လွယ်ဂျယ်ဂိတ်ကို တရုတ်ပြန်ဖွင့်ပေးပြီ (တစ်ရှူးငှက်ပျောကားများကြောင့် ဖွင့်ပေးခြင်းဟုဆို)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်တယ်လို့ အဆိုပါ ကုန်သွယ်ရေးစခန်းက သိရပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လလယ်လောက်မှ စတင်ပြီး ကိုဗစ် ရောဂါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုကို တရုတ်နိုင်ငံဘက်မှ (၆)လခန့် ရပ်နားခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီ ၄၅မိနစ်မှာ ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

ယခုလို နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းတွေကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံနဲ့ တာဝန်ရှိသူများက တရုတ်နိုင်ငံဘက်ရှိ တာဝန်ရှိသူများနဲ့ ၃ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။

ကုန်သွယ်မှုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဘက်မှ ကြံနဲ့တစ်ရှူးငှက်ပျောတို့ကို စမ်းသပ်ကာလမှာ တင်ပို့ဆောင်ရွက်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဂိတ်ပိတ်စဉ်က နှစ်နိုင်ငံအတွင်း ပိတ်မိနေတဲ့ ကားများကို အရေအတွက် တူညီစွာ ဦးစားပေး ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဘက်မှ ဓာတ်မြေသြဇာ၊ အထည်လိပ်နဲ့ အိမ်သုံးပစ္စည်း မျိုးမျိုးတို့ကို တင်သွင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကုန်စည်းစီးဆင်းရာမှာ နှစ်နိုင်ငံသဘောတူညီချက်အရ ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်များ ကုန်တင်ကုန်ချ အလုပ်သမားများကို ကိုဗစ် ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကိုသာ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိကဆက်သွယ်သည့် ဝင်ပေါက်မှာ ကန်ပိုင်တည် ဝင်ပေါက်နှင့် လွယ်ဂျယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ဖြစ်ပြီး လိုင်ဇာ၊ မန်ဝိန်းကြီးဝင်ပေါက်များကိုလည်း အသုံးပြုနေကြောင်း သိရပါတယ်။

ထိုသို့ ဖွင့်လှစ်လိုက်သဖြင့် တန်းစီစောင့်ဆိုင်းနေသော တစ်ရှူးငှက်ပျောကုန်တင်ကားများ တရုတ်နိုင်ငံထဲသို့ ဝင်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page