ရွှေနဲ့ ဒေါ်လာဈေး အတက်အကျ မြန်ဆန်လွန်း၍ ရောင်းဝယ်မှုမရှိတော့ (ဈေးကွက်တွေ ပျက်သွားပါပြီ)

ပြင်ပငွေကြေးဈေးကွက်မှာ ဒီနေ့နံနက် ၁၁ နာရီခွဲအချိန် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဝန်းကျင်ပြန်ရောက်လာတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်က ပြင်ပဒေါ်လာ အနိမ့်ဆုံးဈေး ကျပ်၂၅၅၀ ကျပ်ဝန်းကျင်အထိ ကျခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးမှာတော့ တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ ဒေါ်လာဈေးအတက်အကျမြန်ဆန်စွာဖြစ်ပေါ်နေလို့ ဈေးနှုန်းမခန့်မှန်းနိုင်တော့တဲ့အတွက် ဒေါ်လာဝယ်ရောင်း ရပ်နားထားတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

ဒီနေ့ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန်မှာတော့ တစ်ဒေါ်လာကို ၂၈၈၀ မှ ၂၉၃၀ ကျပ်ကြား အရောင်းအဝယ်လုပ်ကြပြီး ဈေးတည်ငြိမ်မှုမရှိဘူးလို့ သိရပါတယ်။ ပြင်ပဒေါ်လာလဲလှယ်နှုန်းပြန်တက်လာတဲ့အတွက် ဒေါ်လာနဲ့ချိတ်ဆက်မှုရှိတဲ့ ပြည်တွင်းရွှေဈေးကလည်း ကျပ် ၂၅ သိန်းအထက်ကို ပြန်ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စံချိန်တင်အမြင့်ဆုံးဈေးနှုန်း တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင်ပြင်ပငွေကြေးဈေးကွက်မှာဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ ကျပ် ၃၅၀၀ ဝန်းကျင်ကနေ တရိပ်ရိပ်ပြန်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ အစမှာတော့ အနိမ့်ဆုံးဒေါ်လာဈေး ၂၅၀၀ ကျပ်ဝန်းကျင်ထိဖြစ်ပေါ်ခဲ့ပေမယ့် ဈေးကွက်မတည်ငြိမ်တာကြောင့် အောက်တိုဘာ ၃ရက်မှာတော့ ကျပ် ၂၉၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

ရွှေပိဿနဲ့ချီပြီး စစ်ကောင်စီက လေလံတင်ရောင်းချနေတာတွေရှိနေပေမယ့် ဒီနေ့မှာပဲ ရွှေဈေးပြန်တက်လာတာတွေ့ရပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၁ ကျပ်သားကို ကျပ် ၂၃ သိန်းဝန်းကျင်ထိ ကျသွားခဲ့ပေမယ့် ဒီနေ့ မွန်းလွဲပိုင်းမှာ ကျပ် ၂၅ သိန်း ၈ သောင်း ဖြစ်သွားပါတယ်။

ဈေးကွက်ထဲမှာ ရောင်းဈေးနဲ့ ဝယ်ဈေးကြား ကျပ် ၂ သောင်းကွာဟ တယ်လို့လည်းသိရပါတယ်။ ယနေ့မှာတော့ ရွှေဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်း အတက်အကျ မြန်ဆန်လွန်းသဖြင့် နာမည်ကြီး ရွှေဆိုင်အများအပြား ရွှေဈေး မဖော်ပြတော့တာကို တွေ့ရပါတယ်။ ဒေါ်လာဈေးလည်း အတက်အကျ များပြားမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် မရှိတော့ဘဲ ဈေးကွက်ပျက်သလို ဖြစ်နေတယ်လို့ နီးစပ်သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page