တရက်ထဲ လူတသိန်းခွဲ ကူးစက်ပြီး အိန္ဒိယမှာ ကိုဗစ်တတိယလှိုင်း စပါပြီ (ကမ္ဘာတဝှမ်း ကူးစက်နှုန်း မြင့်နေ)

ကမ္ဘာတစ်ဝန်း ကိုဗစ် ကူးစက်သူဦးရေဟာ သောကြာနေ့(ဇန်နဝါရီ ၇) အရောက်မှာ သန်း ၃၀၀ ကျော်သွားခဲ့ပြီး အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံ ဒါဇင်ချီမှာ ပိုးတွေ့လူနာသစ် စံချိန်တင်မှုတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၇ ရက်အတွင်း နိုင်ငံပေါင်း ၃၄ နိုင်ငံလောက်မှာ ကပ်ရောဂါစဖြစ်ကတည်းက ၎င်းတို့နိုင်ငံတွေရဲ့ အပတ်စဉ် ပိုးတွေ့လူနာ အရေအတွက် အမြင့်ဆုံးတွေဖြစ်ခဲ့ပြီး ယင်းနိုင်ငံတွေထဲမှာ ဥရောပမှ ၁၈ နိုင်ငံနဲ့ အာဖရိကမှ ၇ နိုင်ငံဖြင့် အများဆုံးပါဝင်ခဲ့တယ်လို့ တရားဝင် စာရင်းဇယားများကို အခြေခံပြီး အေဖက်ပီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းတစ်ပတ်တည်းမှာပဲ ပိုးကူးစက်ဦးရေ ၁၃.၅ သန်းရှိခဲ့ကာ ယခင် ရက်သတ္တပတ်တွေကထက် ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကမ္ဘာကို တပ်လှန့်မှုဖြစ်စေခဲ့ပါတယ်။ တဖန် ကမ္ဘာလုံးဆိုင်ရာ ပျှမ်းမျှ သေဆုံးမှုနှုန်းမှာတော့ ၃ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝန်း နေ့အလိုက် ပိုးတွေ့လူနာသစ် ပျှမ်းမျှ ၂ သန်းလောက်ရှိနေမှုနဲ့အတူ ပိုးတွေ့အရေအတွက်တွေအရ ကျန်းမာရေးစနစ်တွေကို လွှမ်းမိုးသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ပါတယ်။

ထိုသို့ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်မှု မြင့်တက်လျက် ရှိပြီး မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံ တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ တရက်တည်း ကိုဗစ် ရောဂါ ကူးစက်ခံရသူအရေအတွက် ၁၅၉,၆၃၂ ဦးအထိ စံချိန်တင်မြင့်တက်လာကြောင်း ဇန်နဝါရီ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၃၂၇ ဦးထပ်မံရှိသဖြင့် အိန္ဒိယတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူဦးရေမှာ စုစုပေါင်း ၄,၈၃,၇၉၀ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတွင်း ဇန်နဝါရီ ၉ ရက်အထိ ကိုဗစ်ကူးစက်ခံရသူ ၃၅သန်း အထိရှိကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကိုဗစ် ကူးစက်မှု ပြန်လည် များပြားလာခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် အစည်းအဝေး ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page