ဈေးကွက်ထဲမှာ စပါးလက်ကျန် လျော့နည်းလာပြီ (ဆန်တပြည် ငါးထောင်ကျော်တော့မှာလား)

ရွှေဘိုပေါ်ဆန်း စပါးစျေးနှုန်းအနေနဲ့ တစ်လအတွင်းကျပ်ငါးသောင်းခန့် မြင့်တက်လာခဲ့ပြီး ဇွန်လဒုတိယပတ်အတွင်း စပါးတင်းတစ်ရာကို ကျပ် ၁၅ သိန်း ၅ သောင်း ပေါက်ဈေးရှိနေကြောင်း စကစ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ယင်းစျေးနှုန်းမှာ တစ်လအတွင်း ကျပ် ငါးသောင်းကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်းဆန်မှာလည်း ကျပ် ၂၀၀၀ ကျော်စျေးတက်ခဲ့ကာ ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်းက ရွှေဘိုပေါ်ဆန်း စပါးတင်းတစ်ရာကို ကျပ် ၁၅ သိန်းသာ ပေါက်စျေးရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ရန်ကုန်အပါအဝင် နယ်ဒေသများတွင် တောင်သူလက်ထဲ စပါးလက်ကျန်လျော့နည်းလာချိန် စျေးကွက်ဝယ်လိုအားမြင့်တက်လာသည့်အတွက် ဆန်နှင့်စပါးစျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာဝယ်လိုအားနှင့် ပြည်တွင်းစပါးအထွက်နှုန်းလျော့ကျသည့်အခြေအနေများကြောင့် စပါးစျေးများတက်လာသော်လည်း စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ အဆမတန်မြင့်တက်လာခြင်းကြောင့် အကျိုးအမြတ်မရဖြစ်နေကြောင်း တောင်သူများက ပြောပါတယ်။

လက်ရှိ ဇွန်လတတိယပတ်အတွင်း ရွှေဘိုခရိုင်မှ အခြားတိုင်းနှင့်ပြည်နယ်များသို့ ဆန်အိတ်ရေ ၉၃၀၀၀ တန်ချိန်အားဖြင့် ၄၆၅၀ တန် ထွက်ခဲ့ပြီး မန္တလေးသို့ အိတ်ရေ ၃၉၀၀၀ နှင့် ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀ ဖြင့်အများဆုံးတင်ပို့ခဲ့ကြောင်း သိရပါတယ်။

ရွှေဘိုမြို့တွင် ဇွန်လတတိယပတ်ကာလအတွင်း ဖြစ်ပေါ်နေသော စပါးနှင့်ဆန်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၅ သိန်း ၅ သောင်း၊ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်း ၅သောင်း၊ ဧရာမင်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၄၄၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။

ရန်ကုန်ဆန်စျေးကွက်တွင်လည်း တစ်ပတ်အတွင်း ဆန်တစ်အိတ်ကို ကျပ် ၅၀၀ မှ ကျပ် ၃၅၀၀ ကြားအထိ စျေးထပ်မံမြင့်တက်လာခဲ့ကာ နိုင်ငံတကာဆန်ဝယ်လိုအားနှင့် ပြည်တွင်းဆန်စပါးအထွက်နှုန်းကျဆင်းမှုများကြောင့် အတက်ဘက်သို့သာ ဦးတည်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စက်သုံးဆီနဲ့ ဓာတ်မြေဩဇာများ ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကြောင့် မြန်မာပြည် ကုန်ဈေးနှုန်းများ ထိန်းမရအောင် တက်လျက် ရှိပါတယ်။

အလုပ်အကိုင် ရှားပါးခြင်းနဲ့ ဝင်ငွေလျော့နည်းလာခြင်းတို့ကြောင့် ပြည်သူတွေ ခက်ခဲ ကျပ်တည်းနေချိန်မှာ မြန်မာပြည်ကနေ အထွက်ဆုံး ထုတ်ကုန်တခုဖြစ်တဲ့ ဆန်ဈေးပါ တက်လာရင်တော့ ပြည်သူတွေ အနေနဲ့ လိပ်ကို ပက်လန်လှန်ထားသလို ယက်ကန် ယက်ကန် ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အဓိက အားထားတဲ့ ဆန်ဈေးပါ တက်ပြီဆိုတော့ ရှေ့အခြေအနေတွေမှာ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page