ဂြိုဟ်ကြီး (၅) လုံး တန်းမယ့်အချိန်နဲ့ ကြယ်နီကြီးနဲ့အတူ ယှဉ်တွဲနေမယ့် ထူးခြားတဲ့ လပြည့်နေ့

၂၀၂၂ ဇွန်လအတွက် အာကာသဖြစ်စဉ်များ၊ အာကာသထဲမှာ သာမန်မျက်စိဖြင့် မြင်ရတဲ့ ဂြိုဟ် (၅)လုံး ရှိပါတယ်။ ၂၀၂၂ ဇွန်လဆန်းရဲ့ နံနက်ခင်းများမှာ​တော့ အဆိုပါဂြိုဟ်များကို အ​ရှေ့အရပ် ​နေမထွက်မီ အတန်းလိုက် မြင်​တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါဂြိုဟ်များက​တော့ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ် (သောကြာဂြိုဟ်)၊ မားစ် (အင်္ဂါဂြိုဟ်)၊ ဂျူပီတာ (ကြာသပ​​တေးဂြိုဟ်) နဲ့ ​စေတန် (စ​နေဂြိုဟ်) တို့ ဖြစ်ကြပါတယ်။

အဆိုပါ မျက်စိဖြင့်မြင်ရပြီး ​ရွေ့လျားသွားလာတတ်တဲ့ ဂြိုဟ် ၅ လုံးကို ​နေ (တနင်္ဂ​နွေ) နဲ့ လ (တနင်္လာ) တို့ကို ထည့်​ပေါင်းပြီး ရှေး နက္ခတ္တ​ဗေဒ ပညာရှင်များက ​နေ့ (၇) ​နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အခုလို ဂြိုဟ်​တွေ တတန်းတည်း ကျ​ရောက်​နေခြင်းဟာလည်း ထူးခြားတဲ့ ဖြစ်စဉ် (တနည်း) ကြုံခဲလှတဲ့ အာကာသဖြစ်စဉ်တစ်ခုပါ။

ဇွန်လ ၂၁ ရက်​နေ့ ည​နေ ၃ နာရီ နဲ့ ၃၈ မိနစ်မှာ ​နေဟာ ​မြောက်ယဉ်စွန်းတန်း​ပေါ်သို့ တိုက်ရိုက် တည့်မတ်စွာ ကျ​ရောက်ပြီး ဥတ္တရ (​မြောက်) ယဉ်စွန်းခြင်း ဖြစ်ပါမယ်။ မြန်မာနိုင်ငံအပါအဝင် ​အီ​ကွေတာ​မြောက်ဘက်ရှိ နိုင်ငံအားလုံးမှာ ​နေ​ရောင်ခြည် ပိုမိုရရှိ​နေတာ​ကြောင့် ​နေအချိန်ဟာ ည အချိန်ထက် ပိုမိုကြာမြင့်​နေမှာဖြစ်ပြီး ​မြောက်ဝင်ရိုးစွန်းနဲ့ နီးတဲ့ ​ဒေသ​တွေမှာ​တော့ ၂၄ နာရီပတ်လုံး ​နေမဝင်ပဲ ဖြစ်​နေမှာပါ။

စိတ်ဝင်စားစရာ​ကောင်းတာက​တော့ ဇွန်လ ၁၃ ရက်မှာ ဖြစ်​ပေါ်မည့် နယုန်လပြည့်ခြင်းဖြစ်ပါတယ်။ ​လပြည့်ခြင်းဆိုတာ လ ဟာ ​နေရဲ့ ဆန့်ကျင်ဘက် အရပ်တည့်တည့်မှာ ​ရောက်ရှိခြင်း​ကြောင့် ​နေရဲ့ အလင်း​ရောင် တိုက်ရိုက်ကျပြီး လကို အပြည့်အဝမြင်ရခြင်းဖြစ်ပါတယ်။ ယခု ဥတ္တရယဉ်စွန်းချိန်နဲ့ နီးတဲ့အချိန်မှာ ပြည့်မည့် လပြည့်ဟာ ဒက္ခိဏ ယဉ်စွန်းချိန်မှာ ဖြစ်​ပေါ်တဲ့ ​နေသွားလမ်း​ကြောင်းနဲ့ သွားတူ​နေမှာဖြစ်ပါတယ်။

အဲ့ဒါ​ကြောင့် ဒီလပြည့်ကို ​မြောက်ဝင်ရိုးစွန်း​ဒေသမှ လူ​တွေ မြင်​တွေ့ရမှာ မဟုတ်ပါ။ လပြည့်ရက်မှာ ​တောင်ဝင်ရိုးစွန်း​ဒေသမှာ လမဝင်ပဲ တညလုံး ထွန်းလင်း​နေမှာပါ။ ​နောက်ပြီး လပြည့်လရဲ့ အနီးမှာ Antares လို့ ​ခေါ်တဲ့ အနီ​ရောင်ကြယ်ကြီးတစ်လုံးကိုလည်း မြင်​တွေ့ရနိုင်ပါတယ်။ မြန်မာ့နက္ခတ်မှာ​တော့ ​ဇေဌ ကြယ်​ပြောင်နီ (​ဇေဌ နက္ခတ်) လို့ ​ခေါ်ဆိုကြပါတယ်။ နယုန်လရဲ့ စန်းယှဉ် (လနှင့်ယှဉ်​သော) နက္ခတ်တစ်ခုပဲ ဖြစ်ပါ​တော့တယ်။ အနာဂတ်ပညာ​ရေးအတွက်.. သန့်ဦး (အာကာသနှင့်စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page