲ့ ဗက်တီးရီးယားမျိုးမှုန်တွေ ကပ်တွယ်နေတတ်ကြပါတယ်။

ထမင်းချက်လိုက်ပေမယ့် ဗက်တီးရီးမျိုးမှုန်တွေက အပူဒဏ်ခံနိုင်လို့ ပျက်စီးမသွားဘဲ ကျန်နေနိုင်ပါတယ် ထမင်းကို အခန်းအပူချိန်မှာ ၂ နာရီထက်ပိုအောင်ထားလိုက်တဲ့အခါ မျိုးမှုန်တွေကနေ Bacillus cereus တွေ ပေါက်ပွါးလာပါတယ် ဗက်တီးရီးယားအရေအတွက် အလွန်များပြားလာတဲ့အခါ အစာအဆိပ်သင့်စေနိုင်ပါတယ်။

အပူခံနိုင်ရည်ရှိတဲ့ Bacillus cereus ပါတဲ့ထမင်းကို ကြော်ပေမယ့် ဗက်တီးရီးယားက ရှင်သန်နေပါတယ် ဘက်တီးရီးယားများက အဆိပ်နှစ်မျိုး ထုတ်လွှတ်ပါတယ် တမျိုးက ဝမ်းလျှော (diarrhea ), ဗိုက်နာ (cramp )စေပါတယ် တခြားတမျိုးက အန် (vomiting ) စေပါတယ်။

ပထမအဆိပ်ကို ဘက်တီးရီးယားများပါတဲ့ ထမင်းကိုစားသုံးပြီးနောက် အူသိမ်အတွင်း ရောက်တဲ့အခါ စွန့်ထုတ်ပါတယ် ဒီအဆိပ်က ဝမ်းလျှောခြင်း , ဗိုက်ရစ်နာခြင်းဖြစ်စေပါတယ် ရံဖန်ရံခါ ပျို့ချင်သော်လည်း အန်ခဲပါတယ်။

ဗက်တီးရီးယားပါနေတာကို contaminated food မသန့်ရှင်းတဲ့ အစားအစာ လို့ ခေါ်ဝေါ်သုံးစွဲပါတယ် ဒီ မသန့်ရှင်းတဲ့ ထမင်းကို စားပြီးနောက် ၆ နာရီမှ ၁၅ နာရီအတွင်း ရောဂါလက္ခဏာများ စတင်ပါတယ် လက္ခဏာများဟာ ပုံမှန်အားဖြင့် တစ်ရက်ခန့်အကြာတွင် သက်သာသွားတတ်ပါတယ်။

ဒုတိယအဆိပ်ကို မစားသုံးမီကတည်းက ထမင်းထဲမှာ ထုတ်လွှတ်ထားပါတယ် အဆိပ်အတောက်ပါတဲ့ မသန့်တဲ့ ထမင်းကိုစားပြီး မိနစ် ၃၀ မှ ၆ နာရီအတွင်း အန်ခြင်း , ပျို့ခြင်းတို့ဖြစ်စေပါတယ် ၂၄ နာရီကြာပြီးနောက် လက္ခဏာများ သက်သာသွားတတ်ပါတယ်။

ဒါကြောင့် ထမင်းကျန်တဲ့အခါ ထမင်းကို အပူချိန် 4°C နှင့် အောက် အအေးခန်း ထဲမှာ ထားရင်ထား သို့မဟုတ် 60°C အထက် အပူပေးပြီး နွေးထွေးစွာ ထားရင်ထား ဒီလိုထားတဲ့ ထမင်းကို ကြော်မှသာ စိတ်ချလက်ချ စားနိုင်ပါလိမ့်မယ်။

ကျန်းမာချမ်းသာကြပါစေ
Dr. Myint Thein
8 May 2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page